လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #KhinHlaingKyu

အပိုင်း(၂)

ခိုင်နှင့် ကျွန်မသည် ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ခဲ့ကြသော်လည်း အစ်ကိုနှင့်မူ တက္ကသိုလ် ရောက်မှ ဆုံခဲ့ကြသည်။

ခိုင်သည် စတုတ္ထတန်းအရွယ်ရောက်မှ ကျွန်မတို့ကျောင်းသို့ ရောက်လာပါသည်။ သည်တုန်းက ခိုင့်အဖေမှာ နယ်ပိုင်အဖြစ်နှင့် မြန်မာပြည်အနှံ့ ပြောင်းရွှေ့နေရ၍ ခိုင့်ကို အဘွားနှင့် အဒေါ်များ ရှိရာတွင် လာထားခြင်း ဖြစ်သည်။ အစ်ကို့ကိုမူ ရန်ကုန်တွင် ကျောင်းအိပ်ကျောင်းစား ထားခဲ့သည်ဟု သိရပါသည်။

ခိုင်သည် ငယ်ငယ်ကတည်းကပင် မဟုတ်မခံ ဆတ်ဆတ်ကျဲ ဖြစ်၍ နှုတ်နည်းသူ၊ ကုပ်ကုပ်နေတတ်သူ ကျွန်မနှင့် အပေါင်းအသင်း လုပ်လာပါသည်။ ကျွန်မကမူ စကားနည်းရုံမက ကြောက်လည်း ကြောက်တတ်ပါသည်။ ထစ်ခနဲ ဆိုလျှင် မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် ကျလာသည်သာ ကျွန်မ၏အစွမ်းသတ္တိ ဖြစ်ပါသည်။ ဤသည်ကို အားမရသော ခိုင်က ကျွန်မဘက်မှ ရန်ဖြစ်ပေးရသည်နှင့်၊ ကာကွယ်ပေးရသည်နှင့်။

တက္ကသိုလ်ဝင်နှစ်တွင် ခိုင့်ကို မိဘများက ပြန်ခေါ်ထားကြပါသည်။ သူတို့ ရန်ကုန်မှာ အခြေစိုက်ကြပြီ။ ပဲခူးမှာလည်း သူတို့ဆွေမျိုးအသိုင်းအဝိုင်းက တကွဲတပြား ဖြစ်သွားကြပြီ။ ခိုင်တို့အဘွား ဆုံးပြီနောက် ခိုင့်အဒေါ် အကြီးတစ်ယောက်က အိမ်ထောင်ကျပြီး နမ္မတူ ပြောင်းသွားပါသည်။ ခိုင့်အဒေါ်လတ်ကလည်း ရန်ကုန်မှ အထက်တန်းအရာရှိတစ်ဦးနှင့် လက်ထပ်လိုက်ပါသည်။ စောစောကပင် အိမ်ထောင်ကျခဲ့သော ဒေါ်ဒေါ်ခင်သာ အမွေဆိုင်အိမ်ကြီးမှာ သားသမီး တစ်ပြုံတစ်မနှင့် ကျန်ရစ်ခဲ့ပါသည်။

နောက်တစ်နှစ်မှာ ကျွန်မ တက္ကသိုလ် ရောက်ပါသည်။ ကျွန်မအဖေသည် တရားသူကြီးတစ်ယောက်ဖြစ်၍ ခိုင်တို့အဖေနှင့် ခင်မင်သော သက်တူရွယ်တူ ဖြစ်ပါသည်။ သို့သော်လည်း အဖေက သက်ဆိုးမရှည်ပါ။ ထိုနှစ်မှာပင် အဖေ ကွယ်လွန်ခဲ့ပါသည်။ အဖေ ဆုံးပါးခဲ့သော်လည်း ကျွန်မတို့သားအမိမှာ ချို့ချို့ငဲ့ငဲ့ မရှိလှပါ။ တစ်ယောက်တည်း သမီးမို့ ကျွန်မကို အမေက တက္ကသိုလ် ပို့နိုင်သည်။

ခိုင်သည် ငယ်စဉ်ကတည်းက ထက်မြက်သူပီပီ သင်္ချာ တော်သော်လည်း စာကျက် အင်မတန်ပျင်း၍ ကျက်စာ ဘာသာရပ်များတွင် အမြဲတမ်း သူ ကျတတ်ပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို သုံးနှစ် ဖြေသည့်တိုင်အောင် သူ မအောင်ပါ။ သူနှင့် ကျွန်မ တက္ကသိုလ် အတူမတက်ရသော်လည်း ကျွန်မ ရှိရာကိုမူ သူ အမြဲ ရောက်လာတတ်သည်။ ကျွန်မအခန်းမှာ နှစ်ယောက်ခန်း ဖြစ်သော်လည်း အမြဲ သုံးယောက် ဖြစ်နေတတ်သည်။ ကျွန်မတို့အဆောင်မှူးမှာ သဘောကောင်းသူဖြစ်သည့်အပြင် ခိုင့်မိဘများနှင့်လည်း ဆွေမျိုးနီးစပ်တော်သူ ဖြစ်သောကြောင့် ကျွန်မတို့နှစ်ယောက် လုံးလုံးထွေးထွေး နေနိုင်ခဲ့ကြသည်။

ဆန်းတော့ မဆန်းပါ။ ခိုင်၏တစ်ဦးတည်းသော အစ်ကိုမှာလည်း ကျွန်မ ချစ်သူ ဖြစ်လာသည်။

ကျွန်မ တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်အရောက်တွင် အစ်ကိုက သမိုင်းဌာနတွင် နည်းပြဆရာ ဖြစ်လာသည်။ သည်နှစ်မှာပင် ကျွန်မကို ချစ်ရေးဆိုလာသည်။ အများအမြင်တွင် နှမက ကြားဝင်ခဲ့သည်ဟု ထင်ကောင်းထင်ပါမည်။ ခိုင်ကမူ ကျွန်မက အစ်ကို့စာကို ပြမှ မြင်ရသည်။ သို့သော် သူက ကျွန်မထက် အကင်းပါးသူပီပီ စောစောစီးစီးကပင် ရိပ်မိနေသည်။

