စာအုပ်စင်
စာအုပ်စင်

စာအုပ်စင်

@bookcafe

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu

အပိုင်း - ၆ (ဇာတ်သိမ်းပိုင်း)

သမီးလေး တာရာ၏ ခိုးခိုးခစ်ခစ် ရယ်မောနေသော အသံစာစာကို ကြားလိုက်ရသည်။ သည်သမီးလေးသည် ကျွန်မနှင့် မည်သို့မျှ သွေးသားမတော်စပ်ပါ။ သို့သော်လည်း သည်မိတဆိုး ကလေးငယ်ကို တွယ်တာရစ်နှောင်မိသော ကျွန်မ၏သံယောဇဉ်သည် လွယ်လွယ်ဖြတ်၍ ပြတ်နိုင်ပါမည်လား။ သမီးကို တွယ်တာလျှင် သမီးနှင့် ဆက်စပ်သော သူ့အဖေနှင့်လည်း ဆက်သွယ်ခြင်း ကင်းနိုင်ပါမည်လား။

တဖျပ်ဖျပ် ခြေသံနှင့်အတူ သမီးလေး တာရာ အိမ်ပေါ် တက်လာသည်။ ကျွန်မရှိရာသို့ တန်းတန်းမတ်မတ် ပြေးလာပြီးမှ အစ်ကို့ကို မြင်လိုက်သောအခါ ခြေလှမ်း တန့်သွားသည်။ ကျွန်မက လှမ်း၍ လက်ကမ်းလိုက်သည်။

“လာလေ သမီး၊ သမီးရဲ့ ဘဘကို နှုတ်ဆက်လိုက်ပါဦး”

သမီးက အစ်ကို့ကို မရဲတရဲ လှမ်းကြည့်ရင်း ကျွန်မဆီ လျှောက်လာပါသည်။ ကျွန်မက လှမ်းယူ ပွေ့ချီလိုက်ကာ …

“ခေါ်လိုက်ပါဦး သမီး၊ ဘဘကို ခေါ်ပါဦး”

သည်လောက်တော့ သမီး ခေါ်တတ်နေပါပြီ။ သို့ပေမင့် သမီးက မခေါ်ဘဲ မျက်လုံးဝိုင်းကြီးများနှင့်သာ ကြည့်နေ၏။ လိုက်လျော ပြုံးရယ်ခြင်း မရှိသော သူ့ဘကြီးအရင်းကိုပင် သမီးခမျာ ကြောက်နေရှာသည်။ စိန်းစိန်းကြီး စိုက်ကြည့်နေသော အစ်ကို့မျက်လုံးများကြောင့် ကျွန်မရင်ထဲမှာ ဆို့နင့်သွားရသည်။

“တကယ်တော့ ဒီသမီးလေးနဲ့ ပတ်သက်ပြီး ယုနဲ့ ဒီလူနဲ့ ဆက်ဆံနေရတာပါ အစ်ကို၊ သမီးလေးနဲ့ ဆက်စပ်မနေရင် ကိုအောင်ဆွေနဲ့လည်း ယု ဆက်ဆံစရာ မရှိပါဘူး၊ ယုနဲ့က ဒီကလေး သွေးသားမတော်စပ်လို့ ပြတ်နိုင်တယ်ပဲ ထားပါ၊ သူကလေးဟာ အစ်ကို့တူမ အရင်းခေါက်ခေါက်ပါ”

“ဒါနဲ့ ဘာဆိုင်လဲ”

“ဪ … ဒီကလေးဟာ အစ်ကို့တူမလေး အနေနဲ့လည်း ယုက ဆက်ဆံစရာ အကြောင်းမရှိဘဲ နေမလား၊ အစ်ကိုတို့က ဒီကလေးကို လုံးဝပဲ ပစ်ပယ်ထားကြတော့မှာလား”

“ကိုယ် ပြောနေတာ ကလေးကိစ္စ မဟုတ်ဘူး ယု”

“ဟုတ်ပါတယ် အစ်ကို၊ ဒီကလေးကို အကြောင်းပြုပြီး ဒီပြဿနာ ဖြစ်လာတာမို့ သူကလေးကို ထည့်ပြောနေရတာပါ၊ ဒီကလေးကို ပစ်ပစ်ခါခါ လုပ်လိုက်ရင် ယုတို့ပြဿနာဟာ ရှင်းသွားနိုင်ပါတယ်၊ ယုအနေနဲ့က ဒီကလေးကို ယု သိပ်ချစ်တဲ့သူငယ်ချင်းရဲ့ ရင်သွေးအနေနဲ့ သံယောဇဉ်ကြီးနေမိတာပါ အစ်ကို၊ ခိုင်ဟာ သူ့ရင်သွေးကို မမြင်ရခင်ကတည်းက ဘယ်လောက် မျှော်လင့်ချက်တွေ ထားခဲ့တယ် ဆိုတာ ယုကိုယ်တိုင် သိနားလည်ခဲ့ရပါတယ်၊ ဒါကြောင့်လည်း ဒီကလေးဟာ ခိုင် မရှိတော့လို့ ကစဉ့်ကရဲ မဖြစ်စေချင်ပါဘူး၊ တကယ်လို့ ယု အိမ်ထောင်ပြုရင်တောင်မှ ယုရဲ့ အိမ်ထောင်ဖက်ဟာ သူ့ဘကြီးဖြစ်မှာမို့ မျက်ခြည်မပြတ် စောင့်ရှောက်နိုင်မယ်လို့ ဒီအထိတောင် ယု မျှော်လင့်ခဲ့မိပါတယ်”

“ဒီလောက်တောင် ဒီကလေးအပေါ်မှာ သံယောဇဉ်ကြီးနေတယ် ဆိုရင် လွယ်ပါတယ်၊ သူ့အဖေနဲ့ပဲ ယူလိုက်တော့ပေါ့”

“အို”

လွန်လွန်ကျူးကျူး ပြောလိုက်သော အစ်ကို့စကားကြောင့် ယောင်ယမ်း၍ပင် အော်လိုက်မိပါသည်။

အစ်ကိုက ဆတ်ခနဲ ထရပ်လိုက်သည်။ ကျွန်မလက်ထဲတွင် ပွေ့ချီထားသော ကလေးကို စိန်းစိန်းကြည့်ရာမှ မျက်နှာလွှဲလိုက်၏။ အစ်ကို့မျက်နှာမှာ ခက်ထန်နေသည်။ တင်းမာနေသော အစ်ကို့စိတ်များ ပျော့ပျောင်းလာအောင် ကျွန်မ ဘယ်ပုံ လျှောက်လဲချက် ပေးရမည် မသိတော့ပါ။

ကျွန်မသည် လှိုက်လှဲဝမ်းနည်းလာကာ မျက်ရည်တွေတွေ ကျလာပါသည်။ ကျွန်မ ရင်ခွင်ထဲမှ သမီးလေး တာရာက ကျွန်မမျက်နှာကို မော်ကြည့်ကာ “တီးယု … ငို … ငို … ” ဟု ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာပါသည်။

“ယုတို့ပဲ ဒီကလေးကို ချစ်ကြပေတော့၊ ကိုယ်တို့က ဒီကလေးကို ချစ်ခွင့်လည်း မရဘူး၊ ချစ်လည်း မချစ်ဘူး၊ သူ့အဖေဟာ ကိုယ်တို့မိသားစုကို ဒုက္ခပေးခဲ့တယ်၊ အခုလည်း ဒုက္ခပေးပြန်ဦးမယ်၊ ဒီလူနဲ့ အဆက်အသွယ် မပြတ်သရွေ့ ယုနဲ့ ကိုယ်နဲ့ လက်ထပ်ရေးဟာ ဖြစ်မှာမဟုတ်ဘူး၊ ဒါပဲ”

ပြတ်သားတင်းမာသော အစ်ကို့စကားများက ကျွန်မနှလုံးသားကို ဆုပ်ကိုင်ခြေမွလိုက်ပါသည်။ ကျွန်မရင်မှာ နာကျင်လာသည်။ စကားဆုံးသည်နှင့် ထွက်ခွာသွားသော အစ်ကို့ကို မျက်ရည်များကြားမှ မှုန်ဝါးဝါး မြင်လိုက်ရသည်။

သမီးလေး တာရာက ကျွန်မပါးပြင်မှ မျက်ရည်စများကို လက်ညှိုးထိုးကာ သူ နားလည်သော စကားနှင့် မေးလိုက်သည်။

“တီးယု … ငို … ငို … ဘာလဲ”

“သမီးရယ် … ”

ကျွန်မသည် ကလေးငယ်၏မျက်နှာတွင် ပါးချင်းအပ်ကာ ရှိုက်ကြီးတငင် ငိုချလိုက်မိပါသည်။

* * *

“သမီး”

မည်မျှအချိန်ကြာသွားသည် မသိ၊ အမေ့အသံကြောင့် ကျွန်မခေါင်းကို မော့လိုက်သည်။ မျက်ရည်များ ဖုံးနေသော မျက်လုံးကြားတွင် စိုးရိမ်ကြီးစွာ ကြည့်နေသော အမေနှင့် အံ့သြနေသော ကိုအောင်ဆွေ။

“ဘယ်လိုဖြစ်တာလဲ ယု၊ ကျွန်တော် ဘာလုပ်ပေးရမလဲ”

ကျွန်မ ဘယ်လို ဖြေရပါမည်နည်း။ အစ်ကို့သဘောထားကို ဘယ်လိုလုပ် ထုတ်ပြောရပါမည်နည်း။ အစ်ကို့နှုတ်က ရက်ရက်စက်စက် ထွက်သောစကားကို ကြားမှတစ်ဆင့်ပင် ကျွန်မ ပြောမထွက်ပါ။ ထုတ်မပြောဘဲ နေလျှင်လည်း ပြဿနာက ရှင်းပါ့မလား။ အမေက ချက်ချင်းပင် နားလည်သွားသည်။ ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။

“တစ်နေ့နေ့မှာ ဒီလို ဖြစ်လာလိမ့်မယ်လို့ အမေ ထင်သားပဲ၊ ဒါ ဘယ်သူ့လက်ချက် ဆိုတာလည်း အမေ သိပါတယ်၊ ကိုယ့်ဘက်က အနေမှန်ပါလျက်နဲ့ မတရား ပြောချင် ဆိုချင်တာအတွက် ဘာတုန်လှုပ်စရာရှိသလဲ သမီး၊ ပတ်ဝန်းကျင် ဆိုတာကတော့ အမြဲ ဂယက်ထတတ်တာပဲ”

“ဒီဂယက်က သိပ်ပြင်းထန်လာပြီ အမေ၊ ဘယ်လို ရှင်းပြလို့မှ မရဘူး”

“ဒါတော့ သူ နားလည်ဖို့ ကောင်းတာပေါ့၊ ချင့်ချိန်စဉ်းစားဖို့ ကောင်းတာပေါ့၊ ကလေးမှ မဟုတ်ဘဲ၊ အေးလေ … ဝံပုလွေနဲ့ သိုးငယ်လို သတ်စားချင်တာနဲ့ အကြောင်းအမျိုးမျိုး ရှာနေရင်တော့ ဘယ်ပြေလည်နိုင်မလဲ”

“အမေ ဘာကို ဆိုလိုတာလဲဟင်”

“ဒါလောက် အချိန်ကြာလာပြီပဲ သမီး၊ သမီးလူကို သမီး အကဲခတ်နိုင်ဖို့ ကောင်းပါပြီ၊ သူ့သဘောထားအပြင် သူ့အသိုင်းအဝိုင်းရဲ့ သဘောထားလည်း သိနိုင်ပြီ ထင်တယ် သမီး”

အမေသည် ကျွန်မတို့၏ကိစ္စနှင့် ပတ်သက်၍ မပြောစဖူး ပြောလိုက်ပါသည်။ ရှင်းသော အမေ့စကားများအတွက် စောဒက တက်ရန် ခက်လှသည်။ ခိုင်သာရှိလျှင် သည်နေရာတွင် အမေနှင့် သဘောချင်း ညီကြလိမ့်မည် ထင်သည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ ခိုင် ပြောပြောနေသည့် ဇာတ်မျောကြီးမှာ အစ်ကို၏မပြတ်သားမှု၊ အသိုင်းအဝိုင်း၏လွှမ်းမိုးမှုတွေကြောင့်ဟု ဆိုရပါမည်။ ယခု လက်ညှိုးထိုးစရာအဖြစ် ကျွန်မအပေါ် တမင်များ အပြစ်ရှာနေရော့သလား။

“အဖြစ်ကို ကျွန်တော် နားလည်ပါပြီ ယု၊ ဒီနေ့ ဆရာ့မျက်နှာရိပ်နဲ့ ဆက်ဆံပုံကို အကဲခတ်ရတာ တစ်မျိုးပဲလို့တော့ ကျွန်တော့်စိတ်ထဲမှာ စနိုးစနောင့် ဖြစ်မိသား၊ ကျွန်တော် မသိတတ်တာကြောင့် ဒီလိုဖြစ်ရတာအတွက် စိတ်မကောင်းပါဘူး ယု၊ ကျွန်တော် ဘာလုပ်ပေးရမလဲ၊ ဆရာ့ဆီကို သွားပြီး ရှင်းပေးရမလား”

“မလိုပါဘူး ကိုအောင်ဆွေရယ်၊ သူ တစ်နေ့တော့ နားလည်လာမှာပါ”

“ကျွန်တော့် အပြစ်ပါပဲ၊ ကျွန်တော် တစ်ကိုယ်ကောင်း သိပ်ဆန်သွားတယ် ယု။ ကျွန်တော့်အတွက်နဲ့ သမီးအတွက် အဆင်ပြေတာကိုပဲ ကြည့်ပြီး ပတ်ဝန်းကျင်ရဲ့ သဘောကို သတိမထားမိဘူး။ ကျွန်တော်တို့သားအဖမှာ အားကိုးခင်တွယ်စရာ ဆိုလို့ ဆွေရယ်မျိုးရယ် မရှိတော့ ယုတို့ကိုပဲ ဆွေမျိုးလို သဘောထားခဲ့တာပါ၊ ဒါကို ပတ်ဝန်းကျင်က ခင်ရာဆွေမျိုးပဲလို့ ဘာဖြစ်လို့ မမြင်နိုင်ကြပါလိမ့်။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်နဲ့ ပတ်သက်လို့ ယုမှာ မထိခိုက်စေရပါဘူး၊ ပတ်ဝန်းကျင် အမြင်ရှင်းအောင် နေသွားရမှာပေါ့”

“သမီးဆီကို မလာတော့ဘူးလား”

“သမီး ရှိရင်တော့ သမီး ရှိတဲ့နေရာကို ကျွန်တော် လာရမှာပေါ့၊ မလာဘဲ ဘယ်နေနိုင်မလဲ၊ ဒီတော့ သမီးကို ကျွန်တော့်ဆီမှာပဲ ခေါ်ထားမှ ဖြစ်မှာပေါ့ ယု”

ကျွန်မရင်မှာ တုန်လှုပ်ချောက်ချား သွားပါသည်။ သူ့အဖေပေါင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် ထိုင်ကာ လူကြီးများ စကားပြောနေသည်ကို လိုက်ကြည့်နေသော သမီးကို လှမ်းကြည့်လိုက်မိသည်။

ရက်သားကစ၍ ကျွန်မတို့လက်ပေါ်တွင် ကြီးပြင်းခဲ့ရသော သမီး၊ ကျွန်မတို့ရင်ခွင်မှာ နေ့စဉ် ပွေ့သိပ်ခဲ့ရသော သမီး၊ သည်ကလေးကို ခေါ်သွားမည် ဆိုလျှင် ကျွန်မနှင့် အမေ့ရင်ခွင်မှာ ဟာလာဟင်းလင်းဖြစ်၍ ကျန်ခဲ့ပေလိမ့်မည်။

“ဒီပြဿနာက ဒီလို ရှင်းရုံနဲ့ ပြီးမှာ မဟုတ်ပါဘူး၊ ကလေးကို ခေါ်သွားဖို့ အမေတော့ သဘောမတူဘူး။ ကလေးက ငယ်သေးတယ်။ နေရေး၊ စားရေး ဂရုစိုက်နိုင်တဲ့သူ ရှိမှ ဖြစ်မယ်။ သမီးကလည်း ဒီကိစ္စအတွက် ဘာမှ ကြောင့်ကြမနေပါနဲ့လေ၊ မြွေမှန်ရင် ကျင်းဝင်ဖြောင့်ပါတယ်။ မသင်္ကာတဲ့သူတွေ စောင့်ကြည့်ပေါ့၊ ကိုယ့်ဘက်က အမှားမရှိဘဲနဲ့ အလျှော့ပေးလွန်းတော့လည်း သူ့အမှားဟာ ကိုယ့်အမှားဖြစ်လာနိုင်တယ် သမီး”

အမေ ဘာကို ဆိုလိုသည်ကို ကျွန်မ တွေးနေမိသည်။

အမေ့ဆုံးဖြတ်ချက်ကြောင့် ကိုအောင်ဆွေ သမီးကို မခေါ်ဘဲ ထားခဲ့သည်။ သို့သော် မကြာမီပင် သူ တပ်ပြောင်းရသည်။ ရုတ်တရက် ကောက်ကာငင်ကာ တပ်ပြောင်းရသည်ကို ကျွန်မ သံသယဝင်မိသည်။ သူ ပြောင်းရာသို့ သူ့သမီးကိုပါ တစ်ပါတည်း ခေါ်သွားမည် ဆိုသောအခါ ကျွန်မ နားလည်လိုက်ပါသည်။

‘ကမ္ဘာမီးလောင် သားကောင်ချနင်း’ ဆိုသလိုပင် ကိုယ့်ပြဿနာနှင့် ကိုယ်ဖြစ်၍ သမီးအတွက် စိတ်မကောင်းသော်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တားဆီးခြင်း မပြုမိပါချေ။

***

သူတို့ ပြောင်းသွားပြီး သုံးလလောက် အကြာတွင် ကိုအောင်ဆွေ့ဆီက စာရပါသည်။

အမေနှင့် ယု ခင်ဗျား …/

ကျွန်တော်နဲ့ သမီးလေး တာရာတို့ အောင်ပန်းကို ချောချောမောမော ရောက်ခဲ့ပါတယ်။ ရောက်စက နေရေးထိုင်ရေးနဲ့ သမီးအတွက် စီစဉ်နေရတာကြောင့် စာမရေးနိုင်ခဲ့ပါဘူး။ ပြီးတော့လည်း သမီး ဒီမှာ နေသားကျသွားမှ အမေနဲ့ ယုတို့ စိတ်အေးရအောင် စာရေးမယ်လို့လည်း စိတ်ကူးပါတယ်။ ဒီအတွင်းမှာပဲ ကျွန်တော်လည်း အလုပ်တွေ များနေတာကြောင့် အခုမှပဲ စာရေးဖြစ်တာ ခွင့်လွှတ်ပါခင်ဗျား။

ရောက်စက သမီးဟာ သူ့အန်တီယုကိုပဲ ခေါ်ခေါ်ပြီး ငိုပါတယ်။ အထူးသဖြင့် အိပ်ရာဝင်တိုင်း ငိုနေတော့တာပါပဲ။ ကျွန်တော် ဘယ်လို ချော့လို့မှ မရပါဘူး။ ငိုရလွန်းလို့ မောပြီး အိပ်ပျော်သွားတဲ့ သမီးကို ကြည့်ပြီး ရင်ထဲမှာ မချည့်လို့ ပြန်ပို့ဖို့တောင် စိတ်ကူးမိပါသေးတယ်။ တစ်ပတ်လောက်အထိ ကျွန်တော် ခွင့်ယူပြီး သမီးနဲ့အတူ နေတာတောင်မှ သမီးဟာ နေသားမကျနိုင်ပါဘူး။ စကားသာ ရှည်ရှည်ပြောတတ်ရင် သမီး ပြောပြီး ပူဆာမှာကို ကျွန်တော် နားထောင်ရဲမှာ မဟုတ်ပါဘူး။

တစ်ညတော့ သမီးကို ချော့ရင်းက အငိုမတိတ်တာနဲ့ ဘာလုပ်လိုက်မိတယ် မသိဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိတော့ သမီးဟာ အငိုတိတ်ပြီး မျက်လုံးအဝိုင်းသားနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ သမီးတင်ပါးမှာ ကျွန်တော့်လက်ဝါးရာဟာ ရဲနေတာပဲ။ ကျွန်တော် စိတ်မကောင်းလိုက်တာ။ ကရုဏာဒေါသနဲ့ ရိုက်လိုက်မိတဲ့အတွက် ကျွန်တော် ယူကျုံးမရဖြစ်လို့ မဆုံးပါဘူး။ ဒါပေမဲ့ နောက်နေ့ကစပြီး သမီးဟာ မငိုတော့ပါဘူး။ သမီးဟာ ကျွန်တော် ချီလိုက်တိုင်း ကျွန်တော့်မျက်နှာကို လှမ်းကြည့်ပြီး ငြိမ်နေတတ်ပါတယ်။ ကျွန်တော့်ကို သမီး ကြောက်သွားတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သမီး မငိုတော့ရင် ပြီးတာပါပဲ။ သူ့ အန်တီယုကို တတပြီး ငိုနေသမျှတော့ ကျွန်တော် ဘယ်လိုမှ တတ်နိုင်မှာမှ မဟုတ်ပဲ။

ကျွန်တော့်သမီးဟာ မိတဆိုး စစ်သားသမီးပဲ။ သူ့ဘဝအမှန်ကို ငယ်ငယ်ကတည်းက ရင်ဆိုင်နိုင်ရမှာပေါ့။ မကြာခင် ကျွန်တော် တိုက်ပွဲထွက်ရပါမယ်။ သမီးကို ရဲဘော်မိန်းမတွေဆီမှာ အပ်ခဲ့ပါမယ်။ ရဲဘော်တွေရဲ့ ကလေးတွေ စားသလို စား၊ နေသလို နေတတ်အောင် ပစ်ထားခဲ့ရမှာပါပဲ။

အမေနှင့် ယု ကျန်းမာပါစေ …
/အောင်ဆွေ
(အောင်ပန်း)

သူ့စာဖတ်ရင်း ကျွန်မရင်မှာ ဆို့နင့်လာပါသည်။ သာယာဖြောင့်ဖြူးနေသော ကလေးငယ်အတွက် ရုတ်တရက် ဖရိုဖရဲ ဖြစ်အောင် ဖန်တီးလာသော အခြေအနေအတွက် ကျွန်မ ယူကျုံးမရ ဖြစ်မိသည်။ သမီးလေး တာရာကို သည်အတိုင်း ပစ်စလက်ခတ်နှင့် ကြီးပြင်းမလာစေချင်ပါ။ တကယ်တော့ သမီးလေး တာရာသည် ကျွန်မတို့နှင့် သွေးသားမတော်စပ်သော်လည်း ကျွန်မတို့အသည်းနှလုံးသဖွယ် ဖြစ်ခဲ့ပါပြီ။ သမီးလေးကို ခွဲလိုက်ရသည်မှာ အသည်းနှလုံးကို ဆွဲနုတ်ယူသွားသလို ရင်မှာ နာကျင်ခဲ့ရပါသည်။

ဪ သွေးမတော် သားမစပ်ပါဘဲ ကျွန်မတို့ သံယောဇဉ်ကြီးနေသော သည်အပြစ်မဲ့သည့် ကလေးငယ်ကို သူ့သွေးသားမိသားစုက ဘာကြောင့်များ လျစ်လျူရှုရက်ကြပါလိမ့်။ မာန်မာနသည်ပင် အတားအဆီး ဖြစ်ခဲ့သည်လား။ တကယ်တော့ သည်ကလေးငယ်သည် သွေးသားတော်စပ်သော သူ့ဆွေမျိုးအသိုင်းအဝိုင်းကြားတွင် ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ခွင့် ရသင့်ပါသည်။

ခိုင် ရှိစဉ်ကတည်းက သူ့မိသားစုနှင့် ပြန်လည် ဆက်သွယ်စေချင်သော ကျွန်မ စေတနာသည် သမီးလေးလက်ထက်မှာလည်း အကောင်အထည်ပေါ်လာနိုင်တော့မည် မထင်ပါ။ သည်မျှသာမက …

အစ်ကိုရယ် …

အစ်ကို့ဆီက စာတွေ မရတာ ကြာလှပါပြီ။ ယု စာတွေကိုလည်း အစ်ကို မပြန်ဘူးနော်၊ အစ်ကို ကျေနပ်အောင် ယု ဘာတွေ လုပ်ရဦးမှာလဲ ဟင်၊ အစ်ကို ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခဲ့ပြီမို့ အစ်ကို ကျေနပ်ဖို့ ကောင်းပါပြီ။ ယု လေ …

* * *

သည်အတိုင်း ဖြစ်လာလိမ့်မည်ဟုကား ကျွန်မ မမျှော်လင့်ခဲ့ပါပေ။ ဖြစ်လာမည်ကိုမူ ကျွန်မ စိုးရိမ်မိပါသည်။ ယခု စိုးရိမ်သည့်အတိုင်း ဖြစ်လာခဲ့ပါပြီ။

အစ်ကို လက်ထပ်သည့်သတင်းကို သတင်းစာတွင် တွေ့လိုက်ရစဉ်က ကျွန်မ တစ်ကိုယ်လုံး လွင့်စဉ်ထွက်သွားသည်ဟု ထင်လိုက်ပါသည်။ အပြောင်းအလဲတို့သည် ဤမျှ မြန်ဆန်လိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ။ သည်အချိန်ထိ ချစ်ခဲ့ကြပြီးမှ သည်မျှ လွယ်လွယ် အစ်ကို ရက်စက်လိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ။

“သမီးရဲ့ လူဟာ ယောက်ျား မဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်ကို ချစ်ရုံ ချစ်တတ်ပြီး ယူရဲတဲ့သတ္တိမှ မရှိဘဲ။ သူ့အားနည်းချက်ကို ကာကွယ်ဖို့ သမီးအပေါ်မှာ ပြစ်ချက်ရှာပြီး ခွာတာပဲ သမီး၊ ဒီလိုလူအတွက် သမီးမျက်ရည်ဟာ နှမြောစရာတောင် ကောင်းနေသေးတယ်”

