Fibroids Cure without losing Uterus သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်

အမျိုးသမီး အရွယ်လတ်များမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်အလုံး ရောဂါကို ဆေးစာနဲ့ Fibroids လဲခေါ်တယ်၊ Myoma လဲ ခေါ်တယ်၊ Leiomyom

November 20, 2014
Fibroids Cure without losing Uterus သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်

Fibroids Cure without losing Uterus

အမျိုးသမီး အရွယ်လတ်များမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်အလုံး ရောဂါကို ဆေးစာနဲ့ Fibroids လဲခေါ်တယ်၊ Myoma လဲ ခေါ်တယ်၊ Leiomyomas လို့လဲ ခေါ်တယ်။ အပျိုကြီးတွေ၊ အိမ်ထောင်ရှိလဲ ကလေးမရှိသူတွေ၊ ကလေးရှိဘူးလဲ အိမ်ထောက်ပျက်လို့ ကလေးဝေးသွားသူတွေမှာ ဖြစ်တဲ့ ရောဂါတခုပါ။ အလုံး-အကြိတ်ပေမဲ့ ကင်ဆာ မဟုတ်တဲ့ အမျိုး အစား ဖြစ်တယ်။ ကုနည်းကတော့ အစဉ်အလာအရ ခွဲထုတ်ရတာပါ။ ခွဲတဲ့အခါ အလုံးအခြေအနေ၊ လူနာ အခြေအနေ အရ အလုံးသပ်သပ် ထုတ်နည်း၊ သားအိမ်ပါ ထုတ်နည်း လုပ်ရတယ်။ နည်းသစ်တခု ပေါ်လာတာက Uterine Fibroid Embolization (UFE) လို့ ခေါ်ပါတယ်။

ခွဲစိတ်စရာ မလိုတဲ့နည်းလို့ ပြောတယ်။ လူနာ စိတ်သက်သာရအောင် ခေါ်တာပါ၊ ခွဲခန်းတော့ ဝင်ရမှာဘဲ၊ ထုံဆေးလဲ ပေးရတာဘဲ။ Interventional Radiologist ဆိုတဲ့ ဓါတ်မှန် အထူးကျွမ်းကျင်သူ ဆရာဝန်ကနေ လုပ်ပေးရတာမို့၊ ခွဲစိတ်ဆရာဝန်က လုပ်ပေးရတာ မဟုတ်လို့ ခေါ်တာလည်း ဖြစ်မယ်။

UFE နည်းကို ၁၉၉၅ ကတည်းက စသုံးတာ ခုဆို အမျိုးသမီး လူနာပေါင်း တကမ္ဘာလုံးမှာ တသိန်းကျော်သွားပါပြီ။ သားအိမ်ထဲက အလုံးဆီ သွားတဲ့သွေးကြောကို Polyalcohol vinyl ဆေးထိုးပြီး ပိတ်ပေးနည်း ဖြစ်ပါတယ်။

(MRI) ဖြစ်ဖြစ် Ultrasound ဖြစ်ဖြစ် အရင်လုပ်တယ်။ ဆေးရုံတက်ရမယ်။ မလုပ်ခင် ၄ နာရီ အစားအမာ ရှောင်ခိုင်းမယ်။ စိတ်ငြိမ်ဆေး ထိုးပေးလိမ့်မယ်။ ပေါင်ခြံမှာရှိတဲ့ သွေးလွှတ်ကြောကနေ လုပ်မှာမို့ အမွှေး-အမျှင် သန့်ရှင်းရမယ်။