“တို့ကိုကို ယုကို စိတ်ဝင်စားနေတယ်လို့ ထင်သားပဲ၊ တအုံနွေးနွေး မြုံစိစိနဲ့ ဘယ်အထိ ခံနေမလဲ ဆိုတာ စောင့်ကြည့်နေတာ”

“ခိုင်ကလည်းဟယ်”

“ဟုတ်တယ်၊ ကိုကိုဟာ မြုံစိစိနဲ့၊ ဘယ်တော့မှ ရေရေရာရာ ပြတ်ပြတ်သားသား မရှိဘူး။ တို့က အဲဒါ မကြိုက်ဘူး။ ယောက်ျားဆိုရင် ထက်ထက်မြက်မြက်နဲ့ ရှေ့ဆောင်လမ်းပြ လုပ်နိုင်ရမယ်၊ ပြတ်သားရမယ်၊ အားနာတာတို့ အလိုက်သိတာတို့ မလိုပါဘူး။ တို့က မောင်နှမချင်းပေမဲ့ စိတ်ချင်းက တခြားစီ”

“ဒါဖြင့် ယုနဲ့ သဘောမတူဘူးပေါ့”

“ဟင့်အင်း တို့တော့ သဘောမတူပါဘူး၊ တို့သူငယ်ချင်းဘက်က ပြောရရင်တော့ ကိုကို့လိုလူမျိုးနဲ့ သဘောမတူဘူး၊ ကိုကို့နှမအနေနဲ့ ပြောရရင်တော့ ယုနဲ့ သဘောတူတယ်”

သူက အတိအလင်းပင် ပြောသည်။ ကျွန်မက သူ ပြောပုံကို သဘောကျကာ ရယ်ပစ်လိုက်ပြီး အစ်ကို့ကို ငြင်းလိုက်ပါသည်။

အရေးကြီးတော့လည်း သွေးစည်းရာ ဆိုသည့် စကားအတိုင်း အစ်ကိုတစ်ယောက် ချစ်ဝေဒနာ ခံစားနေရတော့လည်း သူ စိတ်မကောင်းဖြစ်လာပါသည်။ ကျွန်မက အစ်ကို့ခံစားမှုများကို ရှည်လျားစွာ ရေးလာသော စာများမှတစ်ဆင့် သိရသူ၊ သူက နေ့စဉ်နှင့်အမျှ မြင်နေရသူ။

“ယုရယ် … တို့ကိုကို မရှူနိုင် မကယ်နိုင် ဖြစ်နေတာ စိတ်မချမ်းသာလိုက်တာ၊ ပြန်ချစ်လိုက်ပါဟာ”

သူ မပြောမီကပင် ကျွန်မ ယိမ်းယိုင်ခဲ့ပါပြီ။ အစ်ကိုသည် သူ့အချစ်ကို နှုတ်ဖြင့် တစ်ခါမျှ ဖွင့်မပြောဖူးသော်လည်း စာကိုမူ ရှည်လျားစွာ ရေးတတ်ပါသည်။ စာရေးလည်း ကောင်းပါသည်။ သူ့ရင်ထဲမှ ခံစားမှုကို သူ့နှုတ်ကသာ ပြောလျှင် ပြည့်စုံအောင် ကျွန်မ သိကောင်းမှ သိနိုင်ပါမည်။ ရှည်လျားသော သူ့စာများက ကျွန်မနှလုံးသားကို လှုပ်ရှားစေခဲ့ပါသည်။ တကယ်တော့လည်း မစွမ်းရင်းကရှိ၍ ကန်စွန်းခင်းက ငြိရခြင်း ဖြစ်ပါလိမ့်မည်။

ကျွန်မ တက္ကသိုလ် နောက်ဆုံးနှစ်တွင် သူသည် ကိုအောင်ဆွေ ဆိုသော စစ်ဗိုလ်လေးတစ်ယောက်နှင့် ကျွန်မကို မိတ်ဆက်ပေးသည်။

“မောင် … ဟောဒါ ခိုင့်အချစ်ဆုံး သူငယ်ချင်းလည်းဖြစ်၊ ယောင်းမလောင်းလည်း ဖြစ် … ယု”

စဆုံရလျှင် ဆုံရချင်းပင် သူက ‘မောင်’ ဟု တိတိလင်းလင်း ခေါ်ကာ မိတ်ဆက်ပေးလိုက်သည်မို့ သူ့ချစ်သူ ဖြစ်ကြောင်း ကျွန်မ သိလိုက်ရသည်။ ရုတ်တရက်မို့ နားရှက်ခြင်း၊ အံ့ဩခြင်းနှင့်အတူ သည်လူ့မျက်နှာကိုပင် စေ့စေ့မကြည့်လိုက်မိ။ သူ ထွက်သွားလျှင် သွားချင်းပင် ခိုင့်လက်မောင်းကို ကျွန်မ ထုရိုက်ကာ ဗလုံးဗထွေး မေးလိုက်မိသည်။

“မောင်တွေ ဘာတွေနဲ့၊ ဘယ်က ဘယ်လို တွေ့ဖြစ်လာကြလဲ၊ ပြောစမ်းပါဦး”

သူက တဟားဟား ရယ်နေသည်။ ကျွန်မ မေးသည်ကို မဖြေ၊ ကျွန်မက အားမလိုအားမရ ဖြစ်လာပါသည်။

“ဟေ့ … ဒီလို မရဘူး … မလိုချင်ဘူး၊ ပြောကွာ … ဘယ်ကလဲ … ဘယ်လို တွေ့ကြတာလဲ၊ ယုကို ဘာဖြစ်လို့ မပြောဘဲ ထားရတာလဲ”

“ပြောနေစရာ လိုသေးလား … ယုရဲ့၊ အကောင်နဲ့အထည်နဲ့ ပြပြီပဲ”

“ယု အခုမှ သိရတယ်”

“တို့ ပြန်ကြိုက်လိုက်တာ တစ်ပတ်တောင် မပြည့်သေးဘူး”

“ဒါနဲ့များ မောင် … တဲ့”