ကရုဏာဒေါသနှင့် အမေ ပြောသည်ကို ခေါင်းငုံ့၍ ခံရုံမှအပ ကျွန်မ ဘာမှ မတတ်နိုင်ပါပေ။

“ဒီကိစ္စမှာ ကျွန်တော်တို့သားအဖသာ တရားခံဖြစ်ခဲ့ရင် ယု ခွင့်လွှတ်နိုင်ဖို့ ဘယ်လိုတောင်းပန်ရမယ် ဆိုတာ မတွေးတတ်အောင်ပါပဲ”

ကိုအောင်ဆွေက စာလှမ်းရေးလိုက်ပါသည်။

ဖြစ်ခဲ့ပျက်ခဲ့သည်တို့တွင် ဘယ်သူဘယ်ဝါ တရားခံပါဟု ကျွန်မ ပြောမနေချင်တော့ပါ။ ပြောနိုင်သောအားအင်လည်း ကုန်ခန်းနေပါပြီ။ နောက်ဆုံးတွင် ဖြစ်သမျှ အကြောင်းဟုပင် အောက်မေ့ရပါတော့သည်။

အမေသည် ကျွန်မကြောင့် သမီးလေး တာရာကို သူ့အဖေနှင့် ထည့်လိုက်ရသည်ကို ဘဝင်ကျပုံ မရပါ။ နောက်တစ်ခါ ရေးလိုက်သော ကိုအောင်ဆွေ့စာတွင် မကြာမီ သူ တိုက်ပွဲထွက်ရမည်ဟု သိရလျှင်ပင် အမေက သမီးကို ပြန်ခေါ်ထားချင်သည်ဟု ပြောလာပါသည်။

ကျွန်မသည် ခဲမှန်ဖူးပြီဖြစ်၍ လေး မြင်သည်နှင့် လန့်ချင်နေပါပြီ။ ပတ်ဝန်းကျင်က ရိုက်ခတ်လာမည့် ဂယက်လှိုင်းဒဏ်ကို ကြိုတင် လန့်နေပါပြီ။ သည်လှိုင်းဂယက်၏ ပုတ်ခတ်သည့်ဒဏ်ကို လူးလူးလိမ့်လိမ့် ခံခဲ့ရပြီးပြီ မဟုတ်ပါလား။

“သမီးကိုတော့ သနားပါတယ် အမေရယ်၊ ဒါပေမဲ့ ပြောကြဆိုကြမှာတွေကို ယု ကြောက်တယ်”

“ဘာကြောက်စရာရှိလဲ သမီး၊ ဘယ်သူ ဘာပြောပြော ကိုယ့်အကြောင်းနဲ့ကိုယ် လုပ်သင့်တာ လုပ်ရမှာပဲ။ ကိုယ်လုပ်တဲ့ အလုပ်ဟာ သူတစ်ပါးကို ထိခိုက်စရာ မဖြစ်ဘူးဆိုရင် ဘာမှ ကြောင့်ကြနေဖို့မလိုပါဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းတော့ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်လို မြည်း ဆုံးရတဲ့အဖြစ်မျိုး ရောက်တတ်တယ် သမီး”

အမေ့စကားများမှာ စောဒက တက်စရာ မရှိသော်လည်း ကျွန်မသည် သမီးကို ပြန်ခေါ်ရန် မဆုံးဖြတ်နိုင်ဘဲ ရှိခဲ့သည်။

* * *

မိုးတစ်ဖြိုက်၊ နှစ်ဖြိုက် ရွာလိုက်ပြီးပြီဖြစ်၍ နောက်ဖေးမှ မြောင်းကြီးမှာ ချောင်း ဖြစ်လာပြန်ပါပြီ။

ကျွန်မသည် မန်ကျည်းပင်ခြေတွင် ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို တွေးနေမိသည်။ တစ်ခါက သမီးလေး တာရာနှင့်အတူ စက္ကူလှေ လွှတ်ခဲ့ကြသည်ကို သတိရနေမိသည်။ သည်တုန်းက သူ့အဖေ တိုက်ပွဲထွက်သွားသည်။ သူကလေးသည် အဖေ မရှိ၊ အမေ မရှိသည့်အချိန်တွင် ကျွန်မရင်ခွင်၌ ချမ်းမြေ့စွာ နားခိုနိုင်ခဲ့သည်။ ယခု သူ့အဖေ တိုက်ပွဲထွက်ရပြန်ဦးမည်။ သူ့အဖေ စာရေးလိုက်သလို ရဲဘော်မိန်းမလေးတွေဆီမှာ သူ့ကို အပ်ထားခဲ့ဦးမည်။ ရဲဘော်မိန်းမတွေခမျာမှာလည်း သူတို့ကလေးတွေနှင့် သမီးကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပါသည် ဆိုစေဦး၊ သည်မှာလောက်တော့ အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်ကြမည်မဟုတ်။ ကျွန်မအနေနှင့် သမီးကို ပစ်ပယ်လွန်းရာများ ကျနေပြီလား။

ချောင်းရေပြင်တွင် သမီး၏ နုနယ် အပြစ်ကင်းစင်သော ရုပ်သွင်က ပေါ်လာသည်။ ကျွန်မနားတွင် ခိုးခိုးခစ်ခစ် ရယ်မောနေသော သမီးအသံကို ကြားနေသည်။ မပီကလာနှင့် ဝါကျမပြည့်စုံသော သမီးစကားသံကို ကြားနေသည်။ တဖျပ်ဖျပ် ခြေသံကလေးလိုလို ကြားမိသည်ထင်၍ ယောင်ယမ်းကာ ကျွန်မ လှည့်ကြည့်လိုက်မိသည်။

“တီးယု … တီးယု”

“ဟင် … သမီး”

ကျွန်မ မျက်လုံးများကိုပင် ကျွန်မ မယုံချင်ပါ။ သမီးခေါ်သံကို အာရုံက ကြားခြင်းလား၊ နားက တကယ် ကြားရခြင်းလား။ သမီးရုပ်သွင်ကို အာရုံက မြင်ခြင်းလား၊ မျက်စိက တကယ် မြင်ခြင်းလား။ ကျွန်မကိုယ်ကျွန်မ သံသယဖြစ်မိသည်။

ဟုတ်ပါသည်။ သမီးလေး တာရာသည် ဂါဝန်နီနီလေးနှင့် ကျွန်မ ရှိရာကို အော်ရင်း ခေါ်ရင်း ပြေးလာနေပါသည်။ ကျွန်မသည် ထိုင်ရာမှ ဆတ်ခနဲ ထကာ ခရီးတစ်ဝက်မှာပင် သမီးကို ဆီးကြို ပွေ့ချီလိုက်ပါသည်။

“သမီး … သမီးရယ် … သမီး ပြန်လာတယ်နော်၊ ဘယ်သူ လိုက်ပို့လဲဟင်၊ သမီးဖေဖေလား … ဖေဖေရော”

ကျွန်မသည် ကလေးနှင့် မလိုက်သော မေးခွန်းအမြောက်အမြားကို အမောတကော မေးရင်း နောက်ဘက်ကို လှမ်းကြည့်လိုက်မိပါသည်။ ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် ကျွန်မတို့အရိပ်အခြည်ကို ရပ်ကြည့်နေသော ကိုအောင်ဆွေ့ကို တွေ့လိုက်ရသည်။ ကျွန်မ လှမ်းကြည့်လိုက်မှ သူက ကျွန်မတို့ဆီကို လျှောက်လာသည်။

“တိုက်ပွဲ ထွက်ရမယ် ဆို … ”

“ဟုတ်တယ် ယု၊ ဒါကြောင့် သမီးကို ဒီမှာ ထားရကောင်းမလားလို့ ခေါ်လာခဲ့တာ၊ အရင်တစ်ခါ တိုက်ပွဲထွက်ရတုန်းက သမီးကို ရဲဘော်မိန်းမတွေဆီ အပ်ခဲ့ရတယ်၊ ယုသမီးက … ”

သူသည် စကားမဆက်ဘဲ ဖျတ်ခနဲ ကျွန်မမျက်နှာကို လှမ်းကြည့်လိုက်သည်။ ‘ယုသမီး’ ဆိုသော အသုံးအနှုန်းအတွက် ကျွန်မမျက်နှာမှ အပြောင်းအလဲကို အကဲခတ်ဟန် တူပါသည်။ ယခင်က သုံးနှုန်းလေ့ရှိသော စကားနှင့် ပတ်သက်၍ ကျွန်မစိတ်မှာ အပြောင်းအလဲရှိမည်လားဟု သံသယရှိဟန် တူပါသည်။ ကျွန်မက မထူးခြားသလိုပင် အလိုက်သင့် သူ့စကားကို ဆက်လိုက်သည်။

“ဆိုပါဦး … ယုသမီးက ဘာဖြစ်လို့လဲ”

“ယုသမီးက ယုတို့လက်ထဲမှာ ဂရုတစိုက်နဲ့ ကြီးပြင်းလာခဲ့ရတာ ဆိုတော့ ရဲဘော်ကလေးတွေ စားသလို မစားနိုင်ဘူး၊ ရဲဘော်ကလေးတွေ ကစားသလို မကစားနိုင်ဘူး။ ကျွန်တော်သွားတဲ့ နှစ်ပတ်၊ သုံးပတ်အတွင်းမှာ ဝမ်းသွားလိုက် ဖျားလိုက်နဲ့ ရဲဘော်မိန်းမလေးတွေကို ဒုက္ခပေးသလို ဖြစ်ခဲ့တယ် ယု၊ ဒါကြောင့် ဒီတစ်ခေါက် ကျွန်တော် သွားရမယ့် အချိန်က ကြာမှာလည်း တစ်ကြောင်း၊ ထားခဲ့ရမှာ စိတ်မချနိုင်တာလည်း တစ်ကြောင်းကြောင့် ဒီမှာပဲ ဝင်ပို့ထားခဲ့ပါရစေ၊ တိုက်ပွဲက မသေမပျောက် ကျွန်တော် ပြန်လာတဲ့အချိန်မှာတော့ သမီးကို ပြန်ခေါ်သွားပါ့မယ်”

“ယုတို့က ပြန်မထည့်ဘူး ဆိုရင်ကော … ”

ရုတ်တရက် ပြောလိုက်သော ကျွန်မစကားကြောင့် သူ အံ့အားသင့်သွားပါသည်။ ကျွန်မမျက်နှာကို စူးစိုက်ကြည့်ရင်း အဖြေ တစ်စုံတစ်ရာကို ရှာဖွေကြည့်နေပါသည်။ ကျွန်မရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ခြင်းဖြစ်ကြောင်း ချက်ချင်းပင် သူ သဘောပေါက်သွားဟန် တူသည်။ သူ့မျက်လုံးများမှာ ဝင်းလက်သွားကာ ဝမ်းသာအားရ ပြောလိုက်သည်။

“သမီးကို ယုလက်ထဲမှာသာ ထားရမယ် ဆိုရင် တစ်သက်လုံး ထားနိုင်ပါတယ်ဗျာ”

သူ့စကားသည် အဓိပ္ပါယ်များစွာ ပါဝင်ကြောင်း ကျွန်မ နားလည်လိုက်ပါသည်။
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Credit: သောကြာကြိုက်သောစာစုများ

image

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu

အပိုင်း - ၅

တစ်ရက်၊ နှစ်ရက် မိုးဆက်ရွာလိုက်သည် ဆိုလျှင်ပင် ကျွန်မတို့အိမ်နောက်ဖေးမှ မြောင်းကြီးသည် ချောင်းငယ် ဖြစ်သွားပါပြီ။ မိုးစဲသွားလျှင်ပင် ကျွန်မသည် သမီးလေး တာရာကို ချီပိုးကာ ချောင်းစပ်မှ မန်ကျည်းပင်ကြီးအောက်သို့ လာခဲ့သည်။

“လှေလွှတ်ရအောင် သမီးရေ”

အမေသည် စိတ်ရှည်လက်ရှည်နှင့် သမီးအတွက် စက္ကူလှေကလေးများ ချိုးပေးထားသည်။ စက္ကူလှေ တစ်ပွေ့တစ်ပိုက်နှင့် အိမ်ပြင် ထွက်ခဲ့ရကတည်းက သမီးက မြူးကြွနေသည်။ သူ့လက်ထဲမှ လွှတ်ချလိုက်သော စက္ကူလှေများ ရေစီးနှင့် မျောသွားသည်ကို တခစ်ခစ်နှင့် သဘောကျစွာ ရယ်မောနေသည်။

ကျွန်မသည် သမီးကို ကြည့်ကာ ခိုင့်ကို သတိရနေမိပါသည်။ ကျွန်မနှင့်အတူ ထိုင်ရင်း ခိုင်က သူ့ခင်ပွန်း စစ်ထွက်သွားသည်ကို တမ်းတခဲ့ဖူးပါသည်။ ယခုလည်း ကိုအောင်ဆွေ စစ်ထွက်သွားပြန်ပါသည်။ သမီးလေး တာရာလည်း စကားကောင်းကောင်း ပြောတတ်ပြီ ဆိုလျှင် စက္ကူလှေ စီးကာ သူ့အဖေဆီ သွားချင်သည်ဟု ပူဆာလေဦးမည်လား မသိ။

လေက တိုက်နေသည်။ စက္ကူလှေကလေးများလည်း အရှိန်နှင့် ရေစီးတွင် မျောပါနေသည်။

ဘာလိုလိုနှင့် ခိုင် ကွယ်လွန်ခဲ့သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့ပြီ။ ခိုင့်သမီးလေး ‘တာရာ’ သည် ကျွန်မတို့လက်ဝယ် ကြီးပြင်းလာခဲ့ပါပြီ။ သားအမိ နှစ်ယောက်သာ ရှိ၍ တိတ်ဆိတ်ငြိမ်သက်ခဲ့သော ကျွန်မတို့အိမ်မှာ သမီးကလေး အသံဖြင့် ညံညံစာ သာယာလျက် ရှိနေသည်။ အမေသည် နေ့လည်ဘက်တွင် ကလေး ဗာဟီရနှင့် မအားလပ်အောင် ရှိနေသည်။ ပျင်းရိငြီးငွေ့စရာပင် အချိန်မရှိတော့။ ညဘက်တွင်မူ သမီးက ကျွန်မနှင့် အိပ်သည်။ စကားပြောတတ်စ ပြုပြီ ဖြစ်၍ ‘မေ’ ‘ဖေ’ လောက် ခေါ်တတ်ပါပြီ။ ကျွန်မက အမေ့ကို အမေဟု ခေါ်စေပြီး ကျွန်မကို ‘အန်တီယု’ ဟု ခေါ်တတ်အောင် သင်ပေးသည်။ မပီမသနှင့် သမီးက ‘တီးယု’ ဟု ခေါ်သည်ကိုပင် သဘောကျကာ မပြင်ဘဲ ထားလိုက်တော့သည်။

သမီးသည် အလုပ်တာဝန်များ၍ ရံဖန်ရံခါမှ လာနိုင်သော သူ့အဖေကို အမြင်နည်း၍ ကျွန်မတို့ကို ခင်သလောက် ခင်ဟန် မတူပါ။ သူ့အဖေကမူ တိုက်ပွဲထွက်ခါနီးတိုင်းလိုလို သမီးကို ဝင်ရောက် နှုတ်ဆက်ကာ အားရအောင် နမ်းတတ်သည်။

သည်တစ်ခေါက် ကိုအောင်ဆွေ တိုက်ပွဲထွက်သွားသည်မှာ အတန်ကြာခဲ့ပြီ။ ခါတိုင်းဆိုလျှင် ရောက်ရာ တပ်စခန်း တစ်နေရာရာမှ မာကြောင်းသာကြောင်းနှင့် သမီးကို သတိရကြောင်း စာရေးတတ်သည်။ ယခု စာမလာ သတင်းမကြားသည်မှာ ကြာပြီဖြစ်၍ အမေက စိတ်ပူနေသည်။ သူ့တပ်ရင်းမှာ သတင်းစုံစမ်းခိုင်းဖို့ ကျွန်မကို ပြောနေသည်။ ကျွန်မမှာလည်း သူကလွဲ၍ သူ့တပည့်လေး ဗိုလ်တင်ဝင်းကိုသာ သိသည်။ သူလည်း ကိုအောင်ဆွေနှင့်အတူ တိုက်ပွဲပါသွားသည်။

“အကြောင်းတစ်ခုခု ရှိရင် လာပြောမှာပါ အမေရယ်၊ ဒီအိမ်မှာ သူ့သမီးတစ်ယောက်လုံး ရှိနေတာပဲ”

အမေ စိတ်မပူစေရန် ပြောလိုက်ရသော်လည်း အမေ့နည်းတူ သူ့သတင်းကို ရင်တထိတ်ထိတ်နှင့် နားစွင့်နေရသည်။ သမီးလေး တာရာကမူ ဘာမျှ မသိရှာ။ စက္ကူရွက်လှေကလေးများကို တစ်ခုပြီး တစ်ခု ပစ်ချကာ မျောပါသွားရာကို စိတ်ဝင်စားစွာ လိုက်ကြည့်နေသည်။

လေက ခပ်ပြင်းပြင်း တစ်ချက်ဝှေ့လိုက်သည်။ ချောင်းရေမှာ လှိုင်းထသွားသည်။ သမီးလေး၏ စက္ကူလှေကလေးများ ကတိမ်းကပါး ဖြစ်ကုန်ကြသည်။

“သမီး ယုရေ၊ ခဏ လာပါဦး၊ ဒီမှာ ကိစ္စရှိလို့”

အမေ့အော်ခေါ်သံကြောင့် သမီးကို ပွေ့ချီကာ အိမ်ရှေ့ဘက်သို့ ကွေ့ထွက်လာလိုက်သည်။ ရုတ်တရက် စစ်ဝတ်စုံနှင့်လူတစ်ယောက် အမေ့နားတွင် ရပ်လျက် တွေ့ရသည်။

ကျွန်မ ရင်မှာ လှိုက်ဖိုသွား၏။

“ဗိုလ်တင်ဝင်းပါလား၊ ကိုအောင်ဆွေကော”

“ဗိုလ်ကြီး မင်္ဂလာဒုံ ဆေးရုံမှာပါ ဆရာမ၊ ဒဏ်ရာ နည်းနည်းရလာလို့”

“ဟင် … ဘယ်ထိသွားသလဲ၊ တော်တော်များသလား၊ စိုးရိမ်ရသလား”

“ဘယ်ဘက် လက်ပြင်မှာပါ၊ ဒဏ်ရာသိပ်မပြင်းပါဘူး၊ ကျည်ဆန် ဖောက်ထွက်သွားပါတယ်၊ အရေးကြီးတဲ့နေရာတွေနဲ့ လွတ်ပါတယ်၊ မစိုးရိမ်ရတော့ပါဘူး”

“ဖြစ်မှဖြစ်ရလေ၊ အခု သူ ပြောခိုင်းတာလား”

“စိတ်ပူနေကြမှာစိုးလို့ မပြောနဲ့လို့ ပြောပါတယ်၊ ကျွန်တော်က ကျွန်တော်တို့တပ်တွေ ပြန်ရောက်ပါလျက်နဲ့ သတင်းမပေးဘူး ဆိုတော့ ဆရာမတို့ တစ်မျိုးတမည် တွေးပြီး စိတ်ပူနေမှာ စိုးလို့ လာပြောတာပါ၊ သူ ဆေးရုံမှာ တစ်လလောက်တော့ အနည်းဆုံး နေရလိမ့်မယ် ထင်ပါတယ်“

“မသေကောင်း မပျောက်ကောင်းကွယ်”

အမေက စိတ်မကောင်းစွာ တတွတ်တွတ် ပြောနေသည်။

“ကျေးဇူးပါ ဗိုလ်တင်ဝင်းရယ်၊ သူ့ကို သတင်းမေးသွားချင်ပါသေးတယ်၊ မင်းတို့ တစ်ခုခု စီစဉ်ပေးနိုင်မလား”

“ကျွန်တော်တို့ သွားဦးမှာပါပဲ၊ ဆရာမ သွားမယ်ဆိုရင် စီစဉ်ပေးမှာပေါ့”

နောက်တစ်နေ့တွင် ဗိုလ်တင်ဝင်းနှင့်အတူ သမီးကိုပါ ခေါ်သွားကာ ဆေးရုံကို ကျွန်မ လိုက်ခဲ့သည်။ အိပ်ရာပေါ်တွင် မှိန်းနေသော ကိုအောင်ဆွေသည် သမီးငယ်နှင့် ကျွန်မကို မြင်လိုက်လျှင်ပင် အံ့သြဝမ်းသာသွားပါသည်။

“ယု လိုက်လာတာကိုး၊ ဒုက္ခရှာလို့ဗျာ၊ ကျွန်တော် နေကောင်းပါတယ်”

“သမီးနဲ့လည်း တွေ့ရအောင်လို့ပါ”

သမီးသည် သူ့အဖေကို ကောင်းကောင်း မှတ်မိသည်။ ကျွန်မလက်ပေါ်မှ ‘ဖေ … ဖေ’ နှင့် လက်ကမ်းလိုက်သည်။

“သမီးရယ်၊ ဖေဖေ ချီလို့ မရသေးဘူးကွာ။ ဖိုးတင်ဝင်း ကိုယ် မှီထိုင်လို့ ရပါတယ်၊ နည်းနည်း ထူပေးစမ်းပါ၊ ဟော … ဆရာမ လာနေပြီ၊ အတော်ပဲ”

ဆရာမလေးနှင့်အတူ သူ့တပည့်က ခေါင်းအုံးနှစ်လုံး ဆင့်ထပ်ကာ မှီလှဲပေးလိုက်သည်။ သူ့မျက်နှာမှာ လူမမာနှင့် မတူဘဲ ရွှင်လန်းတက်ကြွနေသည်။ ဆရာမလေးက သူ့မျက်နှာကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။

“ဒီနေ့ ဗိုလ်ကြီးမျက်နှာကို ရွှင်နေတာပဲ၊ ဇနီးနဲ့ သမီး လိုက်လာလို့ အားရှိသွားတယ် ထင်ပါရဲ့”

မြတ်စွာဘုရား …။ ကျွန်မသည် ယောင်ယမ်း၍ ဘုရားတ,မိမတတ် ဖြစ်သွားပါသည်။ တစ်ကိုယ်လုံးမှာလည်း ရှိန်းခနဲ ဖြစ်သွားကာ တစ်မျက်နှာလုံး ထူပူလာပါသည်။ ဗိုလ်တင်ဝင်းလည်း ပါးစပ်ဟသွားသည်။ ကိုအောင်ဆွေလည်း ရုတ်တရက် ကြောင်သွားပြီးမှ ကမန်းကတန်း ပြောလိုက်ပါသည်။

“ဟာ … ဒါ ကျွန်တော့်သမီးနဲ့ သူ့အဒေါ်ပါ”

“အို … ဟုတ်လား၊ ဆောရီးပါပဲရှင်”

ဆရာမလေးက အားတုံ့အားနာနှင့် တောင်းပန်ကာ ချာခနဲ လှည့်ထွက်သွားသည်။ ကျွန်မမှာသာ မျက်နှာ ဘယ်လို ဆက်ထားရမည် မသိ။ သူ့ဒဏ်ရာအခြေအနေကို မေးမြန်းပြောဆိုနေသော်လည်း ကျွန်မ မျက်စိမျက်နှာပျက်နေဟန် တူပါသည်။ သူက အလိုက်သိစွာ ပြောလိုက်ပါသည်။

“ယု … ပြန်ချင်ပြန်တော့လေ၊ ယုလည်း အလုပ်တစ်ဖက်နဲ့ သတင်းမေးလာရတာ အားနာပါတယ်၊ မကြာခင် ကျွန်တော် ကောင်းသွားမှာပါ၊ အမေ့ကိုလည်း စိတ်မပူဖို့ ပြောပါ”

ကျွန်မ အိမ်ပြန်ရောက်သောအခါ သူနာပြုဆရာမလေး မဆင်မခြင် ပြောသည်ကို မကျေမနပ်နှင့် အမေ့ကို ပြောပြလိုက်ပါသည်။ အမေက ပြုံး၍ နားထောင်ရင်း ပြောပါသည်။

“ခိုင်တို့အဒေါ်တောင် အမေနဲ့ တွေ့လို့ မောင်အောင်ဆွေ ဆေးရုံတက်ရတဲ့အကြောင်း ပြောပြလိုက်သေးတယ်”

“ယုတို့ သွားတာကော ဘာပြောသေးလဲ အမေ”

“အခု သမီး ပြောတာ ကြားရင်တော့ သူ တစ်ခုခု ပြောမှာပေါ့”

“နောက်တစ်ခါ ကြုံရင် ပြောလိုက်ပေါ့ အမေရယ်”

ကျွန်မက ခပ်သောသော ရယ်ကာ အမေ့ကို လှမ်းပြောလိုက်ပါသည်။ ဟုတ်ပါသည်။ သည်အဖြစ်ကို ဒေါ်ဒေါ်ခင်သာ သိလျှင် ပြောမဆုံးပေါင်၊ တောသုံးထောင် ဖြစ်တော့မည်။

* * *

“ဟင် … အစ်ကို”

မီးဖိုဆောင်မှအထွက် ရုတ်တရက် ဧည့်ခန်းတွင် အစ်ကို့ကို မြင်လိုက်ရသောအခါ ကျွန်မ အံ့သြသွားမိ၏။ အစ်ကိုက ကုလားထိုင်တွင် မထိုင်ဘဲ ခြေစုံ ရပ်နေသည်။

“ထိုင်လေ … အစ်ကို၊ လာမယ်ဆို ကြိုပြောမထားတော့ ယုဖြင့် အံ့သြသွားတာပဲ”

ကျွန်မသည် ဟန်ပင် မဆောင်နိုင်ပဲ ဝမ်းသာသွားပါသည်။ အစ်ကို မလာသည်မှာ ကြာပြီပဲ။

အစ်ကိုက ဧည့်ခန်းတွင် ဝင်ထိုင်လိုက်သည်။ အစ်ကို့မျက်နှာမှာ သုန်မှုန်နေသည်။ ခရီးရောက်မဆိုက်ပင် ကောက်ကာငင်ကာ အစ်ကိုက မေးသည်။

