Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း

ဒုက္ခသည်-ဆေးခန်းမှာ လူနာတွေကို ကြည့်ပေးနေရင် သူနာပြုဆရာမဆီကို အစိုးရ ဆေးရုံသွား ကလေးဖွါးရသူကနေ ဖုန်းဆက

November 15, 2014
Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း

ဒုက္ခသည်-ဆေးခန်းမှာ လူနာတွေကို ကြည့်ပေးနေရင် သူနာပြုဆရာမဆီကို အစိုးရ ဆေးရုံသွား ကလေးဖွါးရသူကနေ ဖုန်းဆက်ပါတယ်။ ကလေး သွားမွေးနေသူကလဲ အိမ်ထောင် မကျခင်က ဆေးခန်းမှာ အကူဆရာမ လုပ်ပေးခဲ့သူပါ။ ကံဆိုးချင်တော့ သူ့မှာ ကိုယ်ဝန်ရှိမှ ဘီ ပိုး တွေ့တယ်။ ကံထပ်ဆိုးချင်တော့ မွေးပြီး သွေးသွန်တာ ဆိုးဆိုးဝါးဝါး ဖြစ်လို့ သွေး ၁ဝ ယူနစ် သွင်းလိုက်ရ ပြန်တယ်။ ကလေးကို မွေးလမ်းကနေ မွေးနိုင်ပေမဲ့ သွေးသွန်လို့ ဗိုက်ခွဲ့ရသေးသတဲ့။ ကလေးအမေ လက်သစ် စကားစမြီ ပြောနိုင်ပါပြီ။

“ဆရာ (့) က သူ့ကလေးကို နို့တိုက်လို့ ရသလားတဲ့။"

အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း အကြောင်း အရေးကြီးတဲ့ ထုတ်ပြန်ချက်တခုကို Global Programme for Vaccines and Immunization ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် နဲ့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှာ ရှိကြတဲ့ Divisions of Child Health and Development ကလေး-ကျန်းမာရေး ဌာန နဲ့ Reproductive Health (Technical Support) မျိုးပွါးကျန်းမာရေး (နည်းပညာ ထောက်ကူရေး) တွေကနေ ၂၂-၁၁-၉၆ မှာ ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိဒါန်း
“ဘီပိုးရှိနေတဲ့ မအေကနေ ကလေးကို နို့တိုက်ရင် ရောဂါကူးစက်နိုင်သလား” ဆိုတာဟာ နှစ်ပေါင်းများစွာ မေးနေရတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ကလေးမိခင် အားလုံးရဲ့ ၅% မှာ Chronic hepatitis B virus carriers နာတာရှည် ဘီ ပိုးရှိနေသူတွေဖြစ်လို့ ဒီအမေးဟာ အရေးကြီးပါတယ်။

ခိုင်မာတဲ့ လေ့လာမှုတွေကို ဆန်းစစ်တဲ့အခါ "အဲလိုနို့တိုက်ခြင်းဟာ ကလေးကို ပိုးရှိနေတဲ့ မိခင်တွေကနေ ကူးစက်မဲ့ အခွင့်အလမ်းက ထူးခြားပြီး ပိုများတယ်လို့ မတွေ့ရှိရပါ။" WHO ကနေ ညွှန်ပေးထားတဲ့ Hepatitis B vaccine ကာကွယ်ဆေးထိုး လုပ်ငန်းကို နိုင်ငံပေါင်း ၈ဝ ကျော်မှာ လုပ်နေကြလို့ ကူးစက်မဲ့ အန္ကရာယ်စာရင်းကနေ တချိန်မှာ ပယ်ဖျက်နိုင်ပါလိမ့်မယ်။

