Ringing in the Ears နားအူခြင်း

1. ဆရာရှင့် ကျွန်မ အသက် 28 ထဲမှာပါ။ ကျွန်မအလုပ်က Quantity Surveyor ပါ။ ကွန်ပျူတာနဲ့ စာရင်းဇယားလုပ်ရပါတယ်။ နားအူတာနဲ့

October 20, 2014
Ringing in the Ears နားအူခြင်း

Ringing in the Ears

1. ဆရာရှင့် ကျွန်မ အသက် 28 ထဲမှာပါ။ ကျွန်မအလုပ်က Quantity Surveyor ပါ။ ကွန်ပျူတာနဲ့ စာရင်းဇယားလုပ်ရပါတယ်။ နားအူတာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ပြီးခဲတဲ့တပတ် တနင်္ဂနွေနေ့ ညနေ ခေါင်းလျှော်ပါတယ်။ တနင်္လာနေ့ (13.10.2014) မနက် အိပ်ရာထတော့ နားနဲနဲအူပါတယ်။ အင်္ဂါနေ့လဲ နဲနဲအူပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခေါင်းလျှော်မိပါတယ်။ နေ့ခင်းပိုင်း ရုံးမှာခေါင်းမူးလာလို့ နားအူတာလဲ မသက်သာတာနဲ့ ဆေးခန်းပြပြီး အိမ်ပြန်နားပါတယ်။ ဆေးပေးလိုက်ပါတယ် (Dhaperazine Prochlorperazine Maleate 5mg/Tab, Gitako Tabs, Vit C (250MG) ဆိုပြီး ဆေး ၃ မျိူးပေးပါတယ်။ ဆရာဝန်ပေးတဲ့ဆေး သောက်ပြီး အဲဒီနေ့ ညဘက်မှာ ကောင်းသွားပါတယ်။ ကြာသပတေး၊ သောကြာ နှစ်ရက်သက်သာပါတယ် နားလဲမအူပါဘူး။ စနေမနက် ပြန်ဖြစ်ပါတယ်။ ဆေးသောက် အနားယူတော့ စနေည ဘက် ပြန်ကောင်းပါတယ် တနင်္ဂနွေလဲ ကောင်းပါတယ်။ ယနေ့ တနင်္လာနေ့ (20.10.2014) မနက်ပြန်ပြီး နားအူပါတယ်။ နားအူတဲ့အခါ လူက နံှုး ချိချိ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ တခါတခါ ခေါင်းပါမူးလာတယ်။ ဆရာရှင့် အဲလိုဖြစ်တာ နားကတခုတခုဖြစ်နေတာလား။ ဦးနှောက်နဲ့အာရုံကြော ကြောင့်ဖြစ်တာလား။ သွေးအားနည်းလို့ဖြစ်တာလား (သွေးပေါင်ချိန်ကတော့ 120/80 လို့ဆရာဝန်ပြောပါတယ်)။ စိုးရိမ်ရပါသလား။ ဘယ်လိုလုပ်သင့်သလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။

2. I am 35 years old man and getting MDR TB treatment since June 2013 and onwards. I also have diabetes. I have now severe hearing loss and tinnitus all the time that disturb my daily life. Hopefully MDR treatment dose will be completed in Feb 2015. My question is my hearing level can be better or normal and Tinnitus can disappear.
3. ဆရာရှင့် နားထဲမှာ Air-corn စက်လည်သံ၊ ပုရစ်အော်သံလိုမည်နေပါသည်။ အကျယ်ကြီးမဟုတ်ပါ။ ဘေးမှ အသံများ ရှိပါက မသိသာပါ။ တိတ်ဆိပ် နေလျင်တိုးတိုးလေးကြားနေရပါသည်။ ခေါင်းမမူးပါ။ ခေါင်းမကိုက်ပါ။ မျက်နှာ နဲနဲတင်းပါသည်။ ဇက် ကျီးပေါင်းရှိပါသည်။ ၂ ပါတ်ခန့်ရှိပါပြီ။ ရိုးရိုးဆရာဝန်ကတော့ အားနဲခြင်းကြောင့်ဟု ပြောပါသည်။ ဆရာရဲ့ Opinion ကိုလေးစားစွာ တောင်းခံအပ်ပါသည်။