“ဟ … မောင် မခေါ်လို့ ဟေ့လူလို့ ခေါ်ရမှာလား၊ ကိုယ့်ချစ်သူကို ကိုယ်တင်စား ခေါ်နေကြတာများ အဆန်းမှတ်လို့။ သူများလို ပရီဝါးပုံစံနဲ့ အရှက်ကြီးပြီး လူရှေ့ ခေါ်တော့ တစ်မျိုး၊ နှစ်ယောက်တည်း တစ်မျိုး မခေါ်တတ်ပေါင်”

“အမယ် … အမယ် ဘယ်သူက လူရှေ့တစ်မျိုး၊ နောက်ကွယ်တစ်မျိုး ခေါ်တတ်လို့လဲ”

“ဘယ်သူလဲ မသိပါဘူးကွယ် … တို့များ ကြားဖူးပါရဲ့၊ လူရှေ့တော့ အတစ်လုံး တိုးပြီး နှစ်ယောက်တည်းတော့ အ တစ်လုံး ဖြုတ်လိုက်ရော …၊ အမယ် … ဒါတောင် မရဲတရဲ တိုးတိုးလေး … ‘ကို’ … တဲ့”

“ကြည့်စမ်း … ကြည့်စမ်း … သူ မကောင်းဘူး”

ကျွန်မက သူ့ကျောကို တဘုံးဘုံးနှင့် ထုပစ်လိုက်ပါသည်။

သည်အထိ သူနှင့် ကျွန်မက ‘သတ္တိ’ ချင်း ကွာပါသည်။ အချစ်နှင့် ပတ်သက်၍ ရင်ဆိုင်ကြစတမ်း ဆိုလျှင်လည်း သူ့နည်းတူ စွန့်စားရဲ၊ တွန်းလှန်ရဲမည် မထင်ပါ။ အစ်ကိုသည်လည်း ကျွန်မနည်းတူပင်။ သူ့ညီမ ကင်ပွန်းတပ်သကဲ့သို့ မြုံစိစိ အေးစက်စက်သမားဖြစ်၍ အားကိုးရမည် မထင်ပါ။

အစ်ကိုသည် ယနေ့ထိ ကျွန်မကို လက်ထပ်ရေးနှင့် ပတ်သက်၍ ရေရေရာရာ မပြောဖူးသေးပါ။ တစ်ခါတစ်ရံ လက်ထပ်ရေးကို တိုင်ပင်ကြသော်လည်း ကျွန်မကိုယ်တိုင်က စောသေးသည်ဟုပင် ထင်ခဲ့၍ မပြတ်မသား ဖြစ်နေမိသည်။ ကျွန်မတို့ ချစ်ခဲ့ကြသည်မှာ သုံးနှစ်ပင် ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျွန်မ အလုပ်ဝင်ခဲ့သည်မှာ တစ်နှစ်လောက်သာ ရှိသေးသည်။ အမေ့ကို လုပ်ကျွေးရဦးမည်။ ပြီး အမေတစ်ခု သမီးတစ်ခုပင် ဖြစ်သော်လည်း ကျွန်မ လက်ထပ်လျှင် အမေနှင့် ခွဲရမည်။ အမေက သူ့ဇာတိကို မခွာနိုင်ဟု ဆိုပါသည်။ သည်တော့လည်း အစ်ကိုက လက်ထပ်ရေးအတွက် ပူပူဆာဆာ မလုပ်သည်ကိုပင် ကျေးဇူးတင်မိသေးသည်။ သည်အတိုင်း ဆိုလျှင် ကျွန်မသည် အိပ်မပျော်သည့်အတူတူ အစ်ကို့ထံ စာ ထ,ရေးမိသည်။

အစ်ကိုရယ် …

မနေ့ကလေ ခိုင်တို့ ရောက်လာကြတယ်။ ခိုင်တို့ကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုတို့ မိသားစုထဲမှာ ပြင်းပြင်းထန်ထန် ပဋိပက္ခ ဖြစ်ခဲ့ကြတယ် မဟုတ်လား။ ဒီဂယက်ဟာ ယုတို့ဆီများ ရိုက်ခတ် …

* * *

“အမေနဲ့ ခိုင်တို့အဒေါ်နဲ့ တွေ့ခဲ့တယ်”

အမေ ဈေးမှအပြန် ဈေးဆွဲခြင်းကို လှမ်းယူလိုက်လျှင်ပင် အမေက ပြောလိုက်သည်။ ကျွန်မ ရင်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။

“ဘာတွေ ပြောသေးလဲ အမေ”

“ခိုင်တို့ မလာဘူးလားတဲ့၊ ယုက ခိုင် သိပ်ချစ်တဲ့ သူငယ်ချင်းပဲ၊ လာမှာပေါ့တဲ့”

“ဒီတော့ အမေက ဘာပြောလိုက်လဲ ဟင်”

“လာတာ လာတယ်ပေါ့ သမီးရယ်၊ သူတို့ သနပ္ပင် ရောက်နေကြပြီလား ဆိုလို့တောင် ရောက်နေပြီလို့ ပြောလိုက်တယ်”

ကျွန်မ ရင်ထဲမှာ လေးလံသွားပါသည်။ ဒေါ်ဒေါ်ခင် မေးလားမြန်းလား လုပ်သည်ကို ကျွန်မ မသင်္ကာပါ။ ကျွန်မသူငယ်ချင်းအတွက် အန္တရာယ်တစ်ခု ကျရောက်သွားမည်ကဲ့သို့ ကျွန်မ စိုးရိမ်သွားမိသည်။ အမေက ကျွန်မ မျက်နှာပျက်နေသည်ကို အကဲခတ်မိဟန် တူပါသည်။

“သမီးက ဘာစိုးရိမ်လို့လဲ၊ အမေ ပြောတာတွေ မလွန်ပါဘူး သမီးရဲ့၊ သူက သိပြီးသားပါ ဆိုတဲ့ အမေးနဲ့ မေးတာပါကွယ်၊ အမေ နားလည်ပါတယ်၊ ဒါတွေက လျှို့ဝှက်ရမှာမှ မဟုတ်ဘဲ”

“အင်းလေ မေးဖော်ရတယ် ဆိုတာပဲ ဝမ်းသာစရာကောင်းပါတယ်နော်”

“သူက ပြောပါသေးတယ်၊ မိဘတွေ စိတ်နာပြီး ပစ်ထားပေမဲ့ တူမ ဆိုတော့ တွေ့ချင်တာပဲတဲ့”