“ယု … ရန်ကုန်ရောက်သေးတယ် မဟုတ်လား”

“ရောက်တယ် အစ်ကို၊ ကိုအောင်ဆွေ ဒဏ်ရာရလာလို့ ဆေးရုံတက်နေရတယ်၊ အဲဒီကို ယု သတင်းသွားမေးတာ အစ်ကို၊ သမီးလေး တာရာလည်း ပါလာလို့ အစ်ကို့ဆီတောင် မဝင်ဘဲ တန်းပြန်ခဲ့ရတယ်၊ အစ်ကို ဘယ်က သတင်းကြားလဲဟင်”

အစ်ကိုက ကျွန်မ မေးသည်ကို မဖြေ။ ကျွန်မ မပြောရသေးဘဲ အစ်ကို့ကို ဘယ်သူများ သတင်းပေးလိုက်ပါလိမ့်။ ကျွန်မ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ကာ မာဆတ်ဆတ် ပြောလိုက်သည်။

“ယုက ဘာဆိုင်လို့လဲ”

“အစ်ကို ပြောပုံကလည်း တစ်မျိုးကြီးပဲ၊ သေရေး ရှင်ရေးကိစ္စ ဆိုတာ မေးရမြန်းရမှာပေါ့၊ ဘာဖြစ်လို့လဲ”

“မိခိုင် မရှိတော့တဲ့နောက်မှာတော့ ဒီလူနဲ့ ပတ်သက်စရာ မလိုတော့ပါဘူး”

“ဘယ်လိုပြောလိုက်တာလဲ အစ်ကိုရယ်၊ ခိုင် မရှိပေမဲ့ ခိုင့်သမီးလေး ရှိသေးတယ်လေ၊ သမီးလေးမျက်နှာ ရှိပါသေးတယ်”

“အဲဒီ သမီးကို အကြောင်းပြုနေတာကြောင့် ခက်နေတာပေါ့”

လွှတ်ခနဲ ပြောလိုက်သော အစ်ကို့စကားကြောင့် ကျွန်မ တုန်လှုပ်သွားမိသည်။ သည်စကားမျိုး အစ်ကို မပြောဖူးပါ။ သည်အိမ်မှာ ကိုအောင်ဆွေ ဝင်ထွက်နေသည်မှာ ယခုမှ မဟုတ်။ ဟိုတုန်းကတည်းက ပြောမည်ဆိုလျှင် ပြောနိုင်ပါလျက် ယခုမှ ကောက်ကာငင်ကာ ဘာကို သဘောမကျဖြစ်လာပါလိမ့်။ ဘယ်သူက ဘာများ ပြောလိုက်ပါလိမ့်။

“ဒါကတော့ အစ်ကိုရယ်၊ သမီးလေးကို အိမ်မှာ ထားတာကိုး”

“ဒီကလေးကို သူ့အဘိုးအဘွားဆီ ပို့ထားပါ ဆိုတော့ မထားနိုင်ဘူး”

“ဒါကတော့ အစ်ကိုရယ်၊ သူ့ခမျာလည်း သမီးလေးတစ်ယောက်ပဲ သူ့အတွက် ဖြေစရာရှိတာ ဆိုတော့ မပေးလိုက်နိုင်ဘဲကိုး။ နီးနီးနားနားဆိုလို့ ယုတို့ကိုပဲ အားကိုးစရာရှိလို့ သမီးလေးကို အပ်ထားတာပါ။ သူ့ကလေးကို သူ ထိန်းကျောင်းနိုင်တဲ့အချိန်၊ ဒါမှမဟုတ် သူ ဆန္ဒရှိတဲ့အချိန်မှာ ပြန်ခေါ်နိုင်တာပါပဲ။ ယုတို့အနေနဲ့ကတော့ ခိုင့်မျက်နှာ၊ ကလေးသံယောဇဉ်နဲ့ အစ်ကို ပြောသလို ပစ်ပစ်ခါခါ မပြောနိုင်ပါဘူး”

ကျွန်မသည် ပြောရင်းပြောရင်း လှိုက်လှဲဝမ်းနည်းလာကာ အသံတုန်လာပါသည်။ အထင်နှင့် စွပ်စွဲပြောဆိုခြင်း ခံရသည်လောက် ရင်နာစရာကောင်းသည် မရှိ။ ချစ်သူချင်းမှာ ဒီလောက်တောင် နားလည်မှုကင်းရတော့မည်လား။

“အစ်ကိုကလည်း မစွပ်စွဲသေးပါဘူး၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ၊ ဒါကို ထည့်တွက်ဖို့ ပြောနေတာ”

“ပတ်ဝန်းကျင်ဆိုတာ မင်နှိပ်စက္ကူသဘောမျိုးပါ အစ်ကို၊ မင်နှိပ်စက္ကူဟာ သူ့အပေါ် ကျလာတဲ့ မင်စက်ကလေး တစ်စက်ကို အဆမတန် ကြီးမားတဲ့ပမာဏ ဖြစ်အောင် စုပ်ယူဖြန့်ပစ်လိုက်သလို ပတ်ဝန်းကျင်ရဲ့ အမြင်ဟာလည်း တစ်ခါတလေ ပုံကြီးချဲ့တတ်တဲ့သဘောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အထင်အမြင်ထက် အစ်ကို့အနေနဲ့က ကိုယ့်ချစ်သူကို နားလည်ဖို့၊ အမှန်အတိုင်း မြင်တတ်ဖို့ လိုပါတယ် အစ်ကိုရယ်၊ ပြီးတော့ ယုဟာ တိမ်းလွယ်ယိမ်းလွယ်တတ်တဲ့ ဆယ့်လေးငါးခြောက်နှစ် အရွယ်လေး မဟုတ်ပါဘူး”

သည့်ထက်ပို၍မူ ကျွန်မ မပြောတတ်ပါပြီ။ သည်နေရာမှာ ခိုင်သာ ဆိုလျှင် အချက်နှင့်အလက်နှင့် ကက်ကက်လန်အောင် ပြောတတ်လိုက်မည့်ဖြစ်ခြင်း။ ကျွန်မသည် ကွယ်လွန်သူ ခိုင့်ကို သတိရလိုက်မိသည်။

“အေးလေ … အစ်ကိုက အဝေးမှာနေတဲ့သူ မဟုတ်လား၊ သူများက မြင်တာ ကြားတာ ပြောလာတော့လည်း တုန်လှုပ်မိတာပဲ ယု၊ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူကို လက်လွှတ်ရမှာ စိုးရိမ်တတ်ကြတာပဲ၊ ဒါကို ယု နားလည် သဘောပေါက်ရင် ပြီးတာပါပဲ … ”

အစ်ကို့လေသံ ပျော့ပျောင်းလာသည် ဆိုလျှင်ပင် ကျွန်မ ဝမ်းသာပါပြီ။

အစ်ကို ပြန်သွားသောအခါ ကျွန်မရင်မှာ လေးလံ၍ ကျန်ခဲ့သည်။ ခိုင် မကြာခဏ ပြောတတ်သော ကျွန်မတို့၏ ‘ဇာတ်မျော’ ကြီးမှာ တစ်နည်းတစ်ဖုံ လှုပ်ရှားလာသည်ဟု ဆိုရမည် ထင်ပါသည်။ သည်လှုပ်ရှားမှုမှာ နိုးကြားတက်ကြွမှုကို ရှေးရှုမည့် အသွင်လက္ခဏာ ဟုတ်မည် မထင်ပါ။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မုန်တိုင်းဆင်မည့်လက္ခဏာများ ဖြစ်မှာလား။

ကျွန်မသည် မောလျစွာ သက်ပြင်းရှိုက်လိုက်မိ၏။

* * *

တော်သလင်းနေ ပြင်းပြင်းပူလိုက်သည်ဖြစ်၍ ကျွန်မတို့ခြံထဲတွင် ခြောက်ခြောက်သွေ့သွေ့ ဖြစ်လာသည်။ လမ်းလျှောက်စ ပြုနေပြီဖြစ်သော သမီးလေး တာရာကို ခြံထဲမှာ ဆော့ကစားစေချင်နေသော အမေသည် မြေခြောက်လာသည်နှင့် ခြံရှင်းရန် ပြင်ပါတော့သည်။

အခန့်သင့်ပင် ကိုအောင်ဆွေလည်း ရောက်လာ၍ ကျွန်မတို့နှင့် ဝိုင်းကူရှင်းလင်းပေးသည်။ ကိုအောင်ဆွေ မြက်ပေါက်၍ မြေညှိနေစဉ် အမေနှင့် ကျွန်မက ခြံစည်းရိုးမှ ချုံနွယ်များကို ခုတ်ဖြတ်ရှင်းရသည်။ သည်အချိန်တွင် အိမ်ရှေ့မျက်နှာစာတွင် မြက်ရှင်းနေသော ကိုအောင်ဆွေက ကျွန်မကို လှမ်းခေါ်လိုက်သည်။

“ယုရေ … ဒီမှာ ဧည့်သည် ရောက်နေတယ်”

“ဟင် … အစ်ကိုပါလား”

အိမ်ဝတွင် မားမားရပ်နေသော အစ်ကို့ကို မြင်လိုက်လျှင်ပင် ကျွန်မရင်မှာ လှိုက်ဖိုသွားသည်။ အစ်ကိုနှင့် ကိုအောင်ဆွေ ထိပ်တိုက် တိုးမိပြီ။ ပြဿနာများ တက်ဦးမှာလား။ ကျွန်မသည် အပြစ်ရှိသော ကျောင်းသားငယ်လို အစ်ကို့မျက်နှာကို မရဲတရဲ လှမ်းကြည့်ကာ နှုတ်ဆက်လိုက်သည်။

“လာလေ အစ်ကို၊ ဘယ်တုန်းက ရောက်သလဲ”

မပြုံးမရယ်နှင့် ကျွန်မ မေးသည်ကို မဖြေဘဲ ကျွန်မနှင့် ကိုအောင်ဆွေကို တစ်လှည့်စီ ကြည့်သည်။ အစ်ကို့မျက်နှာရိပ်ကို မြင်လိုက်ကတည်းက အစ်ကို့သဘောထားကို ကျွန်မ အကဲခတ်လိုက်မိပါသည်။

“အိမ်ပေါ်တက်နှင့်လေ အစ်ကို၊ ယု လက်ဆေးပြီး လိုက်လာခဲ့မယ်နော်”

ကျွန်မသည် ဆရာ ရိုက်မည်ကို စိုးရိမ်နေသော တပည့်ကဲ့သို့ မျက်စိမျက်နှာပျက်နေမိသည်။ သည်ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသည့်အဖြစ်။ မကျေမနပ်ဖြစ်သွားသော အစ်ကို့မျက်နှာမှာ ဖုံးမရအောင် ပေါ်နေသည်။ ကျွန်မလက်ကို ကမန်းကတန်း ဆေးကြောပြီး အိမ်ပေါ် တက်လိုက်သွားရသည်။

ဧည့်ခန်းတွင် အစ်ကိုက ရပ်နေသည်။

“ထိုင်လေ အစ်ကို၊ မတ်တတ်ကြီးရပ်လို့”

“ဧည့်သည်ဆိုတာ အိမ်ရှင်က နေရာပေးမှ ထိုင်ရမှာပေါ့”

“ယုတို့အိမ်များ အစ်ကိုရယ် … ၊ ဧည့်သည်လို သဘောထားနေသေးသလား”

“မသိဘူးလေ၊ အိမ်ရှေ့က အိမ်ရှင်ကြီးက ဧည့်သည်လို့ ပြောလိုက်တာကိုး”

စောစောက ကိုအောင်ဆွေ အမှတ်မထင် ပြောလိုက်သောစကားကို အထအန ကောက်နေသည်။ ကျွန်မသည် အစ်ကိုက မမေးဘဲနှင့် ဖြေရှင်းနေမိသည်။

“သူ မနက်ကမှ ရောက်လာတာပါ အစ်ကို၊ ယုတို့ ခြံရှင်းနေတာ တွေ့လို့ အမြင်မတော်တာနဲ့ ဝင်လုပ်ပေးနေတာပါ”

“ဒီအိမ်ဟာ သူ့အိမ်လို ဖြစ်နေပြီ ထင်တယ်”

“သူ့အိမ်လိုတော့ မဟုတ်ပါဘူး အစ်ကို၊ သူ့ဆွေမျိုးအိမ်လို ဖြစ်နေတာပါ၊ သူ့မှာ ဆွေရယ်မျိုးရယ် ရှိတာမှ မဟုတ်ဘဲ၊ ယုတို့ပဲ နီးနီးနားနား သူ့ဆွေမျိုးလို သဘောထားရမှာပေါ့”

“မကြာခင် ဒီအိမ်ရဲ့ အရှင်သခင် ဖြစ်လာဦးမှာလား”

အစ်ကို့အသံက မာဆတ်ဆတ်။ ဘယ်လိုမှ မကျေနပ်သေး။

“အစ်ကိုသာ ဆန္ဒရှိတယ်ဆိုရင် ဒီအိမ်ရဲ့ အရှင်သခင် အချိန်မရွေး ဖြစ်နိုင်ပါတယ် … ၊ ယုကို ဘာဖြစ်လို့ ဒီစကားတွေ ပြောနေတာလဲ အစ်ကို၊ ယု အစ်ကို့ဆီကို စာတွေ ရေးခဲ့ပါတယ်၊ ယုဟာ အချိန်မရွေး အစ်ကို့အတွက် အဆင်သင့် ရှိနေပါတယ်၊ အရာအားလုံးကို စွန့်ပြီး အစ်ကို့နောက်ကို လိုက်ခဲ့ဖို့လည်း အဆင်သင့်ပဲ၊ အခြေအနေတွေ အားလုံးကို ရင်ဆိုင်ဖို့လည်း အဆင်သင့်ပါပဲ၊ အစ်ကိုသာ ယုရဲ့ အရှင်သခင်ပါ”

“ယုက ပြောတော့တစ်မျိုး ဖြစ်နေတာက တစ်မျိုးပဲ၊ ဘာကို ယုံရမှာလဲ၊ ပတ်ဝန်းကျင်က နားမဆံ့မှ ကိုယ်က ကြားရတာ”

“ဟင် … ပတ်ဝန်းကျင်က ဘာတွေ ပြောလို့လဲ၊ ယုက ဘာဖြစ်နေလို့လဲ”

ကျွန်မသည် မျက်လုံးမျက်ဆန်ပြူးနှင့် မေးလိုက်မိ၏။

“ကိုယ်က အဝေးမှာ နေရပေမဲ့ နားမျက်စိက ယုအနားမှာ ရှိနေတာ၊ ရှင်းရှင်းပဲ ပြောစမ်းပါ ယု၊ ကိုယ်က နံပါတ်နှစ်နေရာ ရောက်သွားပြီ မဟုတ်လား”

“ယုမှာ ချစ်ရမယ့်သူ ဆိုလို့ အစ်ကို တစ်ယောက်တည်းပဲ ရှိပါတယ်၊ နံပါတ်တစ်အပြင် ရေစရာ မရှိတော့ပါဘူး အစ်ကို။ ယု အချစ်ကို အထင်မသေးပါနဲ့ အစ်ကိုရယ်၊ ယု ပြောခဲ့ပြီကော၊ ယုဟာ အစ်ကိုက လက်ထပ်မယ် ဆိုတဲ့ ရက်ကို စောင့်နေတာပါ၊ ယု တာဝန်ကုန်ပါပြီ”

“ကိုယ်လည်း ဒီကိစ္စ ကြိုးစားနေတာပဲ၊ ဒီကြားထဲမှာ ဒီပြဿနာက ဝင်လာတော့ …”

“ဒါဟာ ပြဿနာမဟုတ်ပါဘူး အစ်ကို၊ အစ်ကိုနဲ့ ယုနဲ့ လက်ထပ်လိုက်ရင် ရှင်းရှင်းလေးပါ၊ အစ်ကို ပြောသလို ပတ်ဝန်းကျင်က အထင်အမြင်လွဲတာရှိရင်လည်း ရှင်းသွားမှာပါ”

“ဘယ်လို ရှင်းသွားမှာလဲ”

“သူတို့ ထင်တာတွေ မဟုတ်ဘူး ဆိုတာပေါ့ အစ်ကို”

“ယုတို့ ဆက်ဆံရေးကကော …”

ကျွန်မက သက်ပြင်းရှိုက်မိပါသည်။ ဘာလိုလိုနှင့် သံသယသည် အစ်ကို့ရင်ထဲမှာ ထိထိမိမိ ငြိတွယ်နေပြီကော။

တကယ်တော့ ကျွန်မနှင့် ကိုအောင်ဆွေတို့၏ဆက်ဆံရေးမှာ မိတ်ဆွေအဆင့်ထက် မပိုပါ။ သူ့သမီးကို အကြောင်းပြု၍ အဝင်အထွက်ရှိသည်မှာ မှန်ပါသည်။ ပတ်ဝန်းကျင် မျက်စိနောက်လောက်အောင်လည်း ယောက်ယက်ခတ်မိသည် မထင်ပါ။ နဂိုကပင် ကျွန်မသည် ပတ်ဝန်းကျင်ကို လေးစားတတ်သူ ဖြစ်ပါသည်။ ကိုယ့်လိပ်ပြာ ကိုယ်လုံ၍လည်း သည်အထိ ပြဿနာဖြစ်လာလိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ။

အပိုင်း (၆) ဆက်ရန်
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Credit: သောကြာကြိုက်သောစာစုများ

image

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu

အပိုင်း(၄)

ခိုင့် ဈာပနကို ကျွန်မတို့အိမ်မှာပင် လုပ်လိုက်ပါသည်။ တကယ်တော့ ကျွန်မတို့အိမ်ဟု ဆိုသော်လည်း ခိုင့်အိမ်ဟုသာ ဆိုရပါမည်။ ခိုင်သည် ကျွန်မတို့အိမ်၊ ကျွန်မတို့လက်ထဲမှာပင် ဆုံးပါးသွားခဲ့သည် မဟုတ်ပါလား။ ခိုင်သည် အမေ့သမီးတစ်ယောက်ပင် မဟုတ်ပါလား။

ဟုတ်ပါသည်။ ခိုင့်တွင် မိခင်ရင်းချာ မရှိသည်နှင့် ဘာများခြားသလဲ။ သူ့မှာ နှမြောတမ်းတ ငိုကြွေးမည့် မိခင်ရင်းမှ မရှိဘဲ။ သူ့အမေသည် သူ့ကို အမွေပြတ်သာ မဟုတ်။ သေခန်းပြတ် စွန့်လွှတ်ရက်သည်။

“အစ်ကို့အမေမှာ လူသားတစ်ယောက်ရဲ့ အသည်းနှလုံးမှ ရှိသေးရဲ့လား ဟင်၊ သမီးအရင်းတစ်ယောက်လုံး သေတာတောင်မှ လာမကြည့်အောင်များ အံ့ပါရဲ့ အစ်ကိုရယ်၊ ရက်စက်လိုက်တာနော်“

“မေမေလည်း သိပ်စိတ်ထိခိုက်နေပါတယ်၊ သမီးနဲ့အမေ မာနာပြိုင်ကြလို့ ဒီလို ဖြစ်ကြရတာပါ။ မေမေဟာ ခိုင့်ကို သိပ်ချစ်တယ် ယု၊ မေမေ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ဖုံးကွယ်လို့ မရဘူး၊ အခု မေမေ အိပ်ရာထဲ လဲနေပြီ။ ဒီသာ လိုက်ခဲ့ရင် မေမေ ပေါက်ကွဲထွက်ပြီး ချက်ချင်း ထိခိုက်သွားမှာပဲ၊ ဒါကြောင့် မလိုက်တာ အကောင်းဆုံးမို့ တမင် ထားခဲ့ရတာပါ”

အစ်ကို ပြောတာ မှန်ချင်လည်း မှန်ပါမည်။ သူ့အမေ အပြုအမူနှင့် ပတ်သက်၍ အရုပ်မဆိုးစေရန် ကာကွယ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။

အဖြစ်ဆိုးရှာသော သူငယ်ချင်းအတွက် ကြေကွဲဝမ်းနည်းရသည်နှင့်အမျှ ကုသိုလ်ဆိုးရှာသော ကလေးငယ်ကို အသနားပိုရပါသည်။ မိတဆိုးလေး၏ရှေ့ရေးကို တွေးကြည့်လျှင် ရင်လေးစရာကောင်းပါဘိ။ အဖေတစ်ယောက်လုံး ရှိသေးသည် ဆိုသော်လည်း အဖေ ဆိုသည်က ခြေသလုံးအိမ်တိုင်သမား၊ စစ်ထွက်ယောက်ျား။ သမီးမိန်းကလေးကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါမည်နည်း။ ပြီး ကိုအောင်ဆွေက အိမ်ထောင်သစ် မပြုဘဲနေမည် မဟုတ်။ အရွယ်ကောင်းသေးသည်။ ဆွေ မရှိ၊ မျိုး မရှိရသည့်အထဲ မိထွေးနှင့်များ ပြဿနာဖြစ်ရလျှင် …

* * *

“ကံဆိုးတဲ့ သမီးလေး၊ အမေက အမိအဖ အသက်ထင်ရှားရှိလျက်နဲ့ စွန့်ပစ်ခံရတဲ့သူ၊ သမီးက လူ့ပြည်ရောက်တယ် ဆိုကတည်းက မိတဆိုး ဖြစ်ရတယ်၊ ကံဆိုးလိုက်တဲ့ သမီးလေးပါလားကွယ်”

ကိုအောင်ဆွေသည် သူ့သမီးလေးကို တင်းတင်းပွေ့ချီရင်း မချိတင်ကဲ ပြောလိုက်သည်။ သူသည် ခိုင့်ကိစ္စအတွက် ခွင့်ယူထားစဉ် တစ်ချိန်လုံးမှာလည်း သူ့သမီးကို လက်က မချ။ တပွေ့တပိုက်ပိုက်နှင့် သမီးလေးမျက်နှာကိုသာ တစိမ့်စိမ့် ကြည့်နေပါသည်။ သူ့အဖြစ်ကို ကြည့်ကာ ကျွန်မတို့ ပို၍ရင်နင့်ကြရသည်။

“သမီးကို ဒီမှာ ထားဖို့ကောင်းတယ် ကိုအောင်ဆွေ … ”

ကျွန်မသည် အမေနှင့် တိုင်ပင်ကာ ပြောလိုက်ပါသည်။ အမေကလည်း ဝင်ရောက် တိုက်တွန်းသည်။ သူသည် ရုတ်တရက် တွေသွားကာ ချက်ချင်းပင် ခပ်လေးလေး ခေါင်းခါလိုက်သည်။

“နေပါစေ ယုရယ်၊ ယုတို့ကိုလည်း ဒုက္ခမပေးချင်ပါဘူး၊ ကျွန်တော်ပဲ ခေါ်ထားပါ့မယ်”

“ဘယ်ဖြစ်မလဲ … ၊ ကလေးက ငယ်သေးတယ် ကိုအောင်ဆွေ၊ အရိပ်တကြည့်ကြည့် ပြုစုနေရမယ့်အရွယ်”

“ကျွန်တော့်သမီးလေးဟာ အမေ့ရင်ခွင် နွေးနွေးထွေးထွေးနဲ့ ကင်းဝေးရပြီး အဖေ့ရင်ခွင်နဲ့လည်း ကင်းမနေစေချင်ဘူး ယုရယ်၊ ဖြစ်နိုင်ရင် ကျွန်တော့်ရင်ခွင်ထဲမှာ အမြဲ ပွေ့ထားချင်တယ်”

သူတို့သားအဖအဖြစ်ကို ကျွန်မ ရင်နာမိပါသည်။ သို့သော်လည်း လက်တွေ့မှာ မလွယ်နိုင်ဟု ကျွန်မ ထင်ပါသည်။

“ဒီလိုလည်း မဟုတ်သေးဘူး ကိုအောင်ဆွေ၊ ကလေးနဲ့ပတ်သက်လို့ လေးလေးနက်နက် စဉ်းစားရမယ်။ ဒီမှာ ဆိုရင် အမေလည်း ရှိတယ်၊ ယုလည်း ရှိတယ်၊ ပြီးတော့ အားနာရမယ့် သူတွေလည်း မဟုတ်ဘူး။ ပဲခူးနဲ့ သနပ္ပင်ကလည်း ဝေးတာမှ မဟုတ်ဘဲ၊ သမီးဆီကို ကိုအောင်ဆွေ အချိန်မရွေး လာနိုင်တာပဲ၊ ဒီမှာပဲ ထားဖို့ ကောင်းပါတယ်”

“ဟုတ်ပါတယ်ကွယ် … ဟိုမှာဆို ဘယ်သူက အနီးကပ် စောင့်ရှောက်နိုင်မလဲ၊ မောင်အောင်ဆွေ့မှာ ဆွေမျိုးရင်းချာရှိတယ် ဆိုရင်တော့ ဟုတ်တာပေါ့။ ကလေးကို ထိန်းကျောင်းတယ် ဆိုတာ လွယ်တာမှ မဟုတ်ဘဲ၊ မောင်အောင်ဆွေ အလုပ်သွားတဲ့အခါ ကလေး ဘယ်သူ ကြည့်မလဲ”

“ဟုတ်တာပဲ၊ အမေတို့ကို အားနာလို့ပါ … ၊ ဒီလိုဆို သမီးကို ဒီမှာပဲ ထားရမှာပေါ့”

“ဒီမှာတော့ အစစ စိတ်ချပါ၊ ခိုင့်ကိုယ်စား သမီးလေးကို ယုတို့ အစွမ်းကုန် ပြုစုမှာပါ”

“သိပ်စိတ်ချတာပေါ့ ယုရယ်”

သမီးလေးကို ကျွန်မတို့အိမ်မှာပင် ထားပါသည်။ အလုပ်အားသည့်အချိန်တိုင်း သူ့သမီးဆီသို့ ရောက်လာတတ်ပါသည်။

