VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း

(၁) ကာလသားရောဂါပိုး စစ်တယ်ဆိုရင် ဂနို၊ စစ်ဖလစ် တို့ ဖြစ်စေနိုင်တဲ့ပိုးတွေကို စစ်တာလားခင်ဗျာ။ အဖြေက မရှိဘ

October 17, 2014
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း

VDRL နဲ့ TPHA

(၁) ကာလသားရောဂါပိုး စစ်တယ်ဆိုရင် ဂနို၊ စစ်ဖလစ် တို့ ဖြစ်စေနိုင်တဲ့ပိုးတွေကို စစ်တာလားခင်ဗျာ။ အဖြေက မရှိဘူးဆိုပေမယ့် ပိုးက အောင်းနေတတ်ပါသလား။ အမျိုးသားများဆီးအောင့်ခြင်းအရ အမျိုးသမီးမှာ ဘာများဖြစ်နိုင်ပါသလဲ။

(၂) ကျွန်တော့် ရောဂါကို ဆေးခန်းသွားပြကြည့်တယ်။ အရင်ဆုံး ဆေးစစ်ပါတယ်။ ဆေးထပ်စစ်လိုက်တော့ VDRL မှာ WR ဆိုပြီး ရေးထားပါတယ်။ သူပြောတာတော့ သိပ်မရှိဘူးလို့ ပြောတယ်။ အဲဒါဘာကို ပြောတာဘဲ။ ပြီးတော့ TPHA ကို စစ်တာလို့လည်း ပြောပါတယ်။ အဲဒီ TPHA ကတော့ Plus ပါ။ သူကပြောတယ် အဲဒီ TPHA က အပေါင်းပြပြီးရင် နောက် ဘယ်အချိန်ဖြစ်ဖြစ် အဲဒါကို ထပ်စစ်ရင် အပေါင်းပဲပြတော့တယ်လို့ ပြောပါတယ်။ ရောဂါပျောက်သွားလည်း အပေါင်းပဲ ပြတယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ ပြီးတော့ ကျွန်တော့်ကို ဆေးထိုးမလား၊ ဆေးသောက်မလား ဆိုပြီး မေးတယ်။ အဲဒါက ဆေးသောက်ရုံနဲ့ ပျောက်နိုင်သလား။ ဆေးနာမည်မေးကြည့်တော့ Doxycycline (100 mg) တဲ့။ အဲဒီဆေးရဲ့ အစွမ်းအာနိသင်က ဘာလဲ။

အရင်က ကာလသားရောဂါလို့ခေါ်တဟာ ဆစ်ဖလစ်ကိုဆိုလိုတယ်။ ဂနိုအပါအဝင်ဆခြားအဲလိုရောဂါတွေကို လျင်ကတဆင့်ကူးစက်ရောဂါများလို့ခေါ်ယ်။ စေစ်တာက တမျိုးခြင်းကိုစစ်တယ်။ စုံတွဲတခုမှာ တယောက်ကနေ ရောဂါရှိနေရင် နောက်တယောက်ကို ကူးစက်မယ်။

VDRL နဲ့ TPHA တွေက Syphilis (ဆစ်ဖလစ်) ရောဂါ အတွက် စစ်တာတွေပါ။ VDRL test က အပေါင်းလက္ခဏာ ပြတိုင်းတော့ ဒီရောဂါရှိတာလို့ အားလုံးကိုမပြောနိုင်ပါ။ ထပ်ပြီး Treponema Pallidum Haemagglutination (TPHA) test ဆက်စစ်ပါမယ်။ သူပါ (ပေါဇေးတစ်ဖ်) ဖြစ်ရင် (ဆစ်ဖလစ်) ရှိတာ သေချာတယ်။

(ဆစ်ဖလစ်) ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ (လီနင်) နဲ့ (တော်လ်စထွိုင်) တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာက ဆိုရင် ဂျာမနီက (ဟစ်တလာ)၊ အီတလီက (မူဆိုလီနီ)၊ ရုရှားက လူဆိုး-ဘုရင် (အိုင်ဗင်) စသူတွေ ပါတယ်။ “နာမယ်ဆိုးနဲ့ အစိုးရများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျ ဘာသာပြန်ရင် “မဟာ-ကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကိုသာ ခေါ်တာပါ။

အာလူး-အချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ (ဆစ်ဖလစ်) ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ချ် တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

(ဆစ်ဖလစ်) ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ တခုခုမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယအဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်-ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတတ်တယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်း ဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော-ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့ အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

(ဆစ်ဖလစ်) ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်။

Benzathine penicillin G 2.4 million units IM once a week x 3 weeks ၇ ရက် တပါတ် ၁ လုံးနဲ့ ၃ ပါတ် ထိုးရင် ပျောက်ပါတယ်။ ဆစ်ဖလစ်အတွက် ပဌမတန်းဆေးအဖြစ် သတ်မှတ်တယ်။ ကနေဒါ သုတေသနတခုအရ Doxycycline နဲ့ Tetracycline ဆေးတွေဟာ Primary syphilis ဆစ်ဖလစ်ဖြစ်စအတွက် Benzathine Penicillin G ထိုးဆေးလိုဘဲ အကျိုးတူဖြစ်စေတယ်လို့ ၂ဝဝ၈ အောက်တိုဘာလထုတ် American Journal of Medicine မှာ ရေးလိုက်ပါတယ်။ ပနယ်စလင် မတည့်သူတွေအတွက် အလွန်ကောင်းတဲ့သတင်း ဖြစ်ပါတယ်။

လူနာ ၄၄၅ ဦးထဲက ၄၂ဝ ဦးကို ပနယ်စလင် တလုံးထဲထိုး၊ ၂၅ ဦးကို Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်ပေးပြီး နှိုင်းယှဉ်ကြည့်တာ အားလုံးအတူတူနီးပါ။ (ပနယ်စလင်ထိုးသူထဲက ၉ရ့၄% နဲ့ စားဆေးပေးသူ ၁ဝဝ% တို့မှာ ပျောက်ကင်းကြတာ တွေ့ရတယ်။

Doxycycline (ဒေါက်ဆီဆိုက်ကလင်း) ဆေးဟာ Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေးမျိုး ဖြစ်ပါတယ်။ (ဆစ်ဖလစ်)၊ (ရှန်ကာရွိုက်)၊ (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား) ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ (လိုင်မ်း) ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်းရောဂါတွေအပြင် (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။

ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကို မတည့်ရင် သူ့ကိုလဲ မတည့် ဖြစ်နိုင်တယ်။ ကျောက်ကပ်ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြာပြီး သောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသဲရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

Dr. တင်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/vdrl-tpha.html


Healthy Life

253 Blog posts

Comments