“ခိုင်က တွေ့ချင်ပါ့မလား မသိ”

“ဘာပဲဖြစ်ဖြစ် လူကြီးနဲ့လူငယ် ဆိုတော့ လူငယ်က ဝတ္တရားကျေဖို့ လိုတာပေါ့။ ဒီတစ်ခေါက် ခိုင် လာရင် သူ့အဒေါ်အိမ်ကို သွားဖို့ သမီးက တိုက်တွန်းလိုက်ပါ၊ မိဘဆွေမျိုး ဆိုတာ ရေကို ဓားနဲ့ ပိုင်းလို့ မရသလို ဘယ်မှာ ဖြတ်လို့ရမလဲ”

အမေ ပြောသည်မှာ နည်းလမ်းကျပါသည်။ ကျွန်မအနေနှင့်လည်း ခိုင့်ကို သူ့မိသားစုနှင့် ပြန်လည်ဆက်သွယ်မှု ရရန် တဖြည်းဖြည်း ကြိုးစားစေချင်သည်။ နောက်တစ်ခေါက် ခိုင် ရောက်လာသောအခါ ကျွန်မက ဒေါ်ဒေါ်ခင်တို့အိမ် သွားရောက် နှုတ်ဆက်ရန် တိုက်တွန်းမိသည်။

“မသွားချင်ဘူးကွာ … မျက်နှာအောက်ချပြီး အသနားမခံချင်ပါဘူး”

“မဟုတ်သေးဘူးလေ ခိုင်ရယ်၊ အမေက စိတ်ဆိုးနေပေမဲ့ အဒေါ်တွေက ကိုယ့်အပေါ် အဆက်အသွယ်မပြတ်မှ သည်ကတစ်ဆင့် မိဘရင်ခွင်ထဲ ပြန်တိုးဝင်ရမှာပဲ”

“အို … မသွားချင်ပါဘူး ယုရယ်၊ တို့သားအမိပြဿနာဖြစ်ရတဲ့အထဲမှာ အဒေါ်တွေလဲ ခလောက်ဆန်တာတွေ အများကြီးပါတယ်၊ ဒေါ်ကြီးတို့ ဒေါ်လတ်တို့အပြင် ဒေါ်ဒေါ်ခင်လည်း ပါတာပဲ။ ပတ်ချွဲနပ်ချွဲနဲ့ မေမေ့ကို ဘာတွေ လာပြော ပြောနေတယ်ဆိုတာ တို့ မသိတာမှတ်လို့၊ သူ့လင်ဘက်က ဘာကောင်ကြီး ဆိုလား မုဆိုးဖိုကြီး တစ်ယောက်နဲ့ ယူစေချင်လိုက်တာ တစ်ပိုင်းကို သေလို့။ သူက ပြောသေးတယ်၊ လူဆိုတာ ကျောနောက်မှာ အထောက်အခံ မရှိရင် ဘဝ မလုံခြုံဘူးတဲ့၊ ဒါကြောင့် ကျောထောက်နောက်ခံ ကောင်းတဲ့သူကို ယူရမယ်တဲ့။ ဟာ … ဟ၊ ရယ်ချင်လိုက်တာကွာ …၊ တို့ငယ်ငယ်က မှောင်တဲ့အခန်းထဲ ဝင်ပြီး ပြန်မထွက်ရဲရင် ကျောမလုံလို့ နောက်ဆုတ် နောက်ဆုတ် ထွက်ရတာကို သတိရလိုက်တာ”

သူက ဟက်ဟက်ပက်ပက် ရယ်နေသည်။ ကျွန်မကမူ သူ့နည်းတူ မရယ်မိပါ။ အပူအပင်ကြီးသူပီပီ သည်မိန်းကလေးနှင့် သူ့မိသားစု ပြေပြေလည်လည် ဖြစ်စေချင်ပါသည်။ ခိုင့်အဒေါ်သည် စကားများသူတစ်ယောက်ဖြစ်၍ ကိုယ့်စကား သူ့စကား သယ်ပို့တတ်သည်။ သည်အချက်ကို လိမ္မာစွာ အသုံးချလျှင် ကောင်းမည်ဟု ကျွန်မ ယူဆမိပါသည်။

“ခိုင်ကလည်းကွယ်၊ မာနကြီးရမယ့် လူတွေအပေါ် မဟုတ်ဘဲ မာနကြီးမနေစမ်းပါနဲ့”

“ယု နားမလည်ပါဘူးဟာ၊ တို့ဆွေမျိုးတွေအကြောင်း တို့ အသိဆုံးပါ။ သူတို့အောက်မှာ တွေ့တဲ့အရာ ဆိုရင် နင်းပစ်မယ်။ အပေါ်မှာ ရှိတဲ့အရာဆိုရင် မော်ဖူးမယ်၊ ဒီစိတ်နှစ်မျိုးပဲ ရှိတယ်”

“ဒေါ်ဒေါ်ခင်ကတော့ ခိုင့်ကို တွေ့ချင်တယ်လို့ အမေ့ကို ပြောသတဲ့”

“သူကတော့ စကားကို ပန်းအိုးထိုးသလို အလှဆင်ပြောဖို့ စိတ်ကူးနေတဲ့သူပဲ။ သူ့စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ သူ့စကားကို တိုက်ရိုက်အဓိပ္ပါယ်ပြန်လို့ မရဘူး၊ တကယ်တွေ့ချင်တယ် ဆိုဦး … သူ့ကို ဟိုတစ်ဖက်က အထင်အမြင် မလွဲအောင် တစ်မျိုး ပြောဦးမှာ အမှန်ပဲ”

“တွေ့ချင်တယ်လို့ ပြောဖော်ရတာ တော်သေးတာပေါ့၊ စိတ်ထဲက မပါလည်း ဘာဖြစ်လဲ၊ သူ့စကားစ ရှိတော့ ကိုယ်က သွားဖို့ကောင်းတာပေါ့”

ကျွန်မက အလျှော့မပေးဘဲ ဆက်လက်တိုက်တွန်းမိသည်။ သူက ကျွန်မမျက်နှာကို စေ့စေ့ကြည့်ကာ မှတ်ချက်ချပါသည်။