လုပ်မဲ့နေရာကို ပိုးသန့်ဆေးတွေ သုတ်လိမ်းပြီး ထုံဆေးထိုးမယ်။ ဆေးထိုးအပ်နဲ့ သွေးလွှတ်ကြောထဲထိုးမယ်။ အပ်နဲ့အတူ ပိုက်သေးသေးလေးနဲ့ ဝိင်ယာပါ ထည့်မယ်။ ဆရာဝန်ကနေ ဓါတ်မှန်နဲ့ ကြည့်ရင်း သားအိမ်ထဲက ဖြစ်နေတဲ့ အလုံးကိုသွားတဲ့ ဘယ်နဲ့ညာ သားအိမ်သွား သွေးလွှတ်ကြောတွေအထိ (ကသီတာ) နဲ့ (ဝိုင်ယာ) ရောက်အောင် ထည့်ပေးမယ်။ ဓါတ်မှန်မှာ ခွဲခြားမြင်နိုင်မဲ့ dye ဆေးထိုးသွင်းလိုက်မယ်။ တကိုယ်လုံး နွေးလာတာ ခံစားရမယ်။ သေခြာတဲ့အခါ သွေးကြောပိတ်ဆေး ထိုးလမ့်မယ်။ အလုံး သွေးမရတော့ဘူး ဖြစ်သွားမယ်။ ဘယ်ရော၊ ညာပါ လုပ်ရတယ်။ အားလုံးပေါင်း နာရီဝက်၊ တနာရီ ကြာလိမ့်မယ်။

ဆေးရုံမှာ တညသာ ထားမယ်။ အိမ်ရောက်ရင် ၃-၄ ရက် နားရမယ်။ နဲနဲ ဖျားနိုင်တယ်။ တချို့က နာမယ်။ အနာသက်သာဆေး ပေးထားမယ်။ ပဋိဇီဝဆေးပေးမယ်။ သွေးနဲနဲဆင်းတတ်တယ်။ ၂ ပါတ်လောက်ထိ ကြာချင်ကြာမယ်။ တချို့ ပိုကြာတယ်။ အလုံးပျောက်ဘို့ ၆ ပါတ်ကနေ တနှစ် ကြာတတ်တယ်။ ၈% လောက်က ချက်ချင်း ကောင်းသွားတယ်။ ၉ဝ% မက အရင် ခံစားနေတာတွေ ကင်းပျောက်သွားမယ်။ ၅-၁ဝ% တဝက်တပျက် ကောင်းပြီး၊ ၂၅% ပြန်ဖြစ်တယ်။

ဆိုးတာဖြစ်ရင် ပိုးဝင်တာဘဲ။ ၂%လောက်မှာ ဖြစ်တယ်။ တချို့က သားအိမ်ခြစ်တာ လုပ်ဘို့ လိုချင် လိုတယ်။ သွေးဆင်းတာနဲ့ ရာသီလာချိန် ဗိုက်နာတာ ခံစားရတတ်တယ်။ ရှားရှားပါးပါး သားအိမ် ထုတ်ရမယ်။ ၁-၅% သွေးဆုံးတာ စောတတ်တယ်။ ဒီနည်းနဲ့ လုပ်ပြီးမှ ကလေးရရင် ဂရုစိုက်ရမယ်။

ကောင်းချက်တွေကတော့ ထုံဆေးသာ သုံးရတယ်။ ဒါးခွဲရာ သေးသေးလေးနဲ့ ရတယ်။ သားအိမ်တခုလုံး ထုတ်စရာ မလိုဘူး။ သွေးထွက်တာ နည်းတယ်။ မြန်မြန် နလံထမယ်။ အနုတ်သဘောတွေကတော့ သွေးလွှတ်ကြောကို လုပ်ရတဲ့ သတိထားစရာတွေ ရှိတယ်။ သွေးယိုတာ၊ သွေးခြည်ဥတာ၊ ပိုးဝင်တာ။ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်နေရင်၊ ကျောက်ကပ် မကောင်းရင်လဲ လုပ်မပေးဘူး။ ကင်ဆာ သံသယရှိသူ၊ အလုံးရှိပေမဲ့ ဘာမှ မခံစားရသူ၊ ကိုယ်ဝန် ရှိနေသူတွေကို လုပ်မပေးဘူး။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/fibroids-cure-without-losing-uterus.html


Healthy Life

253 Blog posts

Comments