“ကျွန်တော့်သမီးလေးဟာ ကျွန်တော့်လောက် ကံမဆိုးသေးပါဘူး၊ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက မိဘကို မမြင်ဖူးခဲ့တဲ့သူပါ၊ ဆွေမျိုးလည်း မရှိဘူး၊ ခိုင်တို့အမေ ပြောတဲ့ တစ်ကောင်ကြွက်မှ တစ်ကောင်ကြွက် အစစ်”

သူသည် သူ့ဘဝကို နာကြည်းစွာ ပြောပြပါသည်။

“ကျွန်တော့်အဖေက ကျွန်တော် ကိုယ်ဝန်ရှိနေတုန်းမှာ လှေမှောက်ပြီး သေတယ်တဲ့၊ အမေကတော့ ကျွန်တော် မွေးပြီး တစ်ပတ်လောက်မှာ သွေးတက်ပြီး သေတယ်လို့ ပြောကြတယ်။ ကျွန်တော့်ကို အဖေနဲ့ ဆွေမျိုးမကင်းတဲ့ ဘုန်းကြီးတစ်ပါးက ကောက်မွေးလာခဲ့တာ၊ ဒီဘုန်းကြီးပဲ အဖေဆိုလည်း ဟုတ်၊ အမေဆိုလည်း ဟုတ်၊ ဆွေမျိုးဆိုလို့လည်း သူတစ်ယောက်တည်းပဲ။ ကျွန်တော့်ကို တစ်ကောင်ကြွက် တစ်မျက်နှာမို့ ဒုက္ခရောက်မှာစိုးတယ် ထင်ပါရဲ့၊ ဘုန်းကြီးက စာကောင်းကောင်း သင်ပေးတယ်။ ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်မှာပဲ ရုတ်တရက် ဘုန်းကြီးက ပျံလွန်တော်မူပါရော၊ ကျွန်တော့်မှာ အရွယ်နဲ့ မလိုက်အောင် ငိုလိုက်ရတာ၊ ရှိစုမဲ့စု ဆွေမျိုးရယ်လို့ ဆိုစရာလည်း မရှိတော့ဘူး၊ အဲဒီတုန်းက ကျွန်တော် အားငယ်လိုက်တာဗျာ၊ လောကမှာ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့သလိုပဲ”

သူသည် သူ့အတိတ်ကို ပြန်တွေးရင်း ကြေကွဲလာဟန် တူပါသည်။ သူ့အသံမှာ လှိုက်လှဲတုန်ခတ်နေသည်။

“ဒီလိုနဲ့ ကျွန်တော် စစ်ထဲ ရောက်လာတယ်၊ တွယ်တာစရာ မရှိတဲ့သူ ဆိုတော့ တစ်ယောက်ယောက်ကို တွယ်တာမိရင် နင့်နင့်သည်းသည်း ဖြစ်တတ်တယ် ထင်ပါရဲ့။ တပ်ထဲ ရောက်ခါစက ကျွန်တော့်တပ်ရင်းမှူးကို အဖေအရင်းလို သိပ်ချစ်တယ်၊ တပ်ရင်းမှူး တိုက်ပွဲမှာ ကျသွားတော့ ငိုလိုက်ရတာ၊ ဘုန်းကြီး ပျံတော်မူတုန်းကအတိုင်းပါပဲ။ ကျွန်တော်ဟာ တစ်ကောင်ကြွက်သာ ဖြစ်တယ်၊ တစ်ယောက်တည်း တစ်ဘာသာ မနေတတ်ခဲ့ဘူး၊ သိပ်တွယ်တာတတ်တယ်၊ သိုင်းသိုင်းဝိုင်းဝိုင်း နေချင်တတ်တယ်၊ ဆွေမျိုး မရှိတော့ တွေ့ရာကြုံရာ ဆွေမျိုးလို ခင်တတ်တယ်၊ ဒါကြောင့် ခိုင်နဲ့ ကျွန်တော့်ကို သူ့အိမ်က သဘောမတူတော့ မိဘအသိုင်းအဝိုင်းကို စွန့်ပြီး ကျွန်တော့်နောက် လိုက်ဖို့ ကျွန်တော် မတိုက်တွန်းခဲ့ဘူး။ အခုတော့ ကျွန်တော့်ကြောင့် ခိုင့်မှာ မျက်နှာငယ်ငယ်နဲ့ သေရရှာတယ်၊ ဒါကို တွေးမိရင် ကျွန်တော် ရင်နာလို့ မဆုံးဘူး ယုရယ်”

“ဒါတွေ ပြောမနေပါနဲ့တော့ ကိုအောင်ဆွေရယ်၊ အဖြစ်အပျက်တွေက မြန်လွန်းလို့ပါ၊ ခိုင်သာရှိရင် တဖြည်းဖြည်း အားလုံး ပြေလည်သွားမှာပါ”

“အခုတော့ … မလိုတော့ပါဘူးဗျာ၊ ကျွန်တော်ဟာ တစ်ကောင်ကြွက်လည်း မဟုတ်တော့ဘူး၊ ကျွန်တော့်မှာ သမီး ရှိပြီ၊ သမီးနဲ့ ကျွန်တော် ပေါင်းရင် နှစ်ကောင်ကြွက်ပေါ့ ဟား … ဟား”

သူသည် အသက်မပါဘဲ ရယ်ပစ်လိုက်ပါသည်။ သူ့ရင်ထဲတွင် မည်မျှ နာကြည်း ကြေကွဲဖြစ်မည်ကို ကျွန်မ နားလည်နိုင်ပါသည်။

သူသည် မပြောလို၍သာ မပြောသော်လည်း ခိုင့်အသိုင်းအဝိုင်းကို ယခုအခါ ခါးခါးသီးသီး နာကြည်းမည်မှာ အမှန်ပင်။ တကယ်တော့လည်း သူ့အနေနှင့် ပြောမည်ဆိုက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြောနိုင်ပါသည်။ ခိုင်နှင့် ဆက်စပ်၍ တော်ရမည့် ဆွေရိပ်မျိုးရိပ်လည်း ကင်းခဲ့ပြီ။ သူစိမ်းပြင်ပြင် ဖြစ်နေပြီ။

သို့သော် … သမီးလေး ရှိသေးသည်။ ခိုင့်အဆက်အနွယ်က ကျန်သေးသည်။ အကိုင်းအခက်တစ်ခုကို ဖြတ်တောက်လိုက်၍ ထွက်လာသော အညွန့်အတက်ကလေးသည် ပင်မကြီးနှင့် အဆက်အသွယ် မပြတ်သင့်ဟု ကျွန်မ ယူဆပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆွေ့ကို ပြောလိုက်မိပါသည်။

“ဒီလိုလည်း အပြတ်မပြောပါနဲ့ ကိုအောင်ဆွေရယ်၊ ခိုင့်မိဘ ညီအစ်ကိုမောင်နှမဟာ ကိုအောင်ဆွေနဲ့ သူစိမ်း ဖြစ်ပေမဲ့ သမီးလေးနဲ့တော့ အရင်းအချာတွေပါ။ ဘာပဲဖြစ်ဖြစ် သွေးသား ဆိုတာတော့ ကင်းကွာလို့ မရကောင်းပါဘူး”

“ဒီသွေးသားဟာ ခိုင့်လက်ထက်ကတည်းက အပြတ်ဖြတ်ခဲ့ပြီပဲ၊ မလိုတော့ပါဘူးဗျာ။ သမီးလေးဟာ ကျွန်တော့်သမီး ဆိုတာက လွဲလို့ ဘယ်သူနဲ့မှ မပတ်သက်ဘူး”

သူသည် ရုတ်တရက် ပေါက်ကွဲထွက်လာကာ အံကို ကြိတ်၍ ပြောလိုက်ပါသည်။ သူ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရသည်ကို ကျွန်မ နားလည်ပါသည်။

“ဒီလိုဖြင့် ယုတို့ သားအမိကိုလည်း သမီး ဘယ်လို နားလည်စေချင်သလဲ”

ကျွန်မအမေးကြောင့် ရုတ်တရက် သူ ကြောင်သွားပါသည်။ ပြီးမှ ခံစားမှုအလျောက် ပြောလိုက်သော သူ့စကားမှာ ပြင်းထန်သွားကြောင်း နားလည်လိုက်ဟန် တူပါသည်။ သူက မျက်စိမျက်နှာပျက်နှင့် ကျွန်မကို တောင်းပန်သည်။

“ကျွန်တော် စကားလွန်သွားတယ် ယု၊ သမီးဟာ ကျွန်တော်က လွဲရင် အားကိုးတွယ်တာစရာဆိုလို့ ယုတို့ပဲ ရှိပါတယ်၊ ဒါဟာ သမီးရဲ့ ဆွေမျိုးအရင်းတွေပါပဲ”

“ယုဟာ ခိုင့်ကိုကိုနဲ့ လက်ထပ်မယ့်သူ ဆိုတော့ကော … ”

မလွတ်အောင် ဖမ်းနေသော ကျွန်မစကားကြောင့် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ကျွန်မသဘောဆန္ဒကိုလည်း ရိပ်မိသွားဟန် တူပါသည်။ ကျွန်မ မျက်နှာကို စေ့စေ့ကြည့်ကာ ခပ်လွယ်လွယ်ပင် သူက ဆိုပါသည်။

“ရှင်းရှင်းပဲ ပြောပါ … ယုရာ၊ ယု ဘာလုပ်ချင်သလဲ”

“သမီးကို သူ့ဆွေမျိုးတွေနဲ့ အဆက်မဖြတ်စေချင်ဘူး”

“ကောင်းပြီလေ … ကျွန်တော်ကတော့ တမင်မဖြတ်ပါဘူး၊ ဒါပေမဲ့ ပြန်ဆက်ရအောင်တော့ ဘယ်တော့မှ မကြိုးစားဘူး၊ ဒီလောက်ဆို ယု ကျေနပ်ပြီလား”

ကျွန်မက ဝမ်းသာအားရ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါသည်။ သည်လောက်ဆို ကျွန်မ ကျေနပ်ပါပြီ။ ရင်ထဲမှာလည်း အနည်းငယ် ပေါ့ပါးသွားသည်။

ခိုင့်လက်ထက်က မပြေလည်ခဲ့သောကိစ္စမှာ သမီးလက်ထက်တွင်မူ ပြေလည်ကောင်းပါရဲ့။

ယု …/
အရေးကြီးတဲ့ကိစ္စ ရှိလို့ အစ်ကို လာခဲ့မယ်။
ဒီတနင်္ဂနွေ စောင့်နေပါ။
/အစ်ကို

အစ်ကို့ထံမှ စာတိုကလေးရ၍ ကျွန်မရင်မှာ လှုပ်ရှားနေမိသည်။ အစ်ကို ရောက်လာလျှင် ခရီးရောက်မဆိုက်ပင် ကျွန်မ မေးလိုက်မိသည်။

“အရေးကြီးတဲ့ကိစ္စ ဆိုတာ ဘာလဲ အစ်ကို”

“မေမေ လွှတ်လို့ လာခဲ့တာ”

မေမေ ဆိုသော အသံကြားလျှင်ပင် ကျွန်မရင်မှာ တဒိတ်ဒိတ် ခုန်လာသည်။ ဘာကိစ္စများပါလိမ့်။

“ကိစ္စကတော့ ခိုင့်သမီးလေးကိစ္စပဲ ယု၊ မေမေက သူ့မြေးကို တွေ့ချင်တယ်တဲ့”

“ဟာ … ဟန်ကျတာပေါ့၊ အစ်ကို့ကို ခေါ်ခိုင်းလိုက်တာလား”

“ဟုတ်တယ် ယု၊ ခဏ ခေါ်ခိုင်းတာ မဟုတ်ဘူး၊ အပြီး ခေါ်ခိုင်းလိုက်တာ”

“ဘာရယ်”

ကျွန်မသည် အံ့သြတုန်လှုပ်စွာ အော်လိုက်မိ၏။ အစ်ကိုက ကျွန်မ နားလည်အောင် ရှင်းလင်းပြသည်။

“ခိုင် ဆုံးပြီးကတည်းက မေမေ တရှောင်ရှောင် ဖြစ်နေတာ ကြာပြီ၊ သူ သိပ်စိတ်ထိခိုက်နေတယ် ယု၊ သမီးကို စိတ်နာလွန်းလို့သာ တင်းထားပေမဲ့ ရင်ထဲမှာ သိပ်ခံစားနေရပုံပါပဲ၊ တစ်နေ့ကတော့ ကောက်ကာငင်ကာ သူ့မြေးအကြောင်း မေးတာပဲ”

“အစ်ကိုက ယုတို့အိမ်မှာ ထားတဲ့အကြောင်း ပြောပြလိုက်သလား”

“ပြောပြလိုက်တယ်လေ၊ မေမေဟာ သိပ်စိတ်ထိခိုက်သွားပုံရတယ်၊ ရှိုက်ကြီးတငင် ငိုပြီး သူ့မြေးကို ခေါ်ခိုင်းတယ်၊ သူ့သမီးကိုယ်စား သူ မွေးမယ်တဲ့၊ ဟုတ်တာပဲ၊ ဒီကလေးနဲ့ ပတ်သက်လို့ မေမေတို့ အစ်ကိုတို့အပေါ်မှာ တာဝန်ရှိတာပဲ ယု၊ ခိုင် မရှိတော့ ပိုပြီး တာဝန်ရှိတာပေါ့”

“ယုတို့အိမ်မှာ ထားပေမဲ့ သူစိမ်းလို သဘောမထားကြပါဘူး အစ်ကိုရာ၊ အမေဟာ သူ့မြေးအရင်းအချာလို ပြုစုနေတာပါ”

ကျွန်မသည် ရုတ်တရက် လှိုက်လှဲဝမ်းနည်းလာကာ တုန်တုန်ယင်ယင် ပြောလိုက်မိသည်။ အစ်ကိုက ကျွန်မစကားကြောင့် စိတ်မကောင်းဖြစ်သွားကာ ပျာပျာသလဲ ပြောပါသည်။

“အို … ယုတို့အိမ်မှာ ထားလို့ ခေါ်တာမျိုး မဟုတ်ပါဘူး၊ ယုတို့ မိခိုင်အပေါ်မှာရော သူ့သမီးလေးအပေါ်မှာရော ဘယ်လို စေတနာထားတယ်ဆိုတာ အစ်ကို မသိဘဲနေမလား၊ အခုဟာက သမီးလေး ရှေ့ရေးအတွက် ကောင်းဖို့ ပြောနေတာပါ၊ ယုပဲ အစ်ကို့ကို ခဏခဏ ပြောတယ် မဟုတ်လား၊ သမီးလေးကို ဆွေမျိုးတွေနဲ့ အဆက်မပြတ်စေချင်ဘူးဆို၊ အခုလို မေမေကိုယ်တိုင်က သမီးလေးအပေါ်မှာ ဒီလို သဘောထားလာတာ ဘယ်လောက် ဝမ်းသာစရာကောင်းသလဲ”

“အင်းလေ … ဟုတ်တော့လည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ဒီကိစ္စက ယုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာမှ မဟုတ်ဘဲ၊ ကလေးအဖေရင်းက အဓိက ဖြစ်ရမှာပေါ့”

“ဒါပေါ့၊ သူ့အဖေနဲ့ ပြောရဆိုရမှာပေါ့၊ ယုက ကြားဝင် တိုက်တွန်းပေးဖို့ လိုသေးတယ်၊ မေမေကတောင် ပြောသေးတယ်၊ ယုအနေနဲ့ မေတ္တာရပ်ခံရင် ရမှာပါတဲ့”

အစ်ကို့အမေထံမှ ကျွန်မနာမည်ကို သုံး၍ ပြောသည်ဆိုသော စကားကို ဒီတစ်ခါပဲ ကြားဖူးပါသည်။ ကျွန်မသည် ကျေနပ်အားရဖြစ်ရမည့်အစား စိတ်ရှုပ်နောက်သွားမိသည်။

ကိုအောင်ဆွေ့အနေနှင့် သူ့သမီးအပေါ် ဘယ်လောက်တွယ်တာသည်ကို ကျွန်မ မသိမဟုတ်။ သူ့ခမျာ သည်သမီးလေးတစ်ယောက်သာ တစ်ကမ္ဘာ ထင်နေသည် မဟုတ်ပါလား။ ကျွန်မတို့အိမ်မှာ ထားဖို့ကိုပင် သူ အများကြီး စဉ်းစားပြီးမှ လက်ခံခဲ့သည်။ ယခုလို တကွဲတပြား ဖြစ်ရမည့်ကိစ္စကို ကျွန်မ မည်သို့တိုက်တွန်းရက်ပါမည်နည်း။

အဖေရင်း မဆိုထားနှင့်။ ပြုစုစောင့်ရှောက်ခွင့်ရခိုက် ချစ်နေသော ကျွန်မပင် သမီးငယ်နှင့် ခွဲရမည်ကို မတွေးရဲပါပေ။

အစ်ကိုကမူ သည်နေရာမှာ ကျွန်မ စွမ်းဆောင်ချက် ပြလိုက်စေချင်ပုံ ရပါသည်။ သူ့အမေ စိတ်ချမ်းသာဖို့အတွက် ကျွန်မ ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် သူနှင့် ကျွန်မကိစ္စမှာ တနည်းတစ်ဖုံ ရာသီဥတုသာယာနိုင်မည့်သဘော ရှိဟန်တူပါသည်။ ပွဲအလန့်မှာ ဖျာခင်းသည့်သဘောမျိုးများ တူမလား။

“အစ်ကိုတို့ချင်း ပြောကြဦးပေါ့၊ ယု ကိုအောင်ဆွေ့ကို မှာခိုင်းလိုက်ပါ့မယ်”

ဒါပဲ ကျွန်မ တတ်နိုင်သည်။ လူကြုံလွှတ်ကာ ကိုအောင်ဆွေ့ကို ခေါ်ခိုင်းလိုက်ရသည်။

* * *

“သမီး … သမီး ဘာဖြစ်လို့လဲ ယု၊ သမီးကောဟင်”

ကိုအောင်ဆွေသည် အိမ်ပေါ် တက်လာလျှင်ပင် သူ့သမီးကို အမောတကော မေးလိုက်သည်။

“သမီး အိပ်နေပါတယ်၊ အမေလည်း အနားမှာ ရှိပါတယ် ကိုအောင်ဆွေ၊ သမီး ဘာမှမဖြစ်ပါဘူး”

“ယုက မှာလိုက်တယ် ဆိုတော့ သမီးများ တစ်ခုခု ဖြစ်သလားလို့ဗျာ၊ ဪ … ဆရာလည်း ရောက်နေတာကိုး”

သမီးဇောနှင့် ဧည့်ခန်းတွင် ထိုင်နေသော အစ်ကို့ကို ယခုမှ မြင်သွားသည်။ သူသည် အစ်ကို့ကို သည်အိမ်မှာ သုံး၊ လေးခါ ဆုံဖူးသည်။ အမှန်အားဖြင့် ခိုင့်အစ်ကို ဖြစ်၍ ယောက်ဖတော်သူကို သူ အခေါ်ရ ခက်ဟန်တူပါသည်။ လက်ရမ်းလက်ဆ ပြောရာမှ နောက်ဆုံးတွင် အလုပ်သဘော အခေါ်အဝေါ် ‘ဆရာ’ ဟုပင် ခေါ်ပါသည်။

“အစ်ကိုက တိုင်ပင်စရာလေး ရှိလို့ ခေါ်ခိုင်းလိုက်တာပါ ကိုအောင်ဆွေ၊ ထိုင်လေ”

“ကျွန်တော်နဲ့ တိုင်ပင်ချင်တာလား၊ ခဏနော် ဆရာ၊ သမီးကို သွားနှုတ်ဆက်လိုက်ဦးမယ်“

သူသည် ကမန်းကတန်း သမီးရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားသည်။ သူ့သမီးထက် မည်သည့်ကိစ္စမှ အရေးမကြီးဟု သဘောထားလေသလား မသိ၊ သူ လာတိုင်း သည်လိုပင် သမီးကို ဦးစွာ တွေ့ရမှ ကျေနပ်တတ်၏။

“သမီးက နိုးနေတာ ဘယ်လောက် ကြာပြီလဲ မသိဘူး၊ မျက်လုံးကြီးကို ပြူးလို့၊ သူ့အမေကြီးက ပုခက်လွှဲရင်း ပုတီးစိပ်နေတာကို ဇိမ်လုပ်နေတာ ယုရဲ့”

သူသည် သမီးကို ပွေ့ချီလာခဲ့သည်။ လေးလတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သော သမီးသည် ပါးစုန့်ကြီးများ ဖောင်းကာ မျက်လုံးဝိုင်းကြီးများနှင့် ချစ်စရာကောင်းလှသည်။ ကျွန်မနှင့် မလှမ်းမကမ်းတွင် သူ့အဖေက ထိုင်လိုက်လျှင်ပင် သမီးက ကျွန်မကို မြင်သွားပါသည်။ သူ့လက်ထဲမှ လူးလွန့်ကာ ကျွန်မဆီကို လက်ကမ်းလိုက်သည်။

“သမီးကလည်းကွာ၊ ဖေဖေ ချီထားတာ နေပါဦး၊ သမီး အန်တီယုက အမြဲချီနေရတာ၊ ဖေဖေက တစ်ခါတလေ လာတုန်း ချီရတာ၊ ချီလို့တောင် မဝသေးဘူးကွာ”

သူသည် သူ့သမီးကို လွတ်ထွက်သွားမှာ စိုးသည့်အလား တင်းတင်းပွေ့လိုက်ရင်း တရှုပ်ရှုပ် နမ်းနေသည်။

ကျွန်မက အစ်ကို့ကို လှမ်းကြည့်လိုက်မိသည်။ အစ်ကို့မျက်နှာမှာ စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သူ့ခမျာလည်း စိတ်ပါလက်ပါ ရှိဟန်မတူပါ။ အပြောရ ခက်နေဟန် တူပါသည်။

“ကဲ … ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စ ပြောပါ ဆရာ”

အစ်ကိုက ကျွန်မကို လှမ်းကြည့်လိုက်သည်။ သူ အပြောခက်သည်ကို ကျွန်မက စပေးစေချင်ဟန် တူသည်။ ကျွန်မလည်ချောင်းဝတွင် တစ်ဆို့တစ်ဆို့ ဖြစ်လာသည်။ ပြောရမည့်စကားအတွက် နှုတ်ထွက် ခက်ပါဘိ။ ကိုအောင်ဆွေက မျက်စိမျက်နှာပျက်နေသော ကျွန်မကို ကြည့်ကာ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်သွားဟန်တူသည်။ မျက်မှောင်ကုပ်ကာ စောင့်လင့်နေသည်။

“ကိစ္စက … ”

“ပြောပါ … ယု၊ ကျွန်တော့်ကို အားနာစရာ ဖြစ်နေလို့လား၊ အားမနာပါနဲ့၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ”

“ကိစ္စက သမီးကိစ္စပဲ ကိုအောင်ဆွေ”

“သမီးကိစ္စ … ဘာဖြစ်လဲ”

“သမီးကို သူ့အမေ … မေမေကြီးက ခေါ်ခိုင်းတယ်တဲ့”

“ဪ … ဒါလား၊ ယုကို ကျွန်တော် ကတိပေးထားပြီပဲ၊ သမီးနဲ့ သူ့ဆွေမျိုးတွေနဲ့ အဆက်အသွယ်လုပ်နိုင်ပါတယ်၊ ကျွန်တော်ကသာ မကြိုးစားဘူးလို့ ယုကို ပြောထားတယ် မဟုတ်လား”

“အဆက်အသွယ် လုပ်နိုင်တယ် ဆိုတာ ဘယ်အတိုင်းအတာအထိလဲ ကိုအောင်ဆွေ”

သူ မျက်မှောင် ကုပ်သွားသည်။ ကျွန်မစကားကို နားလည်ပုံမရ။ ကျွန်မက ရှင်းရှင်းပင် ဇွတ်မှိတ် ပြောလိုက်ရသည်။

“ဒီလို ကိုအောင်ဆွေ၊ အခု အစ်ကို လာတာက သူ့အမေက လွှတ်လိုက်လို့တဲ့၊ အစ်ကိုတို့အမေက သမီးလေး တာရာကို ခေါ်ထားချင်တယ်တဲ့”

“ခေါ်ထားချင်တယ်“

“ဟုတ်တယ် ကိုအောင်ဆွေ၊ မေမေလည်း သူ့သမီး ဆုံးသွားတဲ့အတွက် သိပ်စိတ်ထိခိုက်နေပါတယ်၊ သူ့သမီးကို အလွမ်းပြေ မြေးကလေး ခေါ်ထားချင်တယ် ထင်ပါရဲ့”

“ဩ … ဒီသဘော ပြောတာလား၊ ကျွန်တော်က အလည်အပတ် သဘောလောက် များလားလို့ပါ”

“ဒီလို ရှိတယ်လေ၊ ခင်ဗျားအနေနဲ့ကလည်း အလုပ်အကိုင်က တစ်ဖက်၊ တိုက်ပွဲကလည်း ထွက်ရသေး ဆိုတော့ ဒီကလေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်၊ ခင်ဗျားအနေနဲ့လည်း သမီးကို ယုတို့ဆီမှာ ထားမယ့်အစား သူ့ဆွေမျိုးတွေ လက်ထဲမှာ အပ်ထားတဲ့သဘော ဆိုပါတော့”

ကိုအောင်ဆွေ့ မျက်နှာမှာ ရုတ်ခြည်းပင် တင်းမာလာသည်။ သူသည် တစ်ခုခုကို လွှတ်ခနဲ ပြောလိုက်မည် ပြင်ပြီးမှ ကျွန်မကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူက ပြုံးလိုက်သည်။ ကြိုးစားပြီး ပြုံးလိုက်သော သူ့နှုတ်ခမ်း၏ ထောင့်တစ်နေရာမှာ စောင်းရွဲ့နေပါသည်။

“နေပါဦး ဆရာ၊ သမီးကို ခေါ်ထားမယ် ဆိုတော့ ကျွန်တော်နဲ့ သမီးနဲ့ဆက်ဆံရေးကို ဘယ်လို စဉ်းစားထားပါသလဲ”