“ယုက တယ်လည်း သဘောလွယ်တာကိုး။ တို့ကတော့ ခေါင်းမာတယ် ဆိုဆို၊ မှန်တယ် ထင်ရင် ဘာဖြစ်ဖြစ် အလျှော့မပေးချင်ဘူး။ ယုနဲ့ ကိုကိုနဲ့ လိုက်လည်း လိုက်ပါတယ်၊ သူတို့နှစ်ယောက်သာ ညားကြရင် သူများ လှည့်တိုင်း ခံနေကြရမှာ မြင်သေးရဲ့”

“အမယ် … ဒီလိုတော့ မပြောပါနဲ့ အမိရယ်၊ မသွားချင်ရင်လည်း နေပါ နေပါ”

ဘယ်လိုမှ နားချ၍ မရသောကြောင့် ကျွန်မ လက်လျှော့လိုက်ရပါသည်။ တစ်နေ့နေ့မှာတော့ သူ နားလည်လာကောင်းပါရဲ့။

***

ယခုမှ ခိုင်နှင့် ကျွန်မ ပို၍ အနေနီးလာကြပါသည်။ သူသည် တစ်ပတ်တစ်ခါ ဆိုသလို ကျွန်မတို့အိမ်သို့ ရောက်လာသည်။ တစ်ခါတစ်ရံ ကိုအောင်ဆွေပါ အေးအေးဆေးဆေး အတူလိုက်လာတတ်၍ ကိုအောင်ဆွေ မအားသည့်အခါတွင် သူ့ကို တစ်ယောက်တည်း လာပို့သွားတတ်သည်။

သူ ရောက်လာပြီ ဆိုလျှင် သားအမိနှစ်ယောက်တည်း ခြောက်ကပ် တိတ်ဆိတ်သောအိမ်မှာ စည်စည်ညံညံ ဖြစ်လာတတ်သည်။ အမေ့အဖို့ သမီးတစ်ယောက် ကောက်ရသလို ရလာသည့်နည်းတူ ခိုင့်အတွက်လည်း အမေစား ရလာသည်။ အမေ့ကို ခိုင့်ပြောပုံဆိုပုံမှာ လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ ခိုင်သည် အမေလွမ်းသော စိတ်ကို သည်မှာ အစားထိုး ဖြေဟန် တူပါသည်။

ကျွန်မက သူ့အဖြစ်ကို ရင်နာမိသည်။

ခိုင်သည် ကျွန်မလို မဟုတ်။ အသိုင်းအဝိုင်း ကျယ်ကျယ်ပြန့်ပြန့်နှင့် သိုက်သိုက်ဝန်းဝန်း နေခဲ့ရသူ ဖြစ်သည်။ သူတို့အမေဘက်မှာလည်း ဆွေမျိုးသားချင်းက ခပ်များများ၊ သူ့အဖေဘက်ကလည်း ခပ်များများ။ သူ့အဖေ မရှိသည့်တိုင်အောင် သူတို့အမေသည် သူ့အဖေ အရှိန်အဝါကို မမှိန်အောင် ဆက်ထိန်းနိုင်ခဲ့သည်။ သည်လို အသိုင်းအဝိုင်းထဲက တစ်ယောက်တည်း ခွဲထွက်လာခဲ့သည်မှာ ထူးထူးခြားခြား အပြောင်းအလဲတော့ ဖြစ်မည် အမှန်ပင်။ သူကမူ ဘာမျှ လေးလေးနက်နက် ထားပုံမရပါ။ ပေါ့ပါးရွှင်လန်းစွာ ရယ်မောနေနိုင်ပါသည်။ ချစ်သူမျက်နှာ တစ်ကမ္ဘာ ဆိုတာ အဲဒါ ထင်ပါရဲ့။

အစ်ကိုနှင့် ကျွန်မတို့အိမ်မှာ ဆုံစဉ်က ဆီးကြိုနှုတ်ဆက်သည်မှာ …

“ကိုကို …ခိုင်တို့အိမ်ကို လိုက်လည်ပါလား”

သူသည် ဘာမျှ မလှုပ်ရှားသလို အိမ်သတင်းကို မမေးဘဲ ရောက်တတ်ရာရာ အကြောင်းကိုသာ ပြောပါသည်။ ကျွန်မသည် ခိုင်၏ ခိုင်မာပြတ်သားသော စိတ်ထားကို အံ့သြမိသည်။ ကျွန်မသာ ဆိုလျှင် အစ်ကို့ကို မြင်လျှင်ပင် ရှိုက်ကြီးတငင် ငိုမိလိမ့်မည် ထင်ပါသည်။ တကယ်တော့ အစ်ကိုနှင့် ဆုံစည်းစေရန် ကျွန်မက တမင်ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ခိုင့်ကို သူ့မိဘအသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်သွယ်စေချင်သည်။ ဒေါ်ဒေါ်ခင်ကတစ်ဆင့် မဆက်နိုင်လျှင် ရှိစေ။ အစ်ကိုကတစ်ဆင့် ဆက်မည်။ သည်ရည်ရွယ်ချက်နှင့် သူတို့မောင်နှမ အိမ်မှာ ဆုံမိအောင် ကျွန်မက ဖန်တီးလိုက်သည်။ ဘာပဲဖြစ်ဖြစ် မောင်နှမချင်း တွေ့လျှင် အိမ်သတင်း အဆက်မပြတ်ဘဲ အဆက်အစပ် ရယူနိုင်မည်ဟု စီမံကိန်း ချခဲ့ခြင်း ဖြစ်ပါ၏။

မဟာအတွေးအခေါ်နှင့် ကျွန်မ စီစဉ်ခဲ့သော်လည်း မရွှေခိုင်က စကားလမ်းကြောင်းပင် လွှဲပစ်ခဲ့သည်။ ကျွန်မက အပြစ်တင်စကားပြောသောအခါ သူက ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပါသည်။

“ဘာဖြစ်လို့ တို့ကိစ္စကို ဒီလောက် ကြောင့်ကြနေရတာလဲ သူငယ်ချင်းရယ်။ တို့ကိစ္စက ပြီးခဲ့ပြီ၊ တို့ ဖြစ်ချင်တာ ဖြစ်ခဲ့ပြီ၊ တို့ဘဝ တို့ကျေနပ်နေတာပဲ။ ပူရမှာက အမိတို့ကိစ္စ၊ အေးစက်စက် လုပ်မနေနဲ့ ယု၊ ကိုကို့ကို လက်ထပ်ဖို့ ပြောတော့”

