Uterine Fibroid (2) သားအိမ်အလုံး (၂)

ခွဲစိတ်တဲ့အကြောင်းလေးတွေရေးပါအုံးပြောလို့ နောက်တခုရေးပါရစေ။ သားအိမ်အလုံးခွဲတဲ့အကြောင်း ရေးပါမယ်။

November 20, 2014
Uterine Fibroid (2) သားအိမ်အလုံး (၂)

Uterine Fibroid

ခွဲစိတ်တဲ့အကြောင်းလေးတွေရေးပါအုံးပြောလို့ နောက်တခုရေးပါရစေ။ သားအိမ်အလုံးခွဲတဲ့အကြောင်း ရေးပါမယ်။

အသားပို၊ ကင်ဆာ၊ ကင်ဆာမဟုတ်တဲ့အလုံးတွေမှန်သမျှ ဘယ်နေရာမှာဖြစ်နေနေ၊ ဘယ်ဆရာဝန်ကမှ ဘာ့လို့ဖြစ်တယ်ဆိုတာ တိတိပပ မပြောနိုင်ကြသေးပါ။ Myoma (Fibroid) လဲ ဘာလို့ဖြစ်တာ အသေအခြာမသိပါ။ (အီစထိုဂျင်) ဟော်မုန်းမထွက်သေးတဲ့ ငယ်တုံးမှာမဖြစ်ဘဲ၊ ကိုယ်ဝန်ဆောင်ချိန်မှာရှိနေသူဆို ပိုကြီးလာတတ်တယ်။ သွေးဆုံးရင်လဲ ဆက်မကြီးတော့ဘူး။ ၂ မျိုးရှိတယ်။ Leiomyoma တခြားနေရာတွေလဲဖြစ်တတ်တာမျိုး နဲ့ Rhabdomyomas ကြွက်သားမှာ ဖြစ်တတ်ပြီး ဝ့၅-၁% မှာ ကင်ဆာ ကို ပြောင်းနိုင်တာမျိုး။ ရောဂါရာဇဝင် မေးတာ၊ ဗိုက်နဲ့ မွေးလမ်းစမ်းတာနဲ့ သိနိုင်ပြီး Ultrasounds, CT Scans, or MRIs ရိုက်မှ သိလာရသူတွေ ရှိတယ်။ 1 mm အရွယ်လောက်ကနေ 20 cm မက ကြီးနိုင်တယ်။

အလုံးကအတွင်းဆုံးလွှာမှာရှိရင် ရာသီများမယ်၊ ရာသီဆင်းရင် နာမယ်၊ ရာသီမမှန်ဖြစ်မယ်၊ ဗိုက်အောက်ပိုင်း နာမယ်၊ ခါးနာမယ်၊ ခေါင်းမူးမယ်၊ အလုံးက အူကိုဖိနေရင် ဝမ်းချုပ်မယ်။ ဆီးအိမ်ကိုဖိနေရင် ဆီးသွားချိန်နာမယ်။ ဆီးခဏခဏသွားချင်မယ်။ လူတိုင်း ရာသီဆင်းတာ များမှာတော့ မဟုတ်ပါ။ အလုံးက သားအိမ်-အတွင်းဆုံးအလွှာနဲ့ ပတ်သက်နေမှသာ များပါမယ်။ သွေးဆင်းရမဲ့ မျက်နှာပြင် ပိုကျယ်နေလို့ပါ။ သားအိမ်အပြင်ပိုင်းမှာ ဘယ်နှလုံး ဖြစ်နေနေ ရာသီအနည်း-အများကို မပြောင်းစေဘူး။ သွေးဆင်းများသူဆိုရင် သွေးအားနည်းလာမယ်။

တချို့ကို ဟော်မုန်းပေးနည်းနဲ့ သဘာဝဆေးနည်းတွေ လုပ်နိုင်တယ်။ လုံးဝပျောက်မှာတော့ မဟုတ်ပါ။ ဟော်မုန်းရဲ့ အလိုချင်တဲ့ အကျိုးတွေလဲရှိလို့ ခွဲစိတ်ကုသတာ အကောင်းဆုံးဖြစ်တယ်။ လေဆာနည်းလဲ တချို့အတွက် သုံးလို့ရတယ်။ ခွဲစိတ်ကုသရာမှာ Myomectomy အလုံးသပ်သပ် ထုတ်တာ နဲ့ Hysterectomy သားအိမ်ကိုပါ ထုတ်တာဆိုပြီး ၂ နည်းရှိတယ်။ အကောင်းဆုံးနည်းက ဗိုက်ဖွင့်ပြီး အလုံးသပ်သပ် ထုတ်နည်း ဖြစ်တယ်။ ဆေးရုံတိုင်းမှာလုပ်နိုင်ပြီး အကုန်အကျလဲ မများဘူး။