ရုတ်တရက် အစ်ကို မဖြေနိုင်ပါ။ မျက်နှာပျက်သွားသည်ကို ကျွန်မ သတိထားမိလိုက်ပါသည်။ အတန်ကြာမှ အစ်ကိုက စကားကို မတင်မကျ ပြောလိုက်သည်။

“ဒါကတော့ မေမေ့အနေနဲ့ကလည်း သူ့မြေးကို တွေ့လိုက်ရရင် အာဃာတတွေ အားလုံး ပြေပျောက်သွားမှာပါပဲ”

“ဝမ်းနည်းပါတယ် ဆရာ၊ ကျွန်တော့်သမီးကို ပိုင်ဆိုင်ထိုက်တယ် ဆိုတဲ့ သဘောနဲ့ပဲဖြစ်ဖြစ်၊ သနားချစ်ခင်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး။ ကျွန်တော့်သမီးကို ဘယ်သူ့မှ မသနားရင် နေ၊ မချစ်ရင် နေပါ၊ သူ့မှာ အသည်းရော၊ နှလုံးရော၊ အသက်ရော ပုံပြီးချစ်မယ့် အဖေတစ်ယောက်လုံး ရှိပါတယ်။ သူ့ဘဝရှေ့ရေးအတွက် သူ့အဖေမှာပဲ လုံးဝတာဝန်ရှိပါတယ်”

သူသည် အံကို တင်းတင်းကြိတ်ကာ ပြတ်သားသော သူ့သဘောထားကို ပြောချလိုက်ပါသည်။ အခြေအနေမှာ တင်းတင်းမာမာဖြစ်သွားမည်ကို ကျွန်မ စိုးရိမ်မိသည်။ အစ်ကိုသည် ကိုအောင်ဆွေ့စကားကြောင့် အောင့်သက်သက် ဖြစ်သွားပေလိမ့်မည်။ သို့သော် အစ်ကိုက ဣနြေ္ဒမပျက် အေးအေးဆေးဆေးပင် ဆက်ပြောသည်။

“ဖြည်းဖြည်း စဉ်းစားပြီး ဆုံးဖြတ်ဖို့ကောင်းပါတယ် ကိုအောင်ဆွေ၊ သမီးရဲ့ နောင်ရေးကို အများကြီး ထည့်တွက်ဖို့ လိုမယ် ထင်တယ်”

“သမီးရဲ့ နောင်ရေးဟာ ဘာမှပူစရာမလိုပါဘူး။ ပြောပြီကော ဆရာ၊ သမီးမှာ အမေ မရှိပေမဲ့ အဖေတစ်ယောက်လုံး ရှိပါသေးတယ်၊ သူ့အဖေဟာ သူ့သမီးကို လူစဉ်မှီအောင် ကျွေးနိုင်ပါတယ်”

“ခင်ဗျားက ဒီအတိုင်း နေသွားမှာလား၊ အိမ်ထောင်သစ် မထူဘဲ နေမလား၊ ကလေးဟာ မိထွေးနဲ့ နေရတာထက် သူ့အဘိုးအဘွားလက်ထဲမှာ နေရတာက လုံခြုံမှု မရှိနိုင်ဘူးလား၊ ကျွန်တော် ဒါကို ရိုးရိုးသားသား ပြောတာပါ”

“သမီးအတွက် မိထွေးဆိုတာ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ပါဘူး ဆရာ၊ အမေစားပဲ ပေါ်လာကောင်း ပေါ်လာပါလိမ့်မယ်။ ကျွန်တော် အိမ်ထောင်ပြုမယ်ဆိုရင် သမီးအတွက်ပဲ ဖြစ်ရမယ်၊ သမီးကို အမေအရင်းတစ်ယောက်လို ချစ်နိုင်တဲ့သူပဲ ဖြစ်ရမှာပဲ”

“အင်းလေ … ဒါကတော့ ခင်ဗျားသဘောပေါ့၊ ဒီကိစ္စမှာ မေမေ စိတ်ချမ်းသာဖို့အတွက် ကျွန်တော် ဝင်ရတာပါပဲ၊ အမှန်ပြောရရင် မေမေ စိတ်ချမ်းသာစေချင်ပါတယ်၊ မေမေ့မျက်နှာရိပ် အခြေအနေကို ကြည့်ပြီး ကျွန်တော်ကလည်း ကျွန်တော်နဲ့ ယုကိစ္စကို ပြောချင်လှပြီ၊ မေမေ စိတ်ချမ်းချမ်းသာသာဖြစ်လာပြီ ဆိုရင် ကျွန်တော်တို့ကိစ္စလည်း အကောင်အထည်ဖော်နိုင်မလားလို့ မျှော်လင့်မိတာပဲ”

အစ်ကိုက တစ်နည်းနှင့်မရ တစ်နည်းနှင့် ရအောင် ပြောလိုက်ဟန် တူပါသည်။ ကိုအောင်ဆွေ ဖျတ်ခနဲ ကျွန်မကို လှမ်းကြည့်လိုက်သည်။ ကျွန်မတို့အချင်းချင်း အကွက်ဖော်ထားကြသည်ဟုများ ထင်သွားမည်လား မသိ။ မျက်စိမျက်နှာပျက်နေသော ကျွန်မ အမူအရာကို သူ နားလည်သလို အဓိပ္ပါယ်ကောက်ပါစေ၊ ကျွန်မက ဘာမျှ ဝင်မပြောဘဲ ခေါင်းငုံ့နေလိုက်သည်။

သူသည် သမီးကို အကြာကြီး စိုက်ကြည့်နေရာမှ သက်ပြင်းကို လေးလေးချလိုက်ပါသည်။

“ကျွန်တော်တို့သားအဖအပေါ်မှာ ယု ကျေးဇူးတွေ အများကြီး ရှိပါတယ်၊ ယုအတွက် ဆိုရင် ကျွန်တော် အချိန်မရွေး အကူအညီပေးရမှာပါပဲ။ ဒါပေမဲ့ သမီးနဲ့ပတ်သက်တဲ့ ဒီကိစ္စမှာတော့ ကျွန်တော့်ကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်၊ ကျွန်တော့်သမီးနဲ့ ကျွန်တော် မခွဲပါရစေနဲ့ဗျာ၊ ကျွန်တော့်မှာ တွယ်တာစရာဆိုလို့ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာပါ၊ မတတ်သာလွန်းလို့ ခုလို တကွဲတပြား ထားရပေမဲ့ ဖြစ်နိုင်ရင် တိုက်ပွဲထွက်တဲ့နေရာကိုတောင်မှ ကျောပိုးအိတ်ထဲ ထည့်ပြီး ခေါ်သွားချင်ပါတယ်ဗျာ”

မချိတင်ကဲ ပြောလိုက်သော သူ့စကားကြောင့် ကျွန်မလည်း စိတ်ထိခိုက်သွားမိပါသည်။ အစ်ကို့ကို လက်လျှော့လိုက်ပါရန် ကျွန်မ မျက်ရိပ်ပြလိုက်ရသည်။

အစ်ကို ပြန်သွားပြီးနောက် ခိုင့်အဒေါ် ဖြစ်သူ ဒေါ်ဒေါ်ခင်နှင့် အမေတို့ ဈေးမှာ ဆုံခဲ့ကြသည်။ (တကယ်တော့ ပြောစရာရှိသဖြင့် ဒေါ်ဒေါ်ခင်သည် အမေ့ကို ဈေးထဲမှာ မရအရ ရှာ၍ လာတွေ့ဟန်တူပါသည်။) ဒေါ်ဒေါ်ခင်က ကလေးကို ထည့်လိုက်ဖို့ သင့်ကြောင်း၊ သူ့အမေ ရသင့်ရထိုက်သည်များ သမီး ရနိုင်ကြောင်း စကားစုံ ပြောလိုက်သည်ကို အမေက ပြန်ပြောပြ၍ ကျွန်မ စိတ်ပျက်ရသည်။

“သူတို့တွေမှာ မေတ္တာကို စကားထဲ ထည့်မပြောတတ်ကြဘူး ထင်ပါရဲ့ အမေရယ်”

“သမီးကိုလည်း ပြောလိုက်သေးတယ်”

“ဘာလဲ အမေ”

“မောင်အောင်ဆွေတစ်ယောက် သူ့သမီးနဲ့ ပတ်သက်ပြီး ဒီအိမ်မှာ အဝင်အထွက်ရှိနေတော့ ယုအတွက် မတင့်တယ်ဘူးတဲ့”

“ဟင် … ဘာဆိုင်လို့လဲ”

ကျွန်မ အံ့သြတုန်လှုပ်သွားမိပြီး မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အော်လိုက်မိပါသည်။

“သိပ်လည်း မတုန်လှုပ်ပါနဲ့ သမီးရယ်၊ ပတ်ဝန်းကျင် ဆိုတာ ဘယ်အချက်မှာ ဂယက်ထရမလဲ ဆိုတာ စောင့်ကြည့်နေတာ၊ အေး … အဲဒီ လှိုင်းဂယက်က ပုတ်တာခတ်တာတော့ ခံနိုင်ရည်ရှိဖို့ လိုတယ် သမီး”

အမေက သူ့သမီးအကြောင်းကို သိ၍ စောစောစီးစီး မှာထားပါသည်။

အပိုင်း(၅)ဆက်ရန်
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Credit: သောကြာကြိုက်သောစာစုများ

image

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu

အပိုင်း (၃)

“ယုရေ … လာကိုင်ကြည့်စမ်း၊ ဟော … လှုပ်နေတယ် … လှုပ်နေတယ်”

ခိုင်သည် သူ့ဗိုက်တစ်နေရာကို စမ်းကိုင်ရင်း ကျွန်မကို လှမ်းခေါ်လိုက်သည်။ ကျွန်မလည်း အဖြေစာရွက်များ ဖျက်နေရာမှ အပြေးအလွှား ထလာခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နီးနီးကပ်ကပ် မနေဖူးသောကြောင့် ကလေး တိုးနေသည်ကို ကြည့်ကာ အထူးအဆန်း ဖြစ်သွားပါသည်။ ခိုင်က လှုပ်နေသည့် နေရာကို အသာအယာ ပွတ်လိုက်ကာ …

“ကျွတ် … ကျွတ် … သမီးလေးက ငြိမ်ငြိမ် နေလေကွယ်”

“အမယ် … သမီးလေးတဲ့လား၊ သူများတွေတော့ သားဦးဆို ယောက်ျားလေး လိုချင်ကြတာပဲ၊ ကိုအောင်ဆွေက သမီးလေး လိုချင်သလား”

“မောင်ကလား အမြွှာ မွေးပေးပါလို့ ပြောနေတယ်၊ တစ်ခါတည်း သားရော သမီးရော ရချင်တယ်တဲ့”

“အမယ်လေး … အမြွှာ”

ကျွန်မပခုံးက အလိုလို တွန့်သွားပါသည်။ ကျွန်မသတ္တိကို ခိုင်က သဘောကျသွားသည်။

“တို့ကတော့ သမီးလေး လိုချင်တယ်ကွာ၊ သမီးကြီး ဆိုတော့ တိုးတိုးဖော် ရတာပေါ့။ တို့မှာ အဖော်ဆိုလို့ အခုနေတော့ ယု ရှိနေတယ်၊ တို့နှစ်ယောက် ဝေးသွားမယ် ဆိုရင် တိုးတိုးဖော် တစ်ယောက်တော့ လိုတယ်ကွာ”

“ကိုယ့်ယောက်ျားတစ်ယောက်လုံး ရှိနေတာပဲ မဟုတ်လား”

“ယောက်ျားဆိုတာက ဘဝအဖော်ပဲ ယုရဲ့၊ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ပေမဲ့ နေရာတိုင်း သူတို့ကို အကုန်ပြောလို့ ရတာ မဟုတ်ဘူး။ သူတို့ကို အသိမပေးသင့်တာတွေ၊ ပြောလို့မရတာတွေ အများကြီး ရှိတယ်။ ဒါကို ကိုယ့်ရင်ထဲ ရှိသမျှ ပြောချလို့ ရတဲ့ မိတ်ဆွေကောင်းတစ်ယောက်တော့ မိန်းမတွေအတွက် လိုတာ အမှန်ပဲ။ ဒါကြောင့် တို့က သမီးဦး လိုချင်တာ။ သားဦးဆိုတာ အဖေ့အတွက် တစ်တပ်တစ်အား၊ သမီးဦး ဆိုတာ အမေ့အတွက် တစ်တပ်တစ်အား”

ကျွန်မသည် သူ့ကို အံ့သြစွာ ငေးစိုက်ကြည့်နေမိသည်။ သူ ဒါတွေ တွေးနေရပြီပဲ။

ခိုင်နှင့် ကျွန်မသည် သက်တူ ဖြစ်ပါ၏။ သို့သော်လည်း သူက ‘လူ’ ဦးစွာ ဖြစ်နေပါပြီ။ အမှန်အားဖြင့် ကျွန်မလည်း သည်လို ‘ဃရာဝါသ-သမ္ဘရ’ ဟုဆိုသော လူ့ဘောင်၏ကိစ္စများမြောင်ကို တွေးကြည့်ထားဖို့ သင့်ပါပြီ။ တစ်နေ့နေ့တွင် သည်လောကထဲသို့ ကျွန်မလည်း ဝင်ရမည် မဟုတ်ပါလား။ သို့ပါလျက် သည်ကိစ္စအတွက် ကျယ်ကျယ်ပြန့်ပြန့် မတွေးခဲ့မိသေးကြောင်း ယခုမှ သတိထားမိသည်။

“တို့သမီးလေးကို ဘယ်လို နာမည်မှည့်ရ ကောင်းမလဲဟင်၊ နာမည်လှလှလေး စဉ်းစားပေးစမ်းပါ ယုရာ”

“ဘယ်နေ့ မွေးမှန်းမှ မသိဘဲ ခိုင်ရာ၊ နေ့သင့်နံသင့် ဘယ်လို တွက်မလဲ”

“နေ့သင့် နံသင့် မဟုတ်လည်း ဘာဖြစ်လဲ၊ လှလှပပလေး ဖြစ်ရင် ပြီးတာပဲ”

“မဟုတ်သေးဘူး ခိုင်ရဲ့၊ နာမည်မှည့်တယ် ဆိုတာ အရေးကြီးတယ်တဲ့။ နာမည်စီးလို့ လူကို ဒုက္ခပေးတတ်တာတွေ ဘာတွေ ရှိသတဲ့။ နောက်ပြီး ဘာတဲ့၊ နာမည်ကို ကြက်သွန်ဖြူဥ တစ်လုံးစု ဆိုလား၊ အဲဒီ နေ့နံနဲ့ မှည့်ရတယ်တဲ့”

“အမယ်လေး … ၂၀ ရာစုမှာ လူ ဖြစ်လာပြီး တက္ကသိုလ်က ထွက်ခဲ့ပေလို့သာကွာ၊ ယု အတွေးအခေါ်တွေကလည်း ခေတ်နောက်မှာ လေး ငါးဘူတာလောက် နောက်ကျန်နေခဲ့ပါလား။ အေးလေ ကြက်သွန်ဖြူနဲ့ ဖြစ်ဖြစ်၊ ကြက်သွန်နီနဲ့ ဖြစ်ဖြစ် ယု ကြိုက်တဲ့ နာမည်မှည့်ပါကွာ၊ လှလှပပလေးဖြစ်ရင် တို့တော့ မှည့်လိုက်မှာပဲ”

“လိုပါသေးတယ်ကွာ၊ ဖြည်းဖြည်းပေါ့”

ပြောသာ ပြောရသည်။ ကိုယ့်အရည်အချင်း ကိုယ်သိပြီး ဖြစ်ပါသည်။ သည်မှာဘက်မှာ ကျွန်မ မကျွမ်းကျင်ပါ။ သို့ပေမဲ့ အဖြေစာရွက် ဖျက်ရင်း တစ်ချက် တစ်ချက် နာမည်မှည့်ဖို့ စဉ်းစားကြည့်မိသေးသည်။ တင်မမခိုင်၏သမီး ယဉ်ပပလှိုင် ဆိုလျှင် မကောင်းလား၊ အမယ်လေး ခေါ်ရမယ့်သူ မောရချည်သေး။

ဦးနှောက်ခြောက်မခံဘဲ နာမည်မျိုးစုံ လွယ်လွယ် ရနိုင်သည့်နည်းကို ကျွန်မ သတိရလိုက်သ်ည။ ကျောင်းသူမလေးများထဲတွင် နာမည်လှလှလေးတွေ ပေါပါဘိ။ ဟုတ်ပြီ။ သူတို့နာမည်လေးတွေထဲက ရွေးလိုက်ရုံပေါ့။

ကျွန်မ တာဝန်လျော့သွားသလို ဖြစ်သွားကာ အဖြေစာရွက်များ ဆက်ဖျက်နေပါသည်။ ညဉ့်အတော်နက်သည်အထိ မပြီးနိုင်သေး။ ခိုင် အိပ်ရာမှ ထလာ၍ ကျွန်မနားတွင် လာရပ်လိုက်သည်။

“တစ်ရေး နိုးလာသလား”

“မဟုတ်ပါဘူး၊ တို့မှ မအိပ်သေးဘဲ”

“ဟင် အိပ်မပျော်လို့လား၊ ဘာဖြစ်သလဲ”

“ဘာမှ မဖြစ်ပါဘူး၊ သမီးအတွက် နာမည်ရွေးနေလို့ အိပ်မပျော်နိုင်ဘူး”

“ဖြစ်ရလေ ခိုင်ရယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်”

ခိုင်က ပြုံးစေ့စေ့နှင့် ကျွန်မစားပွဲတွင် မှီရပ်လိုက်သည်။ သည့်နောက် သူ အရေးတကြီး ထားနေသော နာမည်ကိစ္စကိုပင် ပြောလိုက်သည်။

“ပထမတော့ သမီးလေး နာမည်ကို ချိုးဖြူလို့ မှည့်မလား အောက်မေ့တယ်“

“ချိုးဖြူ မချိုးဖြူပေါ့၊ ခေါ်ရတာ တစ်မျိုးကြီးလိုပဲ၊ လျှာမချောပါဘူး”

“ခေါ်ရတာ မချောပေမဲ့ အဓိပ္ပါယ်ကို သဘောကျလို့ပါ၊ ချိုးဖြူ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အထိမ်းအမှတ် မဟုတ်လား ယုရဲ့။ ချိုးကလေး ကူလိုက်ရင်ပဲ ဘယ်လောက် ရင်ထဲ အေးချမ်းသွားသလဲ။ ပြီးတော့ တို့ငယ်ငယ်က သင်ခဲ့ရတဲ့ ချိုးနှစ်ကောင် ထနောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ ဆိုတဲ့ ကဗျာလေးဟာ အခုထိ ရင်ထဲမှာ စွဲနေကြတုန်းပဲနော်၊ ဒါပေမဲ့ အခု မမှည့်တော့ပါဘူး”

“ဟောတော့ … ”

“ဒီလိုလေ ယုရဲ့၊ ချိုးဖြူ ဆိုတာက ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတာသာ ရှိတယ်၊ အဲဒီငြိမ်းချမ်းရေး ချိုးကလေးက တစ်နေ့တခြား စိတ်ညစ်နေရတာ၊ ငြိမ်းချမ်းရေးအတွက် တစ်နေ့တစ်နေ့ သူ အမြဲရင်လေးနေရတာ။ ဒီချိုးရုပ်ကလေး ဗန်းပြပြီး ကမ္ဘာမှာ ဝါဒရေးရာ စစ်ပွဲတွေ၊ စီးပွားရေးရာ စစ်ပွဲတွေ အမျိုးမျိုး ဖြစ်နေကြတာ။ ဒီတော့ စစ်မီးတွေကြားမှာ ဗန်းပြအဖြစ်သာ အသိအမှတ်ပြုထားတဲ့ ချိုးဖြူလေးဟာ အေးအေးဆေးဆေး မကူရရှာဘူး။ တို့ကလေးကို ဒီနာမည် မမှည့်တော့ပါဘူး”

“အမလေး … ကြီးကျယ်လိုက်တာပါလား ခိုင်ရာ”

ကျွန်မက အသံထွက်အောင်ပင် အော်ရယ်လိုက်မိပြီးမှ အမေ အိပ်ပျော်နေသည်ကို သတိရလိုက်သည်။ ခိုင်ကမူ သူ့အရှိန်နှင့်သူ ဆက်နေပြန်သည်။

“တို့ကလေးကို တာရာလို့ နာမည်ပေးမယ်”

“တာရာ … တာရာ ဆိုတော့ ကြယ်ပွင့်ကလေးပေါ့”

“ဟုတ်တယ်၊ သမီးလေးဖြစ်ဖြစ်၊ သားလေး ဖြစ်ဖြစ် ခေါ်လို့ရပါတယ်”

“အဓိပ္ပာယ်ဖွင့်ဆိုချက်တွေများ ရှိသေးလား”

ကျွန်မက ပြုံးစေ့စေ့နှင့် မေးလိုက်ပါသည်။

“ရှိတာပေါ့။ နိုင်ငံတော်အလံတို့၊ နိုင်ငံတော်တံဆိပ်တို့မှာ ကြယ်ကို ဘာအဓိပ္ပါယ်နဲ့ သုံးသလဲ။ ပြောစမ်း”

ကျွန်မသည် ဆရာမစင်စစ်က ကျောင်းသူ ဖြစ်သွားပါသည်။ ကျွန်မမျက်နှာကို မကြည့်ဘဲ အလေးအနက် မေးနေပုံကို ရယ်လိုက်ချင်သော်လည်း သူ့ထောင်တန်သည့်စကားကို ကျွန်မ ရယ်ခြင်းဖြင့် ပေါ့မသွားစေချင်သောကြောင့် သူ့အမေးကို ကျွန်မ ဖြေလိုက်ရသည်။

“ကိုယ်ပိုင်အလင်းရောင် ရှိတယ်၊ လမ်းဖြောင့်ဖြောင့် သွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

“အင်း … ဟုတ်ပြီ၊ ကြယ်ကလေးတွေမှာ ကိုယ်ပိုင်အလင်းရောင် ရှိသလို တို့သမီး တို့သားဟာလည်း ကိုယ်ပိုင် အရည်အချင်း၊ ကိုယ်ပိုင်စွမ်းရည်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရဲတဲ့ သတ္တိတွေ ရှိရမယ်။ ကြယ်ကလေးတွေဟာ လမ်းဖြောင့်ဖြောင့် သွားတတ်သလို မှန်တယ် ထင်တာကို လုပ်ရဲရမယ်။ ကိုယ် ဦးတည်တဲ့ ပန်းတိုင်ကို ဘာမှမကြောက်ဘဲ ဖြောင့်ဖြောင့် သွားရဲရမယ်၊ ပြီးတော့ … ”

“ပြီးတော့ ရှိသေးလား”

“ရှိသေးတယ်... ရှိသေးတယ်၊ နေ့မှာ နေမင်းရဲ့အလင်းရောင် မရှိရင် ကမ္ဘာလောကဟာ မှောင်အတိ ဖြစ်မယ်။ ညမှာတော့ လမင်းရဲ့ အလင်းရောင် မရှိပေမဲ့ ကြယ်ကလေးတွေဟာ အလင်းရောင် ပေးနိုင်တယ်။ တို့သား တို့သမီး တာရာလေးဟာလည်း အမှောင်လွှမ်းပြီး လမ်းပျောက်နေတဲ့သူတွေကို ကိုယ်ပိုင်အလင်းရောင်လေးနဲ့ လမ်းပြပေးနိုင်ရမယ်”

ကျွန်မသည် သူ့ကို အံ့ဩစွာ ငေးမောကြည့်နေမိသည်။ သူ့မျက်လုံးများမှာ တောက်ပနေ၍ သူ့အသံမှာ လှုပ်ရှားတက်ကြွနေသည်။ စောစောက သူ အိပ်မပျော်နိုင်လောက်အောင် ဒါတွေ တွေးနေခဲ့တာကိုး။

တကယ်တော့ ခိုင်တစ်ယောက် စိတ်ကူးယဉ်နေပါသည်။ မမြင်ရသေးသည့် ရင်သွေးငယ်အတွက် အတွေးကြွယ်နေခြင်းဖြစ်ပါ၏။ သူ့မျက်နှာတွင် မကြာမီ လူ့လောကကို ရောက်လာတော့မည့် သူ့ရင်သွေးအတွက် မျှော်လင့်ချက် အပြည့်ရှိနေသည်။ မမြင်နိုင်သော တစ်နေရာမှ သူ့ရင်သွေးကို မြင်နေပုံရသည်။ မိခင်လောင်းတစ်ယောက်၏ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို မျက်ဝါးထင်ထင် ကျွန်မ မြင်နေရသည်။

ကျွန်မသည် သူ့လက်မောင်းလေးကို ဆုပ်ကိုင်ရင်း မှတ်ချက်ချလိုက်မိသည်။

“ခိုင် စိတ်ကူးယဉ်တာ ယုဖြင့် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်”

“ဟတ် ဟား … ဒါ စိတ်ကူးယဉ်တာလား။ ဟုတ်မှာပေါ့၊ ကလေးက ဘယ်နေမှန်း မသိသေးဘူးနော်။ ဘာလေး ဖြစ်မယ်မှန်းလည်း မသိဘူး။ သားဦး အရူး ဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့”

“မိဘတိုင်းဟာ ဒီလိုပါပဲ၊ အဇာတသတ်မင်းသား ကြည့်ပါလား၊ သူ့မှာ သားတော်လေး မွေးလာမှ မိဘရဲ့ မေတ္တာကို ကိုယ်ချင်းစာတတ်လာတယ် မဟုတ်လား”

အမှတ်မထင် ပြောလိုက်သော ကျွန်မစကားကြောင့် သူ့ကိုယ်မှာ ဆတ်ခနဲ လှုပ်ရှားသွားပြီး မျက်လုံးမျက်ဆန်ပြူးနှင့် ကျွန်မကို လှမ်းကြည့်လိုက်၏။ ကျွန်မစကား၏အဓိပ္ပါယ်ကို ကျွန်မမျက်နှာပြင်တွင် ရှာကြည့်ဟန် တူပါသည်။ ချက်ချင်းပင် မျက်နှာပျက်သွားကာ သက်ပြင်းရှိုက်လိုက်သည်။ သူ ဘာဖြစ်သွားပါလိမ့်။