“အို … ဘယ်သူက ပြောရမှာလဲ”

“လက်ထပ်ဖို့ ဆိုတာ ယောက်ျားက ပြောရမယ်၊ မိန်းမက ပြောရမယ် မရှိပါဘူး ယုရာ၊ ဒါ ချစ်သူနှစ်ယောက် အရေးပဲ။ ချစ်ကြ ကြိုက်ကြတယ် ဆိုတဲ့ ရည်မှန်းချက်က အိမ်ထောင်ပြုကြဖို့၊ အတူနေကြဖို့၊ အတူနေရမယ့်အရေး ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အလေးအနက် ပြောရဆိုရမှာပဲ၊ ကြံစည်စိတ်ကူးရမှာပဲ၊ ဒါ ရှက်စရာ မဟုတ်ပါဘူး။ ဒီအတိုင်း ဆိုရင် ယုတို့ကိစ္စက မျောနေလိမ့်မယ်”

သူ ပြောသည်မှာ စဉ်းစားစရာ ဖြစ်ပါသည်။ မကြာသေးမီက အစ်ကို စာရေးခဲ့သေးသည်။ ခိုင်နှင့် ပတ်သက်သည့်အကြောင်း ဖြစ်သော်လည်း ကျွန်မတို့ကိစ္စနှင့် ဆက်စပ်နေပါသည်။

မိခိုင်ကို အစ်ကို့အနေနဲ့ကတော့ စိတ်ဆိုးစရာ မရှိပါဘူး။ အစ်ကိုလည်း အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသင့်တယ် ဆိုတာ နားလည်လက်ခံပါတယ်။ လူကြီးနဲ့ လူငယ် ဆိုတာကတော့ အတွေးအခေါ်ချင်း ပဋိပက္ခဖြစ်တတ်တာပဲ မဟုတ်လား။ ဒါကို လူငယ်က ကိုယ့်ဆန္ဒ ဖြစ်မြောက်အောင် တဖြည်းဖြည်း ကြိုးစားယူဖို့ ကောင်းတာပေါ့။ ခုတော့ အားလုံး စိတ်မကောင်းဖြစ်ရတယ်။ မေမေဆိုရင် စိတ်ဆိုးလွန်းလို့ ခိုင့်နာမည်တောင် မပြောရတော့ဘူး။

ယု စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာပဲ။ အခုဆို မေမေဟာ သိပ်စိတ်ထိခိုက်နေတယ်။ အစ်ကိုတို့ကိစ္စကို ဘယ်လိုမှ ပြောလို့ရဦးမှာ မဟုတ်သေးဘူး။ မိခိုင်က ဒီလိုလုပ်သွားတော့ အစ်ကို့အနေနဲ့ ပိုပြီး ထောက်ထားရမယ့်သဘော ရှိနေတယ်။ အေးကွယ် … အစ်ကိုလည်း ယုကို လက်ထပ်ချင်လှပါပြီ။ မိခိုင်တို့ကိစ္စသာ မပေါ်ခဲ့ရင် ဒီနွေမှာ လက်ထပ်ကြဖို့ အစ်ကို တိုက်တွန်းမိမှာ။

သိပ်လည်း စိတ်မပူပါနဲ့ကွယ်။ အစ်ကိုတို့ကိစ္စကို မေမေလည်း သိတန်သလောက် သိထားတာပဲ။ မကျေနပ်တဲ့သဘော မရှိပါဘူး။ ကိုယ့်ချစ်သူလို ရိုးသားသိမ်မွေ့ပြီး သဘောထားပြည့်တဲ့ မိန်းကလေးမျိုးကို မေမေကလည်း လိုလားမှာ အမှန်ပါပဲ။ လောလောဆယ်တော့ စိတ်ရှည်သည်းခံပါလို့ အစ်ကို တောင်းပန်ပါတယ်ကွယ်။

ရိုးသားခြင်း၊ သဘောထား ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသော လူ၏ မူလအခြေခံ အရည်အချင်းများဖြင့် အစ်ကိုတို့အသိုင်းအဝိုင်းတွင်းသို့ ကျွန်မ ဝင်ရောက်နိုင်ပါ့မည်လား။

* * *

“အမေရယ်၊ ခိုင် မျက်နှာမြင်ခါနီး ဒီမှာ လာနေမယ်နော်”

ခိုင်သည် ပဋိသန္ဓေ လွယ်ရပြီ ဆိုလျှင်ပင် အမေ့ကို ပြောလိုက်ပါသည်။ အမေရော ကျွန်မပါ စိတ်မကောင်း ဖြစ်သွားကြသည်။ အကယ်၍သာ သူ့မိသားစုနှင့် အဆင်ပြေပြေ ဆိုပါလျှင် သည်လို အရေးအကြောင်းနှင့် အချိန်အခါမျိုးတွင် မိခင် ရှိရာ အားကိုးတကြီး ပြေးပေလိမ့်မည်။ ကျွန်မတို့သားအမိ နီးနီးနားနားရှိလို့ တော်ပါသေးရဲ့။

လာနေမည်ဟု တွက်ထားသည့်ရက်ထက် တစ်လခန့် စော၍ သူ ရောက်လာသည်။ အင်မတန် စိတ်ဓာတ်ခိုင်မာသည်ဟု ထင်ရသော ခိုင်တစ်ယောက် မျက်စိမျက်နှာပျက်နေသည်။ ကိုအောင်ဆွေ ရှေ့တန်း ထွက်ရမည်။

“အမေနဲ့ ယုတို့ဆီ အပ်ခဲ့ရလို့သာ ကျွန်တော် စိတ်ဖြောင့်ဖြောင့် သွားနိုင်တာ၊ ခိုင် မျက်နှာမြင်တဲ့အချိန်လောက်မှာ ကျွန်တော် ပြန်ရောက်ချင် ရောက်နိုင်ပါတယ်။ ဒီကြားမှာ အမေတို့ပဲ စောင့်ရှောက်ထားပေးပါ။ အရေးအကြောင်း ရှိရင် ကျွန်တော့်ဆီ အကြောင်းကြားလိုက်နော် ယု”