ယမုန်နာက လူနာတယောက်
ဒေလီမှာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းကို လူနာတယောက်လာပြတယ်။ ဖိုက်ဘရွိုက်ခေါ်တဲ့ သားအိမ်အလုံးဖြစ်တယ်လို့ ရောဂါအကြောင်း စစ်မေးတာာ၊ လက်နဲ့ စမ်းတာနဲ့သိပါတယ်။ လူနာအမျိုးသမီးက ငွေမတတ်နိုင်ပါ။ အာလ်ထွာဆောင်း ရိုက်ဘို့တောင်မှ အိပ်ထဲကစိုက်ပေးရသေးတယ်။ အပြင်မှာလဲ သွားမခွဲနိုင်ပါ။ ဆရာခွဲပေးပါတဲ့။

၃ဝ-၁ဝ-၂ဝဝ၉ နေ့က ဆေးခန်းလေးမှာဘဲ ခွဲဘို့စီစဉ်ရတယ်။ အဆင်သင့်ခြင်တော့ အဲဒီအချိန်က သူနာပြုဆရာမ တယောက်လဲ ရှိတယ်။ သူက မြန်မာပြည်က သူနာပြုအောင်ထားပေမဲ့ လက်တွေ့နည်းတယ်လို့ပြောတယ်။ ဆေးခန်းမှာ အရင်က မေဂျာ အော်ပရေးရှင်း မလုပ်ဘူးသေးပါ။ ခွဲစိတ်ခန်း သပ်သပ်လဲမရှိပါ။ ပိုးသန့်စနစ်ကို ဖြစ်အောင်ဖန်တီးရတယ်။ ဘေးကနေ ဝင်ကူမဲ့ ဆရာမတွေကိုလဲ သင်ထားရတယ်။ ဟိုဟာမထိုင်ရ၊ သည်ဟာမထိရ။ သည်လို့တောင်းရင် ဒါကိုပေး။

မေ့ဆေးဆရာဝန်မရှိ၊ ထိုးရတဲ့မေ့ဆေးသာသုံးရတယ်။ သားအိမ်အကျိတ်ကလဲ အဝင်ရခက်တဲ့နေရာမှာရှိတယ်။ သားအိမ်ရဲ့ နောက်မှာ။ ရ့၅ စင်တီမီတာရှိတာမို့ မသေးလှပါ။ အချိန်ပိုကြာလို့ ခွဲစိတ်နေရင်း မေ့ဆေးထိုးဆေး မလောက်ပါ။ အဲလိုဆေးက ဝယ်ချင်တိုင်းဝယ်မရ။ လိုက်အရှာခိုင်းတာလဲမရလို့ အိပ်ဆေးအထိုးခိုင်းပြီး ဆက်ခွဲရတယ်။

လူနာက အိမ်ထောင်နဲ့ကွဲထားသူ။ အရွယ်လဲငယ်သေးလို့ နောက်အိမ်ထောင်ပြုရင် သားသမီးရချင်မှာဘဲ။ ဒါနဲ့ သားအိမ်ကို အတတ်နိုင်ဆုံး မထိခိုက်အောင် အလုံးသပ်သပ်ကို မရမကထုတ်ပေးလိုက်ပါတယ်။

ခွဲစိတ်ဒဏ်ရာပျောက်ပြီးနောက် သိပ်မကြာပါဘူး။ အိမ်ထောင်ထပ်ကျတယ်။ ရလာတဲ့ကိုယ်ဝန်ကိုလဲ ဆေးခန်းမှာဘဲ လာအပ်တယ်။ ၃-၁-၂ဝ၁၁ ရက်က ဆေးခန်းမှာလာမွေးတယ်။ ခွဲလူနာနံပါတ်က ၄၈၂ နဲ့ မွေးလူနာနံပါတ်က ၁၆၅ ဖြစ်တယ်။ အခုတော့ တတိယနိုင်ငံတခုကို ရောက်သွားပါပြီ။ ဘယ်နိုင်ငံမှာလဲတော့ မသိပါ။

Uterine Fibroid Laser Treatment သာအိမ်အကျိတ်အား လေးဆာနည်းဖြင့်ကုသခြင်း

အကျိုးကျေးဇူးများ
ခွဲစိတ်ဒါးမသုံးလို့ ဒါးရာနဲ့ အမာရွတ်မရှိပါ။ သွေးထွက်တာနည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။

အနုတ်သဘောဆောင်တာတွေ
ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ (ဆဲလ်) တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။

ရလဒ်
ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။

ဓါတ်ပုံ = ၃ဝ-၁ဝ-ဝ၉ နေ့ ဒေလီက ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ခွဲစိတ်ထုတ်ပေးခဲ့ရတဲ့ သားအိမ်အလုံး

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/uterine-fibroid-2_20.html


Healthy Life

253 Blog posts

Comments