“တို့လည်း သမီးလေး မွေးလာရင် မေမေ့ကို ကိုယ်ချင်းစာတတ်မှာပဲ ထင်ပါရဲ့”

သူက ခပ်လေးလေး ပြောလိုက်သည်။ စောစောက ရွှင်လန်းတက်ကြွနေသော သူ့မျက်နှာမှာ ထိုင်းမှိုင်းမှုန်ဝေသွားပါသည်။

ကျွန်မကြောင့် စကားလမ်းကြောင်း ပြောင်းသွားရသည့်အတွက် ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သို့သော်လည်း သည်ပြောင်းလဲခြင်းသည် ကောင်းသောလက္ခဏာတစ်ရပ်ဟု တွေးလိုက်မိသောအခါတွင် ကျွန်မ ကျေနပ်အားရ ဖြစ်မိပါသည်။

တစ်ခုခုကို အလေးအနက် တွေးမိနေပုံရသော သူ့ကို ကျွန်မက ပြန်အိပ်ရန် တိုက်တွန်းလိုက်ပါသည်။

“ညဉ့်နက်ပြီ၊ အိပ်တော့လေကွယ်။ ယုလည်း ဒီတစ်ထုပ် ဖျက်ပြီးရင် အိပ်တော့မယ်”

သူ အိပ်ရာထဲ ပြန်ဝင်သွားသည်။ သို့သော်လည်း တော်တော်နှင့် အိပ်ပျော်လိမ့်ဦးမည်မဟုတ်ဟု ကျွန်မ ထင်ပါသည်။ စောစောက သူ အိပ်မပျော်နိုင်အောင် တွေးနေသည်မှာ မကြာသေးမီ သူ မွေးဖွားတော့မည့် ရင်သွေးအတွက်ကြောင့် ဖြစ်၍ ယခု အိပ်မပျော်နိုင်သည်မှာ သူ့ကို မွေးဖွားပေးခဲ့သော အမေအကြောင်းကို တွေးနေခြင်း ဖြစ်ပါလိမ့်မည်။

တွေးပါစေ၊ တွေးရင်း တွေးရင်း မိခင်တို့၏ချစ်ခြင်းကို ကိုယ်ချင်းစာတတ်လာပြီး တင်းမာနေသော သူ့စိတ်မာန်များ ပျော့ပျောင်းသွားစေချင်ပါသည်။

* * *

နံနက်ကတည်းက ကျွန်မတို့အိမ်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ အမေက အတွေ့အကြုံရှိသူဖြစ်၍ အခြေအနေကို စိတ်အေးလက်အေး စောင့်ကြည့်နေနိုင်သော်လည်း ကျွန်မမှာ ကာယကံရှင် ခိုင့်ထက် စိတ်လှုပ်ရှားနေမိသည်။ တစ်ချက်တစ်ချက် မျက်နှာပျက်သွားသော ခိုင့်ကို ကြည့်ကာ ကျွန်မမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။

“ဆေးရုံ ပို့ရတော့မလား အမေ”

“နေပါဦး သမီးရယ်၊ စောပါသေးတယ်“

အမေက ခိုင့်အရိပ်အခြည်ကို ကြည့်ရင်း ဖြေသည်။ ကျွန်မကမူ ဝမ်းနာသည့် ခိုင့်အရိပ်အရောင် ပြကတည်းက ဆေးရုံ ပို့ချင်နေသည်။ အတွေ့အကြုံရှိသော အမေက ညနေပိုင်းလောက်တွင်မှ ပို့ခိုင်းပါသည်။

“အားမငယ်နဲ့နော် သူငယ်ချင်း၊ ယု ဘေးမှာ စောင့်နေမယ်”

ကျွန်မသည် ခိုင့်လက်ကို ဆုပ်ကိုင်ရင်း အားပေးစကား ပြောလိုက်ပါသည်။ ဆေးရုံတွင် တာဝန်ကျသော ဆရာဝန်နှင့် ဆရာမတို့မှာလည်း ကျွန်မ အသိအကျွမ်းချည်းဖြစ်၍ ခိုင့်ကို ဂရုစိုက်ကြရန် အားလုံးကို မှာထားရသည်။ ဝေဒနာ ခံစားနေရသော ခိုင့်ကို ကြည့်ရင်း ကျွန်မမှာ ကိုယ်တိုင် ခံစားနေရသလို မောနေသည်။

ရင်းနှီးသော ဆရာမလေးတစ်ယောက်က ကျွန်မ ပျာလောင်ခတ်နေသည်ကို ကြည့်ကာ မှတ်ချက်ချပါသည်။

“ကာယကံရှင်က တော်တော်ရယ်၊ တို့ဆရာမ အပျိုကြီးကတော့ ရုပ်ပျက်နေပြီ”

“သူ့ယောက်ျား မလာဘူးလား”

ဆရာမလေးတစ်ယောက်က အမှတ်မထင် လှမ်းမေးလိုက်သည်။ ခိုင် ကြားသွားပြီး အားငယ်မည်ကို စိုးရိမ်လိုက်မိသည်။

“ရှေ့တန်း ရောက်နေတယ်၊ အကြောင်းကြားလိုက်မှာပေါ့”

“စစ်သားမယား ဖြစ်ရတာများ အဲဒါတွေ တို့ မကြိုက်တာ၊ ဒီမှာ မိန်းမက နင်လားငါလား မီးဖွားနေ၊ ဟိုမှာက ရှေ့တန်းမှာ နင်လားငါလား စစ်တိုက်နေ”

“အို … ဆရာမကလည်းကွယ်”

အလိုက်မသိစွာ အားရပါးရ ပြောနေသော ဆရာမကို မျက်စိမျက်နှာပျက်နှင့် ကျွန်မ လှမ်းတားလိုက်ပါသည်။ ဆရာမလေးကမူ သူ့စကား မှားသွားကြောင်း သိမှ သိရဲ့လား မသိ။ သူတို့မှာတော့ မီးဖွားခြင်းကိစ္စသည် ထမင်းစားရေသောက်နှယ် နေ့စဉ် ဆုံနေကြုံနေရ၍ အရေးတကြီး ထားဟန်မတူ။ လွတ်လပ်ပေါ့ပါးစွာ ရယ်နိုင်ကြသည်။ ပြောဆိုနိုင်ကြသည်။ အော်ဟစ်ငေါက်ငမ်းနိုင်ကြသည်။ ကာယကံရှင်များအဖို့မူ သေတွင်းနီးသော ‘မိန်းမမီးနေ’ ကိစ္စမှာ အန္တရာယ်ကြီးတစ်ခုကို ကူးရဖြတ်ရခြင်းပင် မဟုတ်ပါလား။

* * *

“သမီးလေး … ခိုင်၊ ခိုင် လိုချင်တဲ့ သမီးဦးလေး”

နွမ်းလျမောပန်းနေသော်လည်း ခိုင့်မျက်နှာမှာ ရွှင်လန်းတက်ကြွနေပါသည်။ သူသည် ကျေနပ်စွာ ပြုံးကာ သူ့လက်ကို ဆုပ်ကိုင်ထားသော ကျွန်မလက်ကို ခပ်တင်းတင်း ပြန်လည်ဆုပ်ကိုင်လိုက်သည်။

“ဟောဒီမှာ … မမခိုင် သမီး၊ ဖြူဖြူဝဝ ချစ်စရာကြီး”

ဆရာမလေးက ခြေနှစ်ဖက်ကို စုကိုင်ကာ မြှောက်ပြလိုက်သည်။ စောစောက မောသမျှ ပန်းသမျှ သမီးကို မြင်လိုက်လျှင်ပင် ခိုင်တစ်ယောက် အမောပြေလေပါပြီ။ ခိုင်သည် ပီတိလွှမ်းသော မျက်လုံးများဖြင့်ကြည့်ရင်း ကျွန်မကို လှမ်းပြောလိုက်ပါသည်။

“မောင့်ကို အကြောင်းကြားပေးဦးနော် … ယု”

“စိတ်ချပါ ခိုင်ရယ်၊ မိုးလင်းတာနဲ့ သူ့တပ်ရင်းကို သွားပြောခိုင်းလိုက်မယ်။ သူလည်း ဒီတစ်ရက် နှစ်ရက်အတွင်း ရောက်မယ်လို့ သတင်းကြားတယ် မဟုတ်လား၊ မကြာခင် သူ ရောက်လာမှာ အမှန်ပဲ”

ကျွန်မ မိုးလင်းမှ ဆေးရုံက ပြန်ခဲ့သည်။ အိမ်ရောက်လျှင်ပင် အိမ်နီးချင်း တပည့်လေးကို ခေါ်ကာ ကိုအောင်ဆွေ့တပ်ရင်း ရှိရာသို့ သတင်းပို့လိုက်ပါသည်။

“သူ့အဒေါ်ကိုလည်း ပြောပြလိုက်ဖို့ ကောင်းတယ် သမီး”

အမေက လူကြီးပီပီ သတိပေးလိုက်သည်။ ကျွန်မအတန်းထဲတွင် ရှိသော ဒေါ်ဒေါ်ခင့်သမီးများမှတစ်ဆင့် သတင်းပေးလိုက်ပါသည်။ ခိုင့်ကိုမူ အသိမပေးဘဲ ထားလိုက်ပါသည်။ သူ သိလျှင် ဘာပြောဦးမည် မသိ။

တစ်ညနေ သူနှင့်ကျွန်မ လမ်းလျှောက်ရင်း ဒေါ်ဒေါ်ခင်နှင့် လမ်းမှာ ဆုံသည်။ ဒေါ်ဒေါ်ခင်သည် ခြေမကိုင်မိ လက်မကိုင်မိနှင့် ပြောပါသည်။

“တူမလေးပါလား၊ နေကောင်းရဲ့လားဟင်။ ယုတို့အိမ် ရောက်နေတယ်လို့ သတင်းတော့ ကြားသား၊ တွေ့ရတာ ဝမ်းသာလိုက်တာ။ ဒေါ်ဒေါ်တို့အိမ်လည်း ဝင်ထွက်မှပေါ့ကွယ်၊ ဘယ်သူက ဘာပြောပြော ကိုယ့်အဒေါ်ကတော့ ဘယ်မှာ ကရုဏာပျက်မလဲ”

“ဟုတ်ကဲ့”

ခိုင်က စိတ်မပါသလို ဖြေသည်။ မျက်နှာက အေးစက်စက်။

“ဒါထက် ငါ့တူမလေးက ဒီလာနေတော့ ဟိုယောက်ျားလုပ်တဲ့ သူကကော၊ အင်း … ကိုယ့်တူကိုလည်း မမြင်ဖူးသေးပါဘူး၊ သူက ဘယ်သွားလို့လဲ”

“ရှေ့တန်း”

“အို … ရှေ့တန်း သွားနေလို့လား၊ ဒါနဲ့များကွယ် သူများအိမ် နေရသလား၊ ကိုယ့်အဒေါ်အိမ် လာနေရောပေါ့။ မမကလည်း စိတ်ဆိုးတုန်း ခဏပါ … ၊ ဒေါ်ဒေါ်ပြောရင် ရပါတယ်”

“သူများအိမ်မှာ နေတာ မဟုတ်ပါဘူး၊ ယုတို့ အိမ်မှာ နေတာ၊ ယုအမေက ခိုင့်အမေပဲ”

ခိုင်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၍ ဒေါ်ဒေါ်ခင် မျက်နှာပျက်သွားသည်။ ချက်ချင်းပင် မျက်နှာကို ပြင်၍ ပြုံးလိုက်ကာ …

“ကောင်းပါတယ်၊ ကောင်းပါတယ်၊ တူမလေး စိတ်ချမ်းသာရင် ပြီးတာပါပဲ။ ယုတို့ ဆိုတာကလည်း တခြားလူတွေမှ မဟုတ်ဘဲ၊ ဟုတ်တာပေါ့”

“သွားပါဦးမယ် ဒေါ်ဒေါ်”

ကျွန်မ စကားများ လွန်မည် စိုးရိမ်၍ ခိုင့်လက်ကို တင်းတင်း ဆောင့်ဆွဲထားလိုက်ကာ နှုတ်ဆက်၍ ခွဲပစ်လိုက်ရသည်။ လမ်းတွင် ခိုင်က နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ပြောလိုက်သည်။

“ဒေါ်ဒေါ်ခင်တို့တော့ ရန်ကုန် တစ်ခေါက် သွားစရာ စကားရသွားပြီ”

“ဒါ မကောင်းဘူးလား၊ အဆက်အသွယ်မပြတ်တဲ့ သဘောပေါ့”

“ယုက ဘာနားလည်လို့လဲ၊ တို့ရှေ့မှာ ပြုံးပြီး ပြောတဲ့ သူ့မျက်နှာဟာ ဟိုရောက်တော့ ပြောင်းပြန်ဖြစ်ပြီး ဘာတွေ အပိုအလို လုပ်ပြောဦးမယ် ထင်သလဲ။ ဒေါ်ဒေါ်ခင့်စကားများ အနည်းလို အများစားခြေ၊ အများလို အနည်းစားခြေ ဆိုသလို ကြိုက်သလို လုပ်လို့ရတာမျိုး”

ယခုလည်း ခိုင့်သတင်းတစ်ခုတော့ ဒေါ်ဒေါ်ခင့်အဖို့ ပြောစရာ ရသွားပါလိမ့်မည်။ ကျွန်မ အကြာင်းကြားသော်လည်း သူ မလာပါ။ လူချင်း တွေ့မှ ရွှန်းရွှန်းဝေအောင် ပြောဦးမည် ထင်ပါရဲ့။ တကယ်တော့ သည်အချိန်မှာ လင်သားနှင့် တကွဲတပြား ဖြစ်နေသော တူမငယ်ကို မိုက်သည်ပဲ သဘောထားဦး၊ သည်မြို့မှာ ဆွေမျိုးရင်းချာ ဆို၍ တစ်ယောက်တည်း ရှိတော့သည့် အဒေါ်က အရေးတယူ မေးမြန်းအားပေးဖို့တော့ ကောင်းပါသည်။

“သူ့ယောက်ျားလည်း အနားမှာ မရှိတော့ သိပ်အားငယ်နေတယ် အစ်ကို၊ အစ်ကို အားရင် လိုက်လာဖို့ ကောင်းပါတယ်”

ကျွန်မက အစ်ကို့ဆီကို စာရေးလိုက်ပါသည်။ နောက်တစ်နေ့မှာပင် အစ်ကို ရောက်လာသည်။ ကျွန်မတို့နှစ်ယောက် ဆေးရုံကို အတူတူလာခဲ့ကြသောအခါ ခိုင်က အံ့အားသင့်နေသည်။ ဖျော့တော့နေသော သူ့မျက်နှာမှာ အားတက်လာသော အရိပ်အယောင်များ သိသိသာသာ မြင်လိုက်ရပါသည်။

“မေမေ နေကောင်းလား အစ်ကို”

ခရီးရောက်မဆိုက် မေးလိုက်သော ခိုင့်စကားကြောင့် အစ်ကိုက အံ့အားသင့်သွားသည်။ ကျွန်မလည်း အံ့ဩသွားပါသည်။ တစ်ချိန်တည်းမှာပင် ခိုင်တစ်ယောက် သူ့မိခင်ကို ဘာကြောင့် တမ်းတမ်းတတဖြစ်လာသည်ကို ကျွန်မ တွေးကြည့်လိုက်မိပါသည်။ လွန်ခဲ့သော ညတစ်ညက သူနှင့်ကျွန်မ စကားပြောရင်း အဇာတသတ်မင်းသားအကြောင်း ရောက်သွားသည်ကို သတိရလိုက်မိသည်။ သူလည်း သမီးတစ်ယောက်အမေ ဖြစ်လာပြီကိုး။

“သမီးလေးကို ကြည့်ပါဦး အစ်ကို၊ ပါးစုန့်ကြီးတွေကို ဖောင်းနေတာပဲ၊ အားကြီး အစားပုတ်မယ့်ကလေး ထင်တယ်”

ကျွန်မက ကလေးကို ချီပိုးကာ အစ်ကို့ကို ပြလိုက်သည်။ အစ်ကိုက လှမ်းယူချီလိုက်ပါသည်။ ကလေးကို မကိုင်တတ် မတွယ်တတ်ဖြစ်နေသော အစ်ကို့ကို ကြည့်ကာ ခိုင်က ပြုံးစေ့စေ့နှင့် ဆိုလိုက်သည်။

“အခုလောက်ဆို ကိုကို ကလေး ချီတတ်ဖို့ ကောင်းပြီ”

အစ်ကိုက ပြုံးစိစိနှင့် ကျွန်မကို လှမ်းကြည့်လိုက်သည်။ ကျွန်မက မျက်နှာမထားတတ်အောင် ရှက်သွားကာ ခိုင့်လက်မောင်းကို လှမ်းပုတ်လိုက်မိသည်။

“သူ့မှာဖြင့် ရှက်တတ်လိုက်တာ လွန်ပါရော”

“တော်စမ်းပါ … ကဲ … သမီးကို နာမည် ဘယ်လိုမှည့်မှာလဲ၊ နေ့သင့်နံသင့် မှည့်မှာလား၊ အင်း … စနေ ဆိုတော့ တထဒဓနနဲ့ မှည့်ရမှာပေါ့”

“ယုသဘောလေ၊ ယု တူမကို ယု ကြိုက်တဲ့နာမည် မှည့်ပေါ့၊ တို့ကတော့ မှည့်ထားပြီးပြီပဲ”

“တာရာလား … ကောင်းသားပဲ၊ ယုလည်း ကြိုက်ပါတယ်။ နေ့သင့်နံသင့်လည်း ကျသားပဲ၊ ကောင်းပါတယ်နော် အစ်ကို”

ကျွန်မက အစ်ကို့ကို ဆွယ်လိုက်ပါသည်။ အစ်ကိုက ပြုံးစေ့စေ့နှင့် ခေါင်းညိတ် ထောက်ခံသည်။ အစ်ကို့မျက်နှာက ဘယ်လိုဖြစ်နေတာလဲ။ တစ်ချိန်လုံး ပြုံးစေ့စေ့နှင့် ဘာများ သဘောကျနေသည် မသိ။

မိုးစုပ်စုပ်ချုပ်မှ ကျွန်မတို့ ပြန်ခဲ့ကြသည်။

ဆေးရုံဝင်းမှ အထွက်တွင် အစ်ကိုက ကျွန်မလက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ကျွန်မက အထိတ်တလန့် လှမ်းမော်ကြည့်လိုက်သောအခါတွင် ပြုံးနေသော အစ်ကို့မျက်လုံးများကို ရင်ဆိုင်လိုက်ရသည်။ အစ်ကိုသည် ရွှန်းရွှန်းမြမြနှင့် ကျွန်မကို စိုက်ကြည့်နေရာမှ တိုးတိုးညင်းညင်း ပြောလိုက်ပါသည်။

“အစ်ကိုတို့လည်း သမီလေး လိုချင်တယ်”

“အို … ”

“ဟုတ်တယ် … ယုရယ် … အစ်ကိုလည်း သားနဲ့ သမီးနဲ့ ကိုယ့်ချစ်သူနဲ့ အတူနေချင်ပြီကွယ်။ အစ်ကိုတို့ လက်ထပ်ကြစို့နော်”

ကျွန်မရင်မှာ သိမ့်ခနဲ လှုပ်ရှားသွားပါသည်။ ကျွန်မ ကိုယ်မှာ ရှိန်းရှိန်းမြမြ ဖြစ်လာပါသည်။ ကျွန်မတို့လက်ထပ်ရေးနှင့် ပတ်သက်၍ အစ်ကို့ထံမှ လှိုက်လှိုက်လှဲလှဲ တောင်းဆိုသေ စကားကို ပထမဦးဆုံး ကြားလိုက်ရခြင်းဖြစ်ပါ၏။ ငိုချင်လျက် လက်တို့ဟု ဆိုချင်ဆိုပါရော့။ ကျွန်မလည်း ပုထုဇဉ်လူသား မဟုတ်ပါလား။ သူများနည်းတူ ကိုယ့်ချစ်သူနှင့်အတူ ချစ်ရမည့် သားသမီးတို့နှင့် သိုက်သိုက်ဝန်းဝန်း ပျော်ချင်ပါပြီ။

ကျွန်မသည် အစ်ကို့လက်ကို ခပ်တင်းတင်း ပြန်ဆုပ်လိုက်ခြင်းဖြင့် ကျွန်မရင်ထဲမှ အဖြေကို ပေးလိုက်ပါသည်။

***

ကျောင်းကိုသာ လာခဲ့ရသော်လည်း ကျွန်မ နည်းနည်းမှ စိတ်မဖြောင့်။ မနက်က ကျောင်းမလာမီ ခိုင့်ဆီ ကျွန်မ ဝင်ခဲ့သေးသည်။ ယခု တစ်ရက်၊ နှစ်ရက်အတွင်း ခိုင် ကောင်းကောင်း နေမကောင်း။ သည်နေ့ သွေးဆင်းများ၍ အဖျားဝင်နေသည့်အတွက် ကျွန်မ စိတ်ပူမိသည်။ ဆရာဝန်ကတော့ မစိုးရိမ်ပါနှင့်ဟု ဆိုသည်။ ခိုင့်မျက်နှာ ဖျော့တော့နေသည် ထင်ကာ ကျွန်မ အားမရ။ အမေကိုယ်တိုင် ထမင်းပို့ သွားရင်း စောင့်နေမည်ကိုပင် စိတ်မချ။

ဒုတိယပိုင်း ကျောင်းတက်ပြီးအချိန်တွင် ကိုအောင်ဆွေတပ်မှ သူ့တပည့်လေးတစ်ယောက် ကျွန်မကို လိုက်ရှာနေ၍ အမောတကောနှင့် အထိတ်တလန့် မေးလိုက်မိသည်။

“ကိုအောင်ဆွေ … ကိုအောင်ဆွေကော ဟင်”

“ဗိုလ်ကြီး ဆေးရုံရောက်နေပြီ ဆရာမ”

“ဆေးရုံမှာ ဘာ … ဘာဖြစ်လို့လဲ ဟင်”

“မမခိုင်ဆီ ဝင်နေတာပါ ခင်ဗျာ၊ မမခိုင် အခြေအနေ သိပ်မကောင်းလို့ ဆရာမကို အခေါ်ခိုင်းလိုက်ပါတယ်”

“ဟင် …”

ကျွန်မ ခေါင်းမှာ အဆမတန်ကြီးသွားသည်။ ဆရာကြီး ရုံးခန်းကို ဘယ်ပုံ ခြေလှမ်းခဲ့မိသည်မသိ။ ခွင့်တိုင်ပြီး လာခေါ်သူရှေ့က အပြေးအလွှား ထွက်ခဲ့သည်။

ဆေးရုံပေါ်တွင် ခိုင့်ကို သွေးပုလင်းတန်းလန်းနှင့် တွေ့လိုက်ရသည်။ ခိုင့်မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့နေပါသည်။ ခိုင့်ခေါင်းရင်းတွင် စစ်ဝတ်စုံ အပြည့်အစုံနှင့် စိုးရိမ်ကြီးစွာ စောင့်ကြည့်နေသော ကိုအောင်ဆွေ။ သူ့အဝတ်အစားများမှာ ဖိုသီဖတ်သီ ဖြစ်၍ ခရီးရောက်မဆိုက် ဆေးရုံသို့ တန်းလာခဲ့ဟန် တူပါသည်။

“ဘယ်လိုဖြစ်တာလဲ”

ကျွန်မက အမေ့နားကပ်ကာ မေးလိုက်ပါသည်။ အမေ့မျက်နှာမှာ သိသိသာသာ ပျက်နေသည်။

“သွေးဆင်းတာ အလွန်ပဲ“

“သတိရရဲ့လား”

“မှိန်းနေတယ်”

“ကြာပြီလား”

“နေ့လယ်က စတာပဲ”

“ကိုအောင်ဆွေ လာတာ သိသလားဟင်”

“သိတယ်၊ ရောက်လာမှ အခြေအနေ ဆိုးလာတာ”

အခြေအနေမှာ အကောင်းဘက်သို့ ရောက်မလာပါ။ ခိုင့်မျက်နှာမှာ ဖြူလျော်သည်ထက် ဖြူလျော်လာသည်။ ခိုင့်ရင်မှာလည်း နိမ့်တုန် မြင့်တုန်နှင့် မောနေသည်။ စကားသံမှာ နှေးကွေး၍ လေးလာသည်။ ကိုအောင်ဆွေသည် ခိုင့်လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားရင်း ခိုင့်မျက်နှာကို မျက်ခြည်မပြတ် စိုက်ကြည့်နေသည်။ မှိန်းနေရာမှ ခိုင် လူးလွန့်လာသည်။ မသဲကွဲသော ခေါ်သံကို ကိုအောင်ဆွေက နား ကပ်ထောင်ရသည်။

“ဟင် … ဟင် … ”

“မောင် ရှိတယ်လေ ခိုင်၊ ခိုင့်အနားမှာ မောင် ရှိတယ်”

“သမီး … ”

“သမီးလေးလည်း ရှိတယ် ခိုင်၊ ဘာမှ စိတ်မပူနဲ့၊ ခိုင် မကြာခင် နေကောင်းသွားမယ် နော်”

“သမီးလေးကို ပစ်မထားပါနဲ့ နော်”

အားယူ၍ ရှည်ရှည်လျားလျား ပြောလိုက်ပြီး မောနေသော ခိုင့်ကို ကြည့်ကာ ကျွန်မရင်ထဲမှာ ဆို့နင့်လာ၍ မျက်ရည်တွေတွေ ကျလာပါသည်။ မရှိုက်မိစေရန် အနိုင်နိုင် ကြိုးစားနေရသည်။ အမေသည် မျက်စိကို မှိတ်ကာ နှုတ်မှ တလှုပ်လှုပ်နှင့် ရွတ်ဆို ဆုတောင်းနေသည်။