သူက ပူပန်စွာ မှာကြားသွားခဲ့သည်။

“တို့ မမွေးခင် မောင် ပြန်ရောက်လာရင် ကောင်းမှာပဲ”

“ရောက်လာမှာပေါ့ကွယ်၊ မရောက်လာလည်း ယုတို့ ရှိသားပဲ၊ ဘာ အားငယ်စရာရှိသလဲ”

“မောင် ရှိတော့ ပိုကောင်းတာပေါ့”

“အမယ်လေး … သည်းနေလိုက်တာကွာ၊ အားပေးတဲ့လူမှ အားမနာ ပါးမနာ”

ကျွန်မက သူ့စိတ်ပေါ့ပါးသွားစေရန် ကျီစယ်နောက်ပြောင်လိုက်ပါသည်။ သည်တော့မှ သူ့ကိုယ်သူ သဘောကျစွာ ရယ်မောနေတော့သည်။

အမေသည် သူ့ကို သမီးရင်းနှင့်မခြား စောင့်ရှောက်ပါသည်။ နဂိုကပင် သူ့သမီး၏ ချစ်သူငယ်ချင်း ဖြစ်သည့်အပြင် အခြေအနေအရ အမိချစ်ခြင်းနှင့် ကင်းကွာနေရသူမို့ သနားစိတ်လည်း ပိုဟန်တူပါသည်။ အမေ့ညွှန်ကြားချက်အတိုင်း ညနေဘက်တွင် ကျွန်မတို့နှစ်ယောက် လမ်းလျှောက်ကြရသည်။

ကျွန်မတို့အိမ်နောက်ဖေးဘက်တွင် ချောင်းကလေး ရှိပါသည်။ တကယ်တော့ ချောင်းကလေး မဟုတ်။ မြောင်းရှည်ကြီးတစ်ခုဟု ဆိုရပါမည်။ နွေအခါတွင် ရေခန်းနေတတ်၍ မိုးတွင်းတွင် ရေပြည့်လာကာ ရေစီးသည် မြို့ပြင်အရောက် စီးသွားတတ်ပါသည်။ ခိုင်နှင့် ကျွန်မသည် ငယ်ငယ်က သည်မြောင်းရိုးတစ်လျှောက် ဆော့ကစားခဲ့ကြသည်။ ကျွန်မတို့အိမ်နောက်ဘက်မှာ ဝင်းခတ်မထားဘဲ သည်မြောင်းကြီးသည် စည်းရိုးဖြစ်ခဲ့ပါသည်။ ခြံထောင့် မြောင်းစပ်တွင် မန်ကျည်းပင်ကြီးတစ်ပင် ရှိ၍ သည်ပင်ခြေမှာလည်း အတူကစားခဲ့ကြသည်။ အပင်ပေါ် တက်၍လည်း ကစားခဲ့ကြသည်။ မိုးတွင်းအခါ မန်းကျည်းပင်ပေါ် တက်ပြီ ဆိုလျှင် မြောင်းထဲ ဇောက်ထိုးကျမည်စိုး၍ အမေက တားရသည်မှာ အမော။ နွေအခါတွင် ရေခန်းခြောက်လျက်ရှိသော ချောင်းရိုးတစ်လျှောက်မှ ကျောင်းရောက်အောင် သွားခဲ့ကြသည်။ အိမ်ရှေ့က သွားလျှင် နှစ်လမ်းကျော်နှင့် ရောက်သည့်ခရီးကို ချောင်းရိုးအတိုင်း မြို့စွန်နားမှ ပြန်လှည့်လာရသည်မှာ ဝေးသွားသော်လည်း ကျွန်မတို့ ပျော်ကြသည်။

“ငယ်ငယ်ကလို ချောင်းထဲက သွားလို့ရရင် ကောင်းမှာပဲနော်”

ခိုင်က သတိတရနှင့် တမ်းတလိုက်သည်။ ယခုအခါတွင် မြောင်းကြီးသည် နွေမှာလည်း ရေမခန်းတော့ပါ။ ရေစပ်စပ် ရှိနေ၍ အမေက သည်လမ်းမှ သွားခွင့်မပြု။ အခန့်မသင့်လျှင် ခြေချော်လက်ချော် ဖြစ်မည်ကို စိုးရိမ်နေသည်။ ချောင်းကမ်းပါးမှ မန်ကျည်းပင်ကြီးမှာ အမြစ်ခြေကြီးများ ပေါ်နေပါပြီ။ သည်အပင်ကြီးအောက်တွင် ထိုင်ရင်း ကျွန်မတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များ ပြောဖြစ်ကြသည်။

“တို့ ငယ်ငယ်က မန်ကျည်းပင် တက်ပြီး မန်းကျည်းရွက် ခူးတာ၊ မန်ကျည်းသီး ခူးတာတို့ ခဏခဏ သတိရတယ်ကွာ။ ရန်ကုန်မှာ မန်ကျည်းရွက် တစ်ပုံဆယ်ပြား ဆိုတာများ တွေ့ရရင် ဝယ်ရမှာ သိပ်နှမြောတာပဲ၊ ယုကော အရင်လို သစ်ပင်တက်သေးလား”

“တက်တော့ တက်ချင်တာပေါ့ ခိုင်ရာ၊ ဒါပေမဲ့ ဒီအရွယ်နဲ့ ဆရာမ ဆိုတဲ့ သိက္ခာကြောင့် မတင့်တယ်မှာ စိုးလို့ မန်ကျည်းရွက် စားချင်ရင် ခြေရင်းအိမ်က တပည့်လေးတစ်ယောက် ခူးခိုင်းရတော့တယ်”

“ယုကတော့ကွာ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လွန်းတာပဲ၊ ဘာဖြစ်လဲ ကိုယ့်ခြံထဲက အပင်ပေါ် ကိုယ် တက်ခူးတာ၊ ဘာမတင့်တယ်စရာရှိလဲ။ အပေါ်မှာ ရှိရင် တက်ခူးမယ်၊ အောက်မှာရှိရင် လှမ်းခူးမယ်၊ ဒါ ဘယ်သူက ပြောမလဲ”