လူအတော်များများဖြစ်ဘူးတယ်။ နားထဲမှာ ဆူနေတဲ့အသံက အမျိုးမျိုးဖြစ်နိုင်တယ်။ roaring ဟစ်အော်သံ၊ hissing ဆွဲငင်သံ၊ buzzing တဝီဝီသံ၊ tinkling သတ္တုခေါက်သံ။ တခါဖြစ်ရင် မိနစ်နည်းနည်းကြာမယ်။ တော်တော်နဲ့ မပျောက်နိုင်တာကိုမှသာ Tinnitus (တင်းနစ်တပ်စ်) လို့ခေါ်တယ်။ ဘေးမှာ အသံဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်မှာသာ ကြားနေရမယ်။ သူများတွေကတော့ မကြားဘူး။ နှလုံးခုန်သံနဲ့ လိုက်ကြားရနိုင်တယ်။ အသက်ရှူတာနဲ့လဲ ချက်ညီနိုင်တယ်။ အသက်ရလာရင် ပိုဖြစ်မယ်။ အသက် ၄ဝ ကျော်တွေနဲ့ ယောက်ျားတွေမှာ ပိုဖြစ်တယ်။

အမျိုးအစား (၂) မျိုးရှိတယ်။
၁။ Pulsatile tinnitus (ပါစတိုင်းလ်) ဆိုတာက နှလုံးခုန်သလိုနေတယ်။ နားရဲ့ အနီးအနားက ကြွက်သားလေးတွေ လှုတ်ရှာလို့ ဖြစ်တာ များတယ်။ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းမှာ သွေးလျှောက်ရာကနေဖြစ်မယ်။ သွေးခုန်တာမျိုး၊ ကြွက်သားညှစ်နောမျိုး သတိထားမိလိမ့်မယ်။

၂။ Nonpulsatile tinnitus တခြားအမျိုးအစားကတော့ နားအကြားနဲ့ဆိုင်တဲ့ အာရုံကြောကြောင့်ဖြစ်ရတယ်။ နားတဖက်ဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ်မှာကြားရတယ်။ ခေါင်းထဲကနေလာတယ်လို့ ထင်နေမယ်။

အများဆုံးဖြစ်တတ်တဲ့အကြောင်းခံဟာ အသက်ရလို့ အကြားအာရုံလျှော့တာကြောင့်ဘဲ။ တချို့မှာတော့ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်တယ်။

တခြားအကြောင်းတရားတွေလဲ ရှိသေးတယ်။ Earwax နားဖါတွေများနေတာ၊ (အက်စပရင်) နဲ့ ပဋိဇီဝဆေးတွေကြောင့် ဖြစ်နိုင်တယ်။ အရက်သောက်များတာနဲ့ (ကေဖင်း) ပါအရည်သောက်များတာ၊ နာပိုးဝင်တာ၊ နာစည်ပေါက်တာ၊ သွားနဲ့ ခံတွင်းရောဂါ၊ နားနဲ့ခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ပတ်ဝန်းကျင်မတူတာနှစ်မျိုးမှာ ရုတ်တရက် ပြောင်းနေတာ၊ ကိုယ်အလေးချိန်ကျလွန်းတာ၊ လေ့ကျင့်ခန်းလုပ်တာများတာ၊ သွေးတိုးနဲ့ သွေးကြောရောဂါ၊ အာရုံကြောရောဂါ၊ ဥပမာ multiple sclerosis နဲ့ migraine headache ရောဂါ၊ သွေးအားနည်းရောဂါ၊ Acoustic neuroma ရောဂါ၊ Labyrinthitis ရောဂါ၊ Otosclerosis ရောဂါ၊ လည်ပင်းကြီးရောဂါ။ အများအားဖြင့် အလိုလိုပျောက်ပါတယ်။ ပြန်လဲဖြစ်တယ်။ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။

· Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html
· BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/ringing-in-ears.html


Healthy Life

253 Blog posts

Comments