ခိုင်သည် အတန်ကြာအောင် မောနေရာမှ တစ်ချက်တစ်ချက် သတိလစ်သွားသည်။ သတိရလာသည်နှင့် သမီး ဆိုသော စကားလုံးကို ရွတ်လိုက်သည်။ အချိန်သည် ညနေစောင်းနေခဲ့ပါပြီ။ ဝင်တော့မည့် နေရောင်သည် တစ်စုံတစ်ခု အရိပ်ထိုးနေသလို မှိန်ဖျော့နေပါသည်။ နောက်တစ်ကြိမ် ခိုင် သတိလစ်သွားပြန်သည်။ မျှော်လင့်ကြီးစွာ ကျွန်မတို့ စောင့်နေကြသော်လည်း ခိုင် သတိပြန်လည်မလာတော့ပါ။ အံ့ဩခြင်း၊ ကြေကွဲခြင်း၊ တုန်လှုပ်ခြင်းတို့နှင့်အတူ ကျွန်မရင်မှာ ဆို့တက်လာပါသည်။ ကျွန်မ ဘာကိုမှ သဲသဲကွဲကွဲ မမြင်တော့ဘဲ တစ်ခုခု အော်ပစ်လိုက်မိပါသည်။

“ဖြစ်ရလေ သမီးရယ်“

အမေသည် မျက်ရည်တွေတွေကျရင်း ရင်ထုမနာ ပြောသည်။ ကိုအောင်ဆွေက ခိုင့်လက်ကို မလွှတ်သေးဘဲ ခိုင့်နာမည်ကို တတွတ်တွတ် ခေါ်နေသည်။ မလှုပ်မယှက် ငြိမ်သက်သွားသော ခိုင့်ကိုယ်လေးကို ကိုင်လှုပ်နေသည်။ သူသည် အားမလိုအားမရ တောက်တစ်ချက်ကို ပြင်းစွာ ခေါက်လိုက်သည်။

“ဖြစ်ရလေ ခိုင်ရယ်၊ မောင့်အလာကို တမင်များ စောင့်နေတာလား ဟင်၊ ခိုင် မျက်နှာမြင်နေတုန်း ကျွန်တော်များ တိုက်ပွဲမှာ တစ်ခုခု ဖြစ်သွားမလားလို့ ပူလိုက်ရတာ၊ ဖြစ်တော့ သူက၊ ကျွန်တော် ဘယ်လို ယုံရမှာလဲ အမေရယ်၊ ကျွန်တော် အိပ်မက် မက်နေတာများလား ဟင်”

တကယ်ပဲ အိပ်မက် ဖြစ်လိုက်ပါတော့။ ယောက်ယက်ခတ် မက်တတ်သော ဆောင်းတွင်းအိပ်မက်ပဲ ဖြစ်လိုက်ပါတော့။ သို့မဟုတ် ခိုင်တစ်ယောက် ခေတ္တအိပ်ပျော်ခြင်းသာ ဖြစ်လိုက်ပါတော့။

သို့သော် ကျွန်မဆန္ဒကို သည်လိုနေရာမျိုးတွင် ဘယ်တန်ခိုးတော်ရှင်က ဖြည့်စွမ်းပေးနိုင်ပါမည်နည်း။

“သမီး … သမီး ဆိုတာ ဘယ်မှာလဲဗျာ၊ ကျွန်တော့်သမီးကိုတောင် မမြင်ဖူးသေးပါဘူးဗျာ”

ကွဲအက်တုန်လှုပ်စွာ ပြောလိုက်သော ကိုအောင်ဆွေ့ စကားကြောင့် အားလုံးပင် ရင်ထုမနာ ဖြစ်ရပါသည်။

အပိုင်း(၄)ဆက်ရန်
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Credit: သောကြာကြိုက်သောစာစုများ

image

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu

အပိုင်း(၂)

ခိုင်နှင့် ကျွန်မသည် ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ခဲ့ကြသော်လည်း အစ်ကိုနှင့်မူ တက္ကသိုလ် ရောက်မှ ဆုံခဲ့ကြသည်။

ခိုင်သည် စတုတ္ထတန်းအရွယ်ရောက်မှ ကျွန်မတို့ကျောင်းသို့ ရောက်လာပါသည်။ သည်တုန်းက ခိုင့်အဖေမှာ နယ်ပိုင်အဖြစ်နှင့် မြန်မာပြည်အနှံ့ ပြောင်းရွှေ့နေရ၍ ခိုင့်ကို အဘွားနှင့် အဒေါ်များ ရှိရာတွင် လာထားခြင်း ဖြစ်သည်။ အစ်ကို့ကိုမူ ရန်ကုန်တွင် ကျောင်းအိပ်ကျောင်းစား ထားခဲ့သည်ဟု သိရပါသည်။

ခိုင်သည် ငယ်ငယ်ကတည်းကပင် မဟုတ်မခံ ဆတ်ဆတ်ကျဲ ဖြစ်၍ နှုတ်နည်းသူ၊ ကုပ်ကုပ်နေတတ်သူ ကျွန်မနှင့် အပေါင်းအသင်း လုပ်လာပါသည်။ ကျွန်မကမူ စကားနည်းရုံမက ကြောက်လည်း ကြောက်တတ်ပါသည်။ ထစ်ခနဲ ဆိုလျှင် မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် ကျလာသည်သာ ကျွန်မ၏အစွမ်းသတ္တိ ဖြစ်ပါသည်။ ဤသည်ကို အားမရသော ခိုင်က ကျွန်မဘက်မှ ရန်ဖြစ်ပေးရသည်နှင့်၊ ကာကွယ်ပေးရသည်နှင့်။

တက္ကသိုလ်ဝင်နှစ်တွင် ခိုင့်ကို မိဘများက ပြန်ခေါ်ထားကြပါသည်။ သူတို့ ရန်ကုန်မှာ အခြေစိုက်ကြပြီ။ ပဲခူးမှာလည်း သူတို့ဆွေမျိုးအသိုင်းအဝိုင်းက တကွဲတပြား ဖြစ်သွားကြပြီ။ ခိုင်တို့အဘွား ဆုံးပြီနောက် ခိုင့်အဒေါ် အကြီးတစ်ယောက်က အိမ်ထောင်ကျပြီး နမ္မတူ ပြောင်းသွားပါသည်။ ခိုင့်အဒေါ်လတ်ကလည်း ရန်ကုန်မှ အထက်တန်းအရာရှိတစ်ဦးနှင့် လက်ထပ်လိုက်ပါသည်။ စောစောကပင် အိမ်ထောင်ကျခဲ့သော ဒေါ်ဒေါ်ခင်သာ အမွေဆိုင်အိမ်ကြီးမှာ သားသမီး တစ်ပြုံတစ်မနှင့် ကျန်ရစ်ခဲ့ပါသည်။

နောက်တစ်နှစ်မှာ ကျွန်မ တက္ကသိုလ် ရောက်ပါသည်။ ကျွန်မအဖေသည် တရားသူကြီးတစ်ယောက်ဖြစ်၍ ခိုင်တို့အဖေနှင့် ခင်မင်သော သက်တူရွယ်တူ ဖြစ်ပါသည်။ သို့သော်လည်း အဖေက သက်ဆိုးမရှည်ပါ။ ထိုနှစ်မှာပင် အဖေ ကွယ်လွန်ခဲ့ပါသည်။ အဖေ ဆုံးပါးခဲ့သော်လည်း ကျွန်မတို့သားအမိမှာ ချို့ချို့ငဲ့ငဲ့ မရှိလှပါ။ တစ်ယောက်တည်း သမီးမို့ ကျွန်မကို အမေက တက္ကသိုလ် ပို့နိုင်သည်။

ခိုင်သည် ငယ်စဉ်ကတည်းက ထက်မြက်သူပီပီ သင်္ချာ တော်သော်လည်း စာကျက် အင်မတန်ပျင်း၍ ကျက်စာ ဘာသာရပ်များတွင် အမြဲတမ်း သူ ကျတတ်ပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို သုံးနှစ် ဖြေသည့်တိုင်အောင် သူ မအောင်ပါ။ သူနှင့် ကျွန်မ တက္ကသိုလ် အတူမတက်ရသော်လည်း ကျွန်မ ရှိရာကိုမူ သူ အမြဲ ရောက်လာတတ်သည်။ ကျွန်မအခန်းမှာ နှစ်ယောက်ခန်း ဖြစ်သော်လည်း အမြဲ သုံးယောက် ဖြစ်နေတတ်သည်။ ကျွန်မတို့အဆောင်မှူးမှာ သဘောကောင်းသူဖြစ်သည့်အပြင် ခိုင့်မိဘများနှင့်လည်း ဆွေမျိုးနီးစပ်တော်သူ ဖြစ်သောကြောင့် ကျွန်မတို့နှစ်ယောက် လုံးလုံးထွေးထွေး နေနိုင်ခဲ့ကြသည်။

ဆန်းတော့ မဆန်းပါ။ ခိုင်၏တစ်ဦးတည်းသော အစ်ကိုမှာလည်း ကျွန်မ ချစ်သူ ဖြစ်လာသည်။

ကျွန်မ တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်အရောက်တွင် အစ်ကိုက သမိုင်းဌာနတွင် နည်းပြဆရာ ဖြစ်လာသည်။ သည်နှစ်မှာပင် ကျွန်မကို ချစ်ရေးဆိုလာသည်။ အများအမြင်တွင် နှမက ကြားဝင်ခဲ့သည်ဟု ထင်ကောင်းထင်ပါမည်။ ခိုင်ကမူ ကျွန်မက အစ်ကို့စာကို ပြမှ မြင်ရသည်။ သို့သော် သူက ကျွန်မထက် အကင်းပါးသူပီပီ စောစောစီးစီးကပင် ရိပ်မိနေသည်။

“တို့ကိုကို ယုကို စိတ်ဝင်စားနေတယ်လို့ ထင်သားပဲ၊ တအုံနွေးနွေး မြုံစိစိနဲ့ ဘယ်အထိ ခံနေမလဲ ဆိုတာ စောင့်ကြည့်နေတာ”

“ခိုင်ကလည်းဟယ်”

“ဟုတ်တယ်၊ ကိုကိုဟာ မြုံစိစိနဲ့၊ ဘယ်တော့မှ ရေရေရာရာ ပြတ်ပြတ်သားသား မရှိဘူး။ တို့က အဲဒါ မကြိုက်ဘူး။ ယောက်ျားဆိုရင် ထက်ထက်မြက်မြက်နဲ့ ရှေ့ဆောင်လမ်းပြ လုပ်နိုင်ရမယ်၊ ပြတ်သားရမယ်၊ အားနာတာတို့ အလိုက်သိတာတို့ မလိုပါဘူး။ တို့က မောင်နှမချင်းပေမဲ့ စိတ်ချင်းက တခြားစီ”

“ဒါဖြင့် ယုနဲ့ သဘောမတူဘူးပေါ့”

“ဟင့်အင်း တို့တော့ သဘောမတူပါဘူး၊ တို့သူငယ်ချင်းဘက်က ပြောရရင်တော့ ကိုကို့လိုလူမျိုးနဲ့ သဘောမတူဘူး၊ ကိုကို့နှမအနေနဲ့ ပြောရရင်တော့ ယုနဲ့ သဘောတူတယ်”

သူက အတိအလင်းပင် ပြောသည်။ ကျွန်မက သူ ပြောပုံကို သဘောကျကာ ရယ်ပစ်လိုက်ပြီး အစ်ကို့ကို ငြင်းလိုက်ပါသည်။

အရေးကြီးတော့လည်း သွေးစည်းရာ ဆိုသည့် စကားအတိုင်း အစ်ကိုတစ်ယောက် ချစ်ဝေဒနာ ခံစားနေရတော့လည်း သူ စိတ်မကောင်းဖြစ်လာပါသည်။ ကျွန်မက အစ်ကို့ခံစားမှုများကို ရှည်လျားစွာ ရေးလာသော စာများမှတစ်ဆင့် သိရသူ၊ သူက နေ့စဉ်နှင့်အမျှ မြင်နေရသူ။

“ယုရယ် … တို့ကိုကို မရှူနိုင် မကယ်နိုင် ဖြစ်နေတာ စိတ်မချမ်းသာလိုက်တာ၊ ပြန်ချစ်လိုက်ပါဟာ”

သူ မပြောမီကပင် ကျွန်မ ယိမ်းယိုင်ခဲ့ပါပြီ။ အစ်ကိုသည် သူ့အချစ်ကို နှုတ်ဖြင့် တစ်ခါမျှ ဖွင့်မပြောဖူးသော်လည်း စာကိုမူ ရှည်လျားစွာ ရေးတတ်ပါသည်။ စာရေးလည်း ကောင်းပါသည်။ သူ့ရင်ထဲမှ ခံစားမှုကို သူ့နှုတ်ကသာ ပြောလျှင် ပြည့်စုံအောင် ကျွန်မ သိကောင်းမှ သိနိုင်ပါမည်။ ရှည်လျားသော သူ့စာများက ကျွန်မနှလုံးသားကို လှုပ်ရှားစေခဲ့ပါသည်။ တကယ်တော့လည်း မစွမ်းရင်းကရှိ၍ ကန်စွန်းခင်းက ငြိရခြင်း ဖြစ်ပါလိမ့်မည်။

ကျွန်မ တက္ကသိုလ် နောက်ဆုံးနှစ်တွင် သူသည် ကိုအောင်ဆွေ ဆိုသော စစ်ဗိုလ်လေးတစ်ယောက်နှင့် ကျွန်မကို မိတ်ဆက်ပေးသည်။

“မောင် … ဟောဒါ ခိုင့်အချစ်ဆုံး သူငယ်ချင်းလည်းဖြစ်၊ ယောင်းမလောင်းလည်း ဖြစ် … ယု”

စဆုံရလျှင် ဆုံရချင်းပင် သူက ‘မောင်’ ဟု တိတိလင်းလင်း ခေါ်ကာ မိတ်ဆက်ပေးလိုက်သည်မို့ သူ့ချစ်သူ ဖြစ်ကြောင်း ကျွန်မ သိလိုက်ရသည်။ ရုတ်တရက်မို့ နားရှက်ခြင်း၊ အံ့ဩခြင်းနှင့်အတူ သည်လူ့မျက်နှာကိုပင် စေ့စေ့မကြည့်လိုက်မိ။ သူ ထွက်သွားလျှင် သွားချင်းပင် ခိုင့်လက်မောင်းကို ကျွန်မ ထုရိုက်ကာ ဗလုံးဗထွေး မေးလိုက်မိသည်။

“မောင်တွေ ဘာတွေနဲ့၊ ဘယ်က ဘယ်လို တွေ့ဖြစ်လာကြလဲ၊ ပြောစမ်းပါဦး”

သူက တဟားဟား ရယ်နေသည်။ ကျွန်မ မေးသည်ကို မဖြေ၊ ကျွန်မက အားမလိုအားမရ ဖြစ်လာပါသည်။

“ဟေ့ … ဒီလို မရဘူး … မလိုချင်ဘူး၊ ပြောကွာ … ဘယ်ကလဲ … ဘယ်လို တွေ့ကြတာလဲ၊ ယုကို ဘာဖြစ်လို့ မပြောဘဲ ထားရတာလဲ”

“ပြောနေစရာ လိုသေးလား … ယုရဲ့၊ အကောင်နဲ့အထည်နဲ့ ပြပြီပဲ”

“ယု အခုမှ သိရတယ်”

“တို့ ပြန်ကြိုက်လိုက်တာ တစ်ပတ်တောင် မပြည့်သေးဘူး”

“ဒါနဲ့များ မောင် … တဲ့”

“ဟ … မောင် မခေါ်လို့ ဟေ့လူလို့ ခေါ်ရမှာလား၊ ကိုယ့်ချစ်သူကို ကိုယ်တင်စား ခေါ်နေကြတာများ အဆန်းမှတ်လို့။ သူများလို ပရီဝါးပုံစံနဲ့ အရှက်ကြီးပြီး လူရှေ့ ခေါ်တော့ တစ်မျိုး၊ နှစ်ယောက်တည်း တစ်မျိုး မခေါ်တတ်ပေါင်”

“အမယ် … အမယ် ဘယ်သူက လူရှေ့တစ်မျိုး၊ နောက်ကွယ်တစ်မျိုး ခေါ်တတ်လို့လဲ”

“ဘယ်သူလဲ မသိပါဘူးကွယ် … တို့များ ကြားဖူးပါရဲ့၊ လူရှေ့တော့ အတစ်လုံး တိုးပြီး နှစ်ယောက်တည်းတော့ အ တစ်လုံး ဖြုတ်လိုက်ရော …၊ အမယ် … ဒါတောင် မရဲတရဲ တိုးတိုးလေး … ‘ကို’ … တဲ့”

“ကြည့်စမ်း … ကြည့်စမ်း … သူ မကောင်းဘူး”

ကျွန်မက သူ့ကျောကို တဘုံးဘုံးနှင့် ထုပစ်လိုက်ပါသည်။

သည်အထိ သူနှင့် ကျွန်မက ‘သတ္တိ’ ချင်း ကွာပါသည်။ အချစ်နှင့် ပတ်သက်၍ ရင်ဆိုင်ကြစတမ်း ဆိုလျှင်လည်း သူ့နည်းတူ စွန့်စားရဲ၊ တွန်းလှန်ရဲမည် မထင်ပါ။ အစ်ကိုသည်လည်း ကျွန်မနည်းတူပင်။ သူ့ညီမ ကင်ပွန်းတပ်သကဲ့သို့ မြုံစိစိ အေးစက်စက်သမားဖြစ်၍ အားကိုးရမည် မထင်ပါ။

အစ်ကိုသည် ယနေ့ထိ ကျွန်မကို လက်ထပ်ရေးနှင့် ပတ်သက်၍ ရေရေရာရာ မပြောဖူးသေးပါ။ တစ်ခါတစ်ရံ လက်ထပ်ရေးကို တိုင်ပင်ကြသော်လည်း ကျွန်မကိုယ်တိုင်က စောသေးသည်ဟုပင် ထင်ခဲ့၍ မပြတ်မသား ဖြစ်နေမိသည်။ ကျွန်မတို့ ချစ်ခဲ့ကြသည်မှာ သုံးနှစ်ပင် ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျွန်မ အလုပ်ဝင်ခဲ့သည်မှာ တစ်နှစ်လောက်သာ ရှိသေးသည်။ အမေ့ကို လုပ်ကျွေးရဦးမည်။ ပြီး အမေတစ်ခု သမီးတစ်ခုပင် ဖြစ်သော်လည်း ကျွန်မ လက်ထပ်လျှင် အမေနှင့် ခွဲရမည်။ အမေက သူ့ဇာတိကို မခွာနိုင်ဟု ဆိုပါသည်။ သည်တော့လည်း အစ်ကိုက လက်ထပ်ရေးအတွက် ပူပူဆာဆာ မလုပ်သည်ကိုပင် ကျေးဇူးတင်မိသေးသည်။ သည်အတိုင်း ဆိုလျှင် ကျွန်မသည် အိပ်မပျော်သည့်အတူတူ အစ်ကို့ထံ စာ ထ,ရေးမိသည်။

အစ်ကိုရယ် …

မနေ့ကလေ ခိုင်တို့ ရောက်လာကြတယ်။ ခိုင်တို့ကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုတို့ မိသားစုထဲမှာ ပြင်းပြင်းထန်ထန် ပဋိပက္ခ ဖြစ်ခဲ့ကြတယ် မဟုတ်လား။ ဒီဂယက်ဟာ ယုတို့ဆီများ ရိုက်ခတ် …

* * *

“အမေနဲ့ ခိုင်တို့အဒေါ်နဲ့ တွေ့ခဲ့တယ်”

အမေ ဈေးမှအပြန် ဈေးဆွဲခြင်းကို လှမ်းယူလိုက်လျှင်ပင် အမေက ပြောလိုက်သည်။ ကျွန်မ ရင်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။

“ဘာတွေ ပြောသေးလဲ အမေ”

“ခိုင်တို့ မလာဘူးလားတဲ့၊ ယုက ခိုင် သိပ်ချစ်တဲ့ သူငယ်ချင်းပဲ၊ လာမှာပေါ့တဲ့”

“ဒီတော့ အမေက ဘာပြောလိုက်လဲ ဟင်”

“လာတာ လာတယ်ပေါ့ သမီးရယ်၊ သူတို့ သနပ္ပင် ရောက်နေကြပြီလား ဆိုလို့တောင် ရောက်နေပြီလို့ ပြောလိုက်တယ်”

ကျွန်မ ရင်ထဲမှာ လေးလံသွားပါသည်။ ဒေါ်ဒေါ်ခင် မေးလားမြန်းလား လုပ်သည်ကို ကျွန်မ မသင်္ကာပါ။ ကျွန်မသူငယ်ချင်းအတွက် အန္တရာယ်တစ်ခု ကျရောက်သွားမည်ကဲ့သို့ ကျွန်မ စိုးရိမ်သွားမိသည်။ အမေက ကျွန်မ မျက်နှာပျက်နေသည်ကို အကဲခတ်မိဟန် တူပါသည်။

“သမီးက ဘာစိုးရိမ်လို့လဲ၊ အမေ ပြောတာတွေ မလွန်ပါဘူး သမီးရဲ့၊ သူက သိပြီးသားပါ ဆိုတဲ့ အမေးနဲ့ မေးတာပါကွယ်၊ အမေ နားလည်ပါတယ်၊ ဒါတွေက လျှို့ဝှက်ရမှာမှ မဟုတ်ဘဲ”

“အင်းလေ မေးဖော်ရတယ် ဆိုတာပဲ ဝမ်းသာစရာကောင်းပါတယ်နော်”

“သူက ပြောပါသေးတယ်၊ မိဘတွေ စိတ်နာပြီး ပစ်ထားပေမဲ့ တူမ ဆိုတော့ တွေ့ချင်တာပဲတဲ့”

“ခိုင်က တွေ့ချင်ပါ့မလား မသိ”

“ဘာပဲဖြစ်ဖြစ် လူကြီးနဲ့လူငယ် ဆိုတော့ လူငယ်က ဝတ္တရားကျေဖို့ လိုတာပေါ့။ ဒီတစ်ခေါက် ခိုင် လာရင် သူ့အဒေါ်အိမ်ကို သွားဖို့ သမီးက တိုက်တွန်းလိုက်ပါ၊ မိဘဆွေမျိုး ဆိုတာ ရေကို ဓားနဲ့ ပိုင်းလို့ မရသလို ဘယ်မှာ ဖြတ်လို့ရမလဲ”

အမေ ပြောသည်မှာ နည်းလမ်းကျပါသည်။ ကျွန်မအနေနှင့်လည်း ခိုင့်ကို သူ့မိသားစုနှင့် ပြန်လည်ဆက်သွယ်မှု ရရန် တဖြည်းဖြည်း ကြိုးစားစေချင်သည်။ နောက်တစ်ခေါက် ခိုင် ရောက်လာသောအခါ ကျွန်မက ဒေါ်ဒေါ်ခင်တို့အိမ် သွားရောက် နှုတ်ဆက်ရန် တိုက်တွန်းမိသည်။

“မသွားချင်ဘူးကွာ … မျက်နှာအောက်ချပြီး အသနားမခံချင်ပါဘူး”

“မဟုတ်သေးဘူးလေ ခိုင်ရယ်၊ အမေက စိတ်ဆိုးနေပေမဲ့ အဒေါ်တွေက ကိုယ့်အပေါ် အဆက်အသွယ်မပြတ်မှ သည်ကတစ်ဆင့် မိဘရင်ခွင်ထဲ ပြန်တိုးဝင်ရမှာပဲ”

“အို … မသွားချင်ပါဘူး ယုရယ်၊ တို့သားအမိပြဿနာဖြစ်ရတဲ့အထဲမှာ အဒေါ်တွေလဲ ခလောက်ဆန်တာတွေ အများကြီးပါတယ်၊ ဒေါ်ကြီးတို့ ဒေါ်လတ်တို့အပြင် ဒေါ်ဒေါ်ခင်လည်း ပါတာပဲ။ ပတ်ချွဲနပ်ချွဲနဲ့ မေမေ့ကို ဘာတွေ လာပြော ပြောနေတယ်ဆိုတာ တို့ မသိတာမှတ်လို့၊ သူ့လင်ဘက်က ဘာကောင်ကြီး ဆိုလား မုဆိုးဖိုကြီး တစ်ယောက်နဲ့ ယူစေချင်လိုက်တာ တစ်ပိုင်းကို သေလို့။ သူက ပြောသေးတယ်၊ လူဆိုတာ ကျောနောက်မှာ အထောက်အခံ မရှိရင် ဘဝ မလုံခြုံဘူးတဲ့၊ ဒါကြောင့် ကျောထောက်နောက်ခံ ကောင်းတဲ့သူကို ယူရမယ်တဲ့။ ဟာ … ဟ၊ ရယ်ချင်လိုက်တာကွာ …၊ တို့ငယ်ငယ်က မှောင်တဲ့အခန်းထဲ ဝင်ပြီး ပြန်မထွက်ရဲရင် ကျောမလုံလို့ နောက်ဆုတ် နောက်ဆုတ် ထွက်ရတာကို သတိရလိုက်တာ”

သူက ဟက်ဟက်ပက်ပက် ရယ်နေသည်။ ကျွန်မကမူ သူ့နည်းတူ မရယ်မိပါ။ အပူအပင်ကြီးသူပီပီ သည်မိန်းကလေးနှင့် သူ့မိသားစု ပြေပြေလည်လည် ဖြစ်စေချင်ပါသည်။ ခိုင့်အဒေါ်သည် စကားများသူတစ်ယောက်ဖြစ်၍ ကိုယ့်စကား သူ့စကား သယ်ပို့တတ်သည်။ သည်အချက်ကို လိမ္မာစွာ အသုံးချလျှင် ကောင်းမည်ဟု ကျွန်မ ယူဆမိပါသည်။