ကျွန်မက ပြုံး၍နေလိုက်ပါသည်။ ကျွန်မ၏ အကြောင့်ကြ ကြီးတတ်ခြင်း၊ ပတ်ဝန်းကျင်ကို အရေးထားတတ်ခြင်းတို့နှင့် ပတ်သက်၍ သူက မကြာခဏ ကရုဏာဒေါသဖြင့် ပြောတတ်လေ့ရှိသည်။ ကျွန်မကလည်း သည်အရွယ် ရောက်သည်အထိ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ဘာမျှ မလုပ်ရဲတတ်။ ဘယ်သူ ဘာပြောမလဲ ဆိုသော သူများအပြော၊ ဘယ်သူ ဘာထင်မလဲ ဆိုသော သူများအမြင်များကို ရင်ထဲမှာ ဘောင်ဘင်ခတ်အောင် ကြိုတင် တွေးစမြဲ။ ချောင်းထဲတွင် နှင်းဆီဖြူလေးတစ်ပွင့် မျောပါလာသည်။

“ယုရေ … ဟိုမှာ ကြည့်စမ်း … မမထားနဲ့ အပါ ထဲကလို တစ်ယောက်ယောက်များ အထက်ပိုင်းက မျှောလိုက်တာလား မသိ၊ ဘယ်အထိ စီးသွားမလဲ လိုက်ကြည့်ရအောင်ဟေ့”

ကျွန်မက ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

သူနှင့် ကျွန်မသည် မမထားနှင့်အပါ ဇာတ်ကားကို ငါးခါတိတိ ကြည့်ခဲ့ဖူးကြသည်။ သည်ဇာတ်ကားကို ညွန့်ဝင်း၊ မြင့်မြင့်ခင်နှင့် ပြန်လည်ရိုက်၍ အကြိမ်ကြိမ် ကော်ပီကူး၍ ရုံတင်ခဲ့ပါသည်။ ကျွန်မတို့နှစ်ယောက်လည်း ကော်ပီသစ် တစ်ခါတင်တိုင်း တစ်ခါ ကြည့်ပါသည်။ သည်ဇာတ်ကားတွင် မမထားအဖြစ် သရုပ်ဆောင်သော မြင့်မြင့်ခင်က နယ်စပ်တစ်နေရာ စမ်းချောင်းကလေးမှ သူ့ချစ်သူရှိရာကို မှန်းဆ၍ သူတို့အချစ်အထိမ်းအမှတ် နှင်းဆီပွင့်ကလေးများ နေ့စဉ် မျှောရင်း သူ ပြောလိုသည့်စကားများ မှာကြားသည်ကို ကျွန်မ သတိရလိုက်ပါသည်။

“ဘာလဲ မမထားလို ပန်းကလေးတွေ မျှောပြီး ကိုအောင်ဆွေဆီ မှာမလို့လား”

“အေးကွာ … တို့ယောက်ျားက ဘယ်ခရီးပေါက်လို့ ဘယ်ရောက်နေမှန်း တိတိကျကျ သိရင် တို့လည်း မှာချင်တာပေါ့”

“ဘယ်လိုလဲ … ??? ရေ လာပါတော့ ကျီးကန်းတမော့မော့ ဆိုတာမျိုးလား”

သူက ကျွန်မစကားကို အလိုက်သင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ကျွန်မပခုံးကို နွဲ့မှီကာ တိုးတိုးညင်းညင်း ပြောလိုက်ပါသည်။

“မောင့်ကို သိပ်လွမ်းတာပဲ ယုရာ၊ ယုကော ဒီမှာ လာထိုင်ပြီး ကိုကို့ကို မျှော်လေ့မရှိဘူးလားဟင်”

“ဟင့်အင်း … မမျှော်ပါဘူး”

“သူလား မမျှော်ဘဲ နေမှာ …၊ သူ့အဆက်ကြီးကဖြင့် အမြဲလာနေတာလည်း မဟုတ်ဘဲနဲ့ ဖုံးနေရပြန်ပါပြီ”

“ဘယ်က ဖုံးရမှာလဲ ခိုင်ရဲ့၊ တကယ်ပြောတာ၊ အစ်ကိုလာရင် အိမ်ရှေ့က လာတာပဲ၊ အိမ်ရှေ့ ထွက်မျှော်ရတာပေါ့၊ ဒီက မျှော်ရင် အလကားပေါ့”

သူက မျက်စောင်းချိတ်ပစ်လိုက်ပါသည်။

တကယ်တော့ ကျွန်မသည် သူ စိတ်လက်ပေါ့ပါးစေရန် ရယ်စရာ နှော၍ ပြောနေခြင်း ဖြစ်သည်။ သူ့မျက်နှာရိပ်ကို အမြဲအကဲခတ်နေသော ကျွန်မအဖို့ သူ့မျက်နှာ ညှိုးနေမည်ကို စိုးပါသည်။ သန္ဓေသားကို လွယ်ထားရသော မိခင်လောင်းတစ်ယောက်အနေဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ လိုပါမည်။

ကျွန်မတို့အိမ်မှာ နေရသည်မှာ သူ့အတွက် အစစပြည့်စုံသည်ဟု ဆိုနိုင်သော်လည်း သူ့ချစ်သူကိုမူ သူ မတမ်းတဘဲ မနေနိုင်ပါ။ သည်အချိန်မှာ မိန်းမတိုင်း ကိုယ့်လင် ကိုယ့်သားကို အနားမှာ ရှိစေချင်ကြပေလိမ့်မည်။ ခိုင်လို မိန်းကလေးပင် စိတ်အားငယ်နေသည်။

“တစ်ခါ တစ်ခါ စိတ်ထဲမှာ မောင်နဲ့မှ ပြန်ဆုံရပါဦးမလားလို့ ထင်နေတယ်”

“ဟယ် … မဦးမချွတ် မပြောကောင်းတာတွေ၊ ခိုင် ပါးစပ်ကြီးပိတ်ထားစမ်း”

ကျွန်မ အလန့်တကြား တားမြစ်လိုက်မိသည်။

အပိုင်း(၃)ဆက်ရန်
---------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

image