“ခိုင်ကလည်းကွယ်၊ မာနကြီးရမယ့် လူတွေအပေါ် မဟုတ်ဘဲ မာနကြီးမနေစမ်းပါနဲ့”

“ယု နားမလည်ပါဘူးဟာ၊ တို့ဆွေမျိုးတွေအကြောင်း တို့ အသိဆုံးပါ။ သူတို့အောက်မှာ တွေ့တဲ့အရာ ဆိုရင် နင်းပစ်မယ်။ အပေါ်မှာ ရှိတဲ့အရာဆိုရင် မော်ဖူးမယ်၊ ဒီစိတ်နှစ်မျိုးပဲ ရှိတယ်”

“ဒေါ်ဒေါ်ခင်ကတော့ ခိုင့်ကို တွေ့ချင်တယ်လို့ အမေ့ကို ပြောသတဲ့”

“သူကတော့ စကားကို ပန်းအိုးထိုးသလို အလှဆင်ပြောဖို့ စိတ်ကူးနေတဲ့သူပဲ။ သူ့စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ သူ့စကားကို တိုက်ရိုက်အဓိပ္ပါယ်ပြန်လို့ မရဘူး၊ တကယ်တွေ့ချင်တယ် ဆိုဦး … သူ့ကို ဟိုတစ်ဖက်က အထင်အမြင် မလွဲအောင် တစ်မျိုး ပြောဦးမှာ အမှန်ပဲ”

“တွေ့ချင်တယ်လို့ ပြောဖော်ရတာ တော်သေးတာပေါ့၊ စိတ်ထဲက မပါလည်း ဘာဖြစ်လဲ၊ သူ့စကားစ ရှိတော့ ကိုယ်က သွားဖို့ကောင်းတာပေါ့”

ကျွန်မက အလျှော့မပေးဘဲ ဆက်လက်တိုက်တွန်းမိသည်။ သူက ကျွန်မမျက်နှာကို စေ့စေ့ကြည့်ကာ မှတ်ချက်ချပါသည်။

“ယုက တယ်လည်း သဘောလွယ်တာကိုး။ တို့ကတော့ ခေါင်းမာတယ် ဆိုဆို၊ မှန်တယ် ထင်ရင် ဘာဖြစ်ဖြစ် အလျှော့မပေးချင်ဘူး။ ယုနဲ့ ကိုကိုနဲ့ လိုက်လည်း လိုက်ပါတယ်၊ သူတို့နှစ်ယောက်သာ ညားကြရင် သူများ လှည့်တိုင်း ခံနေကြရမှာ မြင်သေးရဲ့”

“အမယ် … ဒီလိုတော့ မပြောပါနဲ့ အမိရယ်၊ မသွားချင်ရင်လည်း နေပါ နေပါ”

ဘယ်လိုမှ နားချ၍ မရသောကြောင့် ကျွန်မ လက်လျှော့လိုက်ရပါသည်။ တစ်နေ့နေ့မှာတော့ သူ နားလည်လာကောင်းပါရဲ့။

***

ယခုမှ ခိုင်နှင့် ကျွန်မ ပို၍ အနေနီးလာကြပါသည်။ သူသည် တစ်ပတ်တစ်ခါ ဆိုသလို ကျွန်မတို့အိမ်သို့ ရောက်လာသည်။ တစ်ခါတစ်ရံ ကိုအောင်ဆွေပါ အေးအေးဆေးဆေး အတူလိုက်လာတတ်၍ ကိုအောင်ဆွေ မအားသည့်အခါတွင် သူ့ကို တစ်ယောက်တည်း လာပို့သွားတတ်သည်။

သူ ရောက်လာပြီ ဆိုလျှင် သားအမိနှစ်ယောက်တည်း ခြောက်ကပ် တိတ်ဆိတ်သောအိမ်မှာ စည်စည်ညံညံ ဖြစ်လာတတ်သည်။ အမေ့အဖို့ သမီးတစ်ယောက် ကောက်ရသလို ရလာသည့်နည်းတူ ခိုင့်အတွက်လည်း အမေစား ရလာသည်။ အမေ့ကို ခိုင့်ပြောပုံဆိုပုံမှာ လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ ခိုင်သည် အမေလွမ်းသော စိတ်ကို သည်မှာ အစားထိုး ဖြေဟန် တူပါသည်။

ကျွန်မက သူ့အဖြစ်ကို ရင်နာမိသည်။

ခိုင်သည် ကျွန်မလို မဟုတ်။ အသိုင်းအဝိုင်း ကျယ်ကျယ်ပြန့်ပြန့်နှင့် သိုက်သိုက်ဝန်းဝန်း နေခဲ့ရသူ ဖြစ်သည်။ သူတို့အမေဘက်မှာလည်း ဆွေမျိုးသားချင်းက ခပ်များများ၊ သူ့အဖေဘက်ကလည်း ခပ်များများ။ သူ့အဖေ မရှိသည့်တိုင်အောင် သူတို့အမေသည် သူ့အဖေ အရှိန်အဝါကို မမှိန်အောင် ဆက်ထိန်းနိုင်ခဲ့သည်။ သည်လို အသိုင်းအဝိုင်းထဲက တစ်ယောက်တည်း ခွဲထွက်လာခဲ့သည်မှာ ထူးထူးခြားခြား အပြောင်းအလဲတော့ ဖြစ်မည် အမှန်ပင်။ သူကမူ ဘာမျှ လေးလေးနက်နက် ထားပုံမရပါ။ ပေါ့ပါးရွှင်လန်းစွာ ရယ်မောနေနိုင်ပါသည်။ ချစ်သူမျက်နှာ တစ်ကမ္ဘာ ဆိုတာ အဲဒါ ထင်ပါရဲ့။

အစ်ကိုနှင့် ကျွန်မတို့အိမ်မှာ ဆုံစဉ်က ဆီးကြိုနှုတ်ဆက်သည်မှာ …

“ကိုကို …ခိုင်တို့အိမ်ကို လိုက်လည်ပါလား”

သူသည် ဘာမျှ မလှုပ်ရှားသလို အိမ်သတင်းကို မမေးဘဲ ရောက်တတ်ရာရာ အကြောင်းကိုသာ ပြောပါသည်။ ကျွန်မသည် ခိုင်၏ ခိုင်မာပြတ်သားသော စိတ်ထားကို အံ့သြမိသည်။ ကျွန်မသာ ဆိုလျှင် အစ်ကို့ကို မြင်လျှင်ပင် ရှိုက်ကြီးတငင် ငိုမိလိမ့်မည် ထင်ပါသည်။ တကယ်တော့ အစ်ကိုနှင့် ဆုံစည်းစေရန် ကျွန်မက တမင်ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ခိုင့်ကို သူ့မိဘအသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်သွယ်စေချင်သည်။ ဒေါ်ဒေါ်ခင်ကတစ်ဆင့် မဆက်နိုင်လျှင် ရှိစေ။ အစ်ကိုကတစ်ဆင့် ဆက်မည်။ သည်ရည်ရွယ်ချက်နှင့် သူတို့မောင်နှမ အိမ်မှာ ဆုံမိအောင် ကျွန်မက ဖန်တီးလိုက်သည်။ ဘာပဲဖြစ်ဖြစ် မောင်နှမချင်း တွေ့လျှင် အိမ်သတင်း အဆက်မပြတ်ဘဲ အဆက်အစပ် ရယူနိုင်မည်ဟု စီမံကိန်း ချခဲ့ခြင်း ဖြစ်ပါ၏။

မဟာအတွေးအခေါ်နှင့် ကျွန်မ စီစဉ်ခဲ့သော်လည်း မရွှေခိုင်က စကားလမ်းကြောင်းပင် လွှဲပစ်ခဲ့သည်။ ကျွန်မက အပြစ်တင်စကားပြောသောအခါ သူက ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပါသည်။

“ဘာဖြစ်လို့ တို့ကိစ္စကို ဒီလောက် ကြောင့်ကြနေရတာလဲ သူငယ်ချင်းရယ်။ တို့ကိစ္စက ပြီးခဲ့ပြီ၊ တို့ ဖြစ်ချင်တာ ဖြစ်ခဲ့ပြီ၊ တို့ဘဝ တို့ကျေနပ်နေတာပဲ။ ပူရမှာက အမိတို့ကိစ္စ၊ အေးစက်စက် လုပ်မနေနဲ့ ယု၊ ကိုကို့ကို လက်ထပ်ဖို့ ပြောတော့”

“အို … ဘယ်သူက ပြောရမှာလဲ”

“လက်ထပ်ဖို့ ဆိုတာ ယောက်ျားက ပြောရမယ်၊ မိန်းမက ပြောရမယ် မရှိပါဘူး ယုရာ၊ ဒါ ချစ်သူနှစ်ယောက် အရေးပဲ။ ချစ်ကြ ကြိုက်ကြတယ် ဆိုတဲ့ ရည်မှန်းချက်က အိမ်ထောင်ပြုကြဖို့၊ အတူနေကြဖို့၊ အတူနေရမယ့်အရေး ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အလေးအနက် ပြောရဆိုရမှာပဲ၊ ကြံစည်စိတ်ကူးရမှာပဲ၊ ဒါ ရှက်စရာ မဟုတ်ပါဘူး။ ဒီအတိုင်း ဆိုရင် ယုတို့ကိစ္စက မျောနေလိမ့်မယ်”

သူ ပြောသည်မှာ စဉ်းစားစရာ ဖြစ်ပါသည်။ မကြာသေးမီက အစ်ကို စာရေးခဲ့သေးသည်။ ခိုင်နှင့် ပတ်သက်သည့်အကြောင်း ဖြစ်သော်လည်း ကျွန်မတို့ကိစ္စနှင့် ဆက်စပ်နေပါသည်။

မိခိုင်ကို အစ်ကို့အနေနဲ့ကတော့ စိတ်ဆိုးစရာ မရှိပါဘူး။ အစ်ကိုလည်း အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသင့်တယ် ဆိုတာ နားလည်လက်ခံပါတယ်။ လူကြီးနဲ့ လူငယ် ဆိုတာကတော့ အတွေးအခေါ်ချင်း ပဋိပက္ခဖြစ်တတ်တာပဲ မဟုတ်လား။ ဒါကို လူငယ်က ကိုယ့်ဆန္ဒ ဖြစ်မြောက်အောင် တဖြည်းဖြည်း ကြိုးစားယူဖို့ ကောင်းတာပေါ့။ ခုတော့ အားလုံး စိတ်မကောင်းဖြစ်ရတယ်။ မေမေဆိုရင် စိတ်ဆိုးလွန်းလို့ ခိုင့်နာမည်တောင် မပြောရတော့ဘူး။

ယု စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာပဲ။ အခုဆို မေမေဟာ သိပ်စိတ်ထိခိုက်နေတယ်။ အစ်ကိုတို့ကိစ္စကို ဘယ်လိုမှ ပြောလို့ရဦးမှာ မဟုတ်သေးဘူး။ မိခိုင်က ဒီလိုလုပ်သွားတော့ အစ်ကို့အနေနဲ့ ပိုပြီး ထောက်ထားရမယ့်သဘော ရှိနေတယ်။ အေးကွယ် … အစ်ကိုလည်း ယုကို လက်ထပ်ချင်လှပါပြီ။ မိခိုင်တို့ကိစ္စသာ မပေါ်ခဲ့ရင် ဒီနွေမှာ လက်ထပ်ကြဖို့ အစ်ကို တိုက်တွန်းမိမှာ။

သိပ်လည်း စိတ်မပူပါနဲ့ကွယ်။ အစ်ကိုတို့ကိစ္စကို မေမေလည်း သိတန်သလောက် သိထားတာပဲ။ မကျေနပ်တဲ့သဘော မရှိပါဘူး။ ကိုယ့်ချစ်သူလို ရိုးသားသိမ်မွေ့ပြီး သဘောထားပြည့်တဲ့ မိန်းကလေးမျိုးကို မေမေကလည်း လိုလားမှာ အမှန်ပါပဲ။ လောလောဆယ်တော့ စိတ်ရှည်သည်းခံပါလို့ အစ်ကို တောင်းပန်ပါတယ်ကွယ်။

ရိုးသားခြင်း၊ သဘောထား ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသော လူ၏ မူလအခြေခံ အရည်အချင်းများဖြင့် အစ်ကိုတို့အသိုင်းအဝိုင်းတွင်းသို့ ကျွန်မ ဝင်ရောက်နိုင်ပါ့မည်လား။

* * *

“အမေရယ်၊ ခိုင် မျက်နှာမြင်ခါနီး ဒီမှာ လာနေမယ်နော်”

ခိုင်သည် ပဋိသန္ဓေ လွယ်ရပြီ ဆိုလျှင်ပင် အမေ့ကို ပြောလိုက်ပါသည်။ အမေရော ကျွန်မပါ စိတ်မကောင်း ဖြစ်သွားကြသည်။ အကယ်၍သာ သူ့မိသားစုနှင့် အဆင်ပြေပြေ ဆိုပါလျှင် သည်လို အရေးအကြောင်းနှင့် အချိန်အခါမျိုးတွင် မိခင် ရှိရာ အားကိုးတကြီး ပြေးပေလိမ့်မည်။ ကျွန်မတို့သားအမိ နီးနီးနားနားရှိလို့ တော်ပါသေးရဲ့။

လာနေမည်ဟု တွက်ထားသည့်ရက်ထက် တစ်လခန့် စော၍ သူ ရောက်လာသည်။ အင်မတန် စိတ်ဓာတ်ခိုင်မာသည်ဟု ထင်ရသော ခိုင်တစ်ယောက် မျက်စိမျက်နှာပျက်နေသည်။ ကိုအောင်ဆွေ ရှေ့တန်း ထွက်ရမည်။

“အမေနဲ့ ယုတို့ဆီ အပ်ခဲ့ရလို့သာ ကျွန်တော် စိတ်ဖြောင့်ဖြောင့် သွားနိုင်တာ၊ ခိုင် မျက်နှာမြင်တဲ့အချိန်လောက်မှာ ကျွန်တော် ပြန်ရောက်ချင် ရောက်နိုင်ပါတယ်။ ဒီကြားမှာ အမေတို့ပဲ စောင့်ရှောက်ထားပေးပါ။ အရေးအကြောင်း ရှိရင် ကျွန်တော့်ဆီ အကြောင်းကြားလိုက်နော် ယု”

သူက ပူပန်စွာ မှာကြားသွားခဲ့သည်။

“တို့ မမွေးခင် မောင် ပြန်ရောက်လာရင် ကောင်းမှာပဲ”

“ရောက်လာမှာပေါ့ကွယ်၊ မရောက်လာလည်း ယုတို့ ရှိသားပဲ၊ ဘာ အားငယ်စရာရှိသလဲ”

“မောင် ရှိတော့ ပိုကောင်းတာပေါ့”

“အမယ်လေး … သည်းနေလိုက်တာကွာ၊ အားပေးတဲ့လူမှ အားမနာ ပါးမနာ”

ကျွန်မက သူ့စိတ်ပေါ့ပါးသွားစေရန် ကျီစယ်နောက်ပြောင်လိုက်ပါသည်။ သည်တော့မှ သူ့ကိုယ်သူ သဘောကျစွာ ရယ်မောနေတော့သည်။

အမေသည် သူ့ကို သမီးရင်းနှင့်မခြား စောင့်ရှောက်ပါသည်။ နဂိုကပင် သူ့သမီး၏ ချစ်သူငယ်ချင်း ဖြစ်သည့်အပြင် အခြေအနေအရ အမိချစ်ခြင်းနှင့် ကင်းကွာနေရသူမို့ သနားစိတ်လည်း ပိုဟန်တူပါသည်။ အမေ့ညွှန်ကြားချက်အတိုင်း ညနေဘက်တွင် ကျွန်မတို့နှစ်ယောက် လမ်းလျှောက်ကြရသည်။

ကျွန်မတို့အိမ်နောက်ဖေးဘက်တွင် ချောင်းကလေး ရှိပါသည်။ တကယ်တော့ ချောင်းကလေး မဟုတ်။ မြောင်းရှည်ကြီးတစ်ခုဟု ဆိုရပါမည်။ နွေအခါတွင် ရေခန်းနေတတ်၍ မိုးတွင်းတွင် ရေပြည့်လာကာ ရေစီးသည် မြို့ပြင်အရောက် စီးသွားတတ်ပါသည်။ ခိုင်နှင့် ကျွန်မသည် ငယ်ငယ်က သည်မြောင်းရိုးတစ်လျှောက် ဆော့ကစားခဲ့ကြသည်။ ကျွန်မတို့အိမ်နောက်ဘက်မှာ ဝင်းခတ်မထားဘဲ သည်မြောင်းကြီးသည် စည်းရိုးဖြစ်ခဲ့ပါသည်။ ခြံထောင့် မြောင်းစပ်တွင် မန်ကျည်းပင်ကြီးတစ်ပင် ရှိ၍ သည်ပင်ခြေမှာလည်း အတူကစားခဲ့ကြသည်။ အပင်ပေါ် တက်၍လည်း ကစားခဲ့ကြသည်။ မိုးတွင်းအခါ မန်းကျည်းပင်ပေါ် တက်ပြီ ဆိုလျှင် မြောင်းထဲ ဇောက်ထိုးကျမည်စိုး၍ အမေက တားရသည်မှာ အမော။ နွေအခါတွင် ရေခန်းခြောက်လျက်ရှိသော ချောင်းရိုးတစ်လျှောက်မှ ကျောင်းရောက်အောင် သွားခဲ့ကြသည်။ အိမ်ရှေ့က သွားလျှင် နှစ်လမ်းကျော်နှင့် ရောက်သည့်ခရီးကို ချောင်းရိုးအတိုင်း မြို့စွန်နားမှ ပြန်လှည့်လာရသည်မှာ ဝေးသွားသော်လည်း ကျွန်မတို့ ပျော်ကြသည်။

“ငယ်ငယ်ကလို ချောင်းထဲက သွားလို့ရရင် ကောင်းမှာပဲနော်”

ခိုင်က သတိတရနှင့် တမ်းတလိုက်သည်။ ယခုအခါတွင် မြောင်းကြီးသည် နွေမှာလည်း ရေမခန်းတော့ပါ။ ရေစပ်စပ် ရှိနေ၍ အမေက သည်လမ်းမှ သွားခွင့်မပြု။ အခန့်မသင့်လျှင် ခြေချော်လက်ချော် ဖြစ်မည်ကို စိုးရိမ်နေသည်။ ချောင်းကမ်းပါးမှ မန်ကျည်းပင်ကြီးမှာ အမြစ်ခြေကြီးများ ပေါ်နေပါပြီ။ သည်အပင်ကြီးအောက်တွင် ထိုင်ရင်း ကျွန်မတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များ ပြောဖြစ်ကြသည်။

“တို့ ငယ်ငယ်က မန်ကျည်းပင် တက်ပြီး မန်းကျည်းရွက် ခူးတာ၊ မန်ကျည်းသီး ခူးတာတို့ ခဏခဏ သတိရတယ်ကွာ။ ရန်ကုန်မှာ မန်ကျည်းရွက် တစ်ပုံဆယ်ပြား ဆိုတာများ တွေ့ရရင် ဝယ်ရမှာ သိပ်နှမြောတာပဲ၊ ယုကော အရင်လို သစ်ပင်တက်သေးလား”

“တက်တော့ တက်ချင်တာပေါ့ ခိုင်ရာ၊ ဒါပေမဲ့ ဒီအရွယ်နဲ့ ဆရာမ ဆိုတဲ့ သိက္ခာကြောင့် မတင့်တယ်မှာ စိုးလို့ မန်ကျည်းရွက် စားချင်ရင် ခြေရင်းအိမ်က တပည့်လေးတစ်ယောက် ခူးခိုင်းရတော့တယ်”

“ယုကတော့ကွာ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လွန်းတာပဲ၊ ဘာဖြစ်လဲ ကိုယ့်ခြံထဲက အပင်ပေါ် ကိုယ် တက်ခူးတာ၊ ဘာမတင့်တယ်စရာရှိလဲ။ အပေါ်မှာ ရှိရင် တက်ခူးမယ်၊ အောက်မှာရှိရင် လှမ်းခူးမယ်၊ ဒါ ဘယ်သူက ပြောမလဲ”

ကျွန်မက ပြုံး၍နေလိုက်ပါသည်။ ကျွန်မ၏ အကြောင့်ကြ ကြီးတတ်ခြင်း၊ ပတ်ဝန်းကျင်ကို အရေးထားတတ်ခြင်းတို့နှင့် ပတ်သက်၍ သူက မကြာခဏ ကရုဏာဒေါသဖြင့် ပြောတတ်လေ့ရှိသည်။ ကျွန်မကလည်း သည်အရွယ် ရောက်သည်အထိ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ဘာမျှ မလုပ်ရဲတတ်။ ဘယ်သူ ဘာပြောမလဲ ဆိုသော သူများအပြော၊ ဘယ်သူ ဘာထင်မလဲ ဆိုသော သူများအမြင်များကို ရင်ထဲမှာ ဘောင်ဘင်ခတ်အောင် ကြိုတင် တွေးစမြဲ။ ချောင်းထဲတွင် နှင်းဆီဖြူလေးတစ်ပွင့် မျောပါလာသည်။

“ယုရေ … ဟိုမှာ ကြည့်စမ်း … မမထားနဲ့ အပါ ထဲကလို တစ်ယောက်ယောက်များ အထက်ပိုင်းက မျှောလိုက်တာလား မသိ၊ ဘယ်အထိ စီးသွားမလဲ လိုက်ကြည့်ရအောင်ဟေ့”

ကျွန်မက ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

သူနှင့် ကျွန်မသည် မမထားနှင့်အပါ ဇာတ်ကားကို ငါးခါတိတိ ကြည့်ခဲ့ဖူးကြသည်။ သည်ဇာတ်ကားကို ညွန့်ဝင်း၊ မြင့်မြင့်ခင်နှင့် ပြန်လည်ရိုက်၍ အကြိမ်ကြိမ် ကော်ပီကူး၍ ရုံတင်ခဲ့ပါသည်။ ကျွန်မတို့နှစ်ယောက်လည်း ကော်ပီသစ် တစ်ခါတင်တိုင်း တစ်ခါ ကြည့်ပါသည်။ သည်ဇာတ်ကားတွင် မမထားအဖြစ် သရုပ်ဆောင်သော မြင့်မြင့်ခင်က နယ်စပ်တစ်နေရာ စမ်းချောင်းကလေးမှ သူ့ချစ်သူရှိရာကို မှန်းဆ၍ သူတို့အချစ်အထိမ်းအမှတ် နှင်းဆီပွင့်ကလေးများ နေ့စဉ် မျှောရင်း သူ ပြောလိုသည့်စကားများ မှာကြားသည်ကို ကျွန်မ သတိရလိုက်ပါသည်။

“ဘာလဲ မမထားလို ပန်းကလေးတွေ မျှောပြီး ကိုအောင်ဆွေဆီ မှာမလို့လား”

“အေးကွာ … တို့ယောက်ျားက ဘယ်ခရီးပေါက်လို့ ဘယ်ရောက်နေမှန်း တိတိကျကျ သိရင် တို့လည်း မှာချင်တာပေါ့”

“ဘယ်လိုလဲ … ??? ရေ လာပါတော့ ကျီးကန်းတမော့မော့ ဆိုတာမျိုးလား”

သူက ကျွန်မစကားကို အလိုက်သင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ကျွန်မပခုံးကို နွဲ့မှီကာ တိုးတိုးညင်းညင်း ပြောလိုက်ပါသည်။

“မောင့်ကို သိပ်လွမ်းတာပဲ ယုရာ၊ ယုကော ဒီမှာ လာထိုင်ပြီး ကိုကို့ကို မျှော်လေ့မရှိဘူးလားဟင်”

“ဟင့်အင်း … မမျှော်ပါဘူး”

“သူလား မမျှော်ဘဲ နေမှာ …၊ သူ့အဆက်ကြီးကဖြင့် အမြဲလာနေတာလည်း မဟုတ်ဘဲနဲ့ ဖုံးနေရပြန်ပါပြီ”

“ဘယ်က ဖုံးရမှာလဲ ခိုင်ရဲ့၊ တကယ်ပြောတာ၊ အစ်ကိုလာရင် အိမ်ရှေ့က လာတာပဲ၊ အိမ်ရှေ့ ထွက်မျှော်ရတာပေါ့၊ ဒီက မျှော်ရင် အလကားပေါ့”

သူက မျက်စောင်းချိတ်ပစ်လိုက်ပါသည်။

တကယ်တော့ ကျွန်မသည် သူ စိတ်လက်ပေါ့ပါးစေရန် ရယ်စရာ နှော၍ ပြောနေခြင်း ဖြစ်သည်။ သူ့မျက်နှာရိပ်ကို အမြဲအကဲခတ်နေသော ကျွန်မအဖို့ သူ့မျက်နှာ ညှိုးနေမည်ကို စိုးပါသည်။ သန္ဓေသားကို လွယ်ထားရသော မိခင်လောင်းတစ်ယောက်အနေဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ လိုပါမည်။

ကျွန်မတို့အိမ်မှာ နေရသည်မှာ သူ့အတွက် အစစပြည့်စုံသည်ဟု ဆိုနိုင်သော်လည်း သူ့ချစ်သူကိုမူ သူ မတမ်းတဘဲ မနေနိုင်ပါ။ သည်အချိန်မှာ မိန်းမတိုင်း ကိုယ့်လင် ကိုယ့်သားကို အနားမှာ ရှိစေချင်ကြပေလိမ့်မည်။ ခိုင်လို မိန်းကလေးပင် စိတ်အားငယ်နေသည်။

“တစ်ခါ တစ်ခါ စိတ်ထဲမှာ မောင်နဲ့မှ ပြန်ဆုံရပါဦးမလားလို့ ထင်နေတယ်”

“ဟယ် … မဦးမချွတ် မပြောကောင်းတာတွေ၊ ခိုင် ပါးစပ်ကြီးပိတ်ထားစမ်း”

ကျွန်မ အလန့်တကြား တားမြစ်လိုက်မိသည်။

အပိုင်း(၃)ဆက်ရန်
---------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Credit: သောကြာကြိုက်သောစာစုများ

image