အသဲရောင် ဘီ ပိုးကူးစက်ရောဂါ
HBV infection ဘီ ပိုးကူးစက်ရောဂါဟာ တကမ္ကာလုံး လူထုကျန်းမာရေးမှာ အလွန် အရေးပါပါတယ်။ ဒီပိုးကြောင့် ပိုးရှိနေပေမဲ့ ရောဂါလက္ခဏာ မပြသေးတာ၊ အသဲ စပြီး ရောင်လာတာ၊ အသဲရောဂါ ကောင်းကောင်း ရလာတာ၊ နဲ့ ပိုးဆက်ရှိနေရင်း နာတာရှည် ပိုးသယ်ယူ-ကူးစက်စေမဲ့အဆင့် ဆိုပြီး အမျိုးမျိုး ဖြစ်ပါမယ်။

တကမ္ဘာလုံးမှာ နာတာရှည် ရောဂါပိုး ကူးစက်အောင် သယ်ပေးနေသူပေါင်း သန်း ၃၅ဝ မက ရှိနေပြီ။ သူတို့ကိုယ်တိုင်ကလဲ တချိန်မှာ နာတာရှည် အသဲရောင်ရောဂါ၊ အသဲခြောက်ရောဂါ နဲ့ အသဲကင်ဆာ ရောဂါတွေ ဖြစ်လာနိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါတွေကနေ တနှစ်မှာ လူပေါင်း ၁ သန်းကျော် သေဆုံးနေကြရတယ်။ ခန့်မှန်းချက်အရ အဲလိုလူတွေထဲက ၂၅-၃၅% ဟာ အဲလို နိဂုံးချုပ်ကြရတယ်။

HBV ဘီပိုး ကူးစက်ခြင်း
ကူးစက်တဲ့ ပုံစံက ပိုးကို သယ်ပို့ပေးနေသူတွေ နည်းတဲ့-များတဲ့နေရာ အပေါ်မှာ မူတည်တယ်။ ကူးစက်မှု များရာ နေရာတွေ ဖြစ်တဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အာဖရိက-ဆာဟာရဒေသ တွေမှာ ကူးစက်နည်းက ပိုးရှိမိခင်ကနေကလေး (အထက်ကနေအောက်)၊ ဒါမှမဟုတ် အနေနီးစပ်မှု (ဘေးတိုက်) နည်းတွေ ဖြစ်တယ်။

အာရှမှာ ကလေးမွေးနိုင်တဲ့အရွယ်ရှိ ဘီပိုးသယ်ကူးပေးနေကြတဲ့ အမျိုးသမီးတွေရဲ့ ၄ဝ% မှာ (HBeAg) အသဲရောင် အီး ပိုးပါ ရှိနေကြတယ်။ ဒီလို အမျိုးသမီးတွေထဲက ၇ဝ-၉ဝ% ကနေ သူတို့ မွေးမဲ့ ကလေးကို မွေးနေရင်း နဲ့ မွေးပြီးကာစမှာ ကူးစက်စေနိုင်တယ်။ မိခင်ရဲ့ သွေး နဲ့ ကိုယ်ခန္ဓာအရည်တွေကြောင့် ဖြစ်တယ်။

အာရှမှာ ဒီလို မိခင်-ကလေး ကူးစက်နှုန်းဟာ ၂၅-၃ဝ% ရှိတယ်။ တခြားဒေသတွေမှာ ကလေးမွေးနိုင်တဲ့ အရွယ်ရှိ ပိုးသယ်ကူး ပေးနေကြတဲ့ အမျိုးသမီးတွေဟာ ၁ဝ% သာရှိတယ်။ မိခင်-ကလေး ကူးစက်တယ်ဆိုတာ မပြောပလောက်ဘူး။ ဥရောပ၊ အမေရိက အပါဝင် အဲလိုဒေသတွေမှာ အများဆုံးကူးစက်နည်းလမ်းက သွေး နဲ့ လိင်ဆက်ဆံရာနေ ဖြစ်တယ်။ ဒါပေမဲ့ အဲလိုနေရာတွေမှာ မိခင်-ကလေး မကူးရအောင် ကာကွယ်မှုတော့ လုပ်ကြတယ်။ ကလေးကို (HBIG) နဲ့ hepatitis B vaccine ကာကွယ်ဆေးတွေ ထိုးပေးတယ်။

ကလေးနို့တိုက်ရာကနေ ဘီ ပိုးကူးစက်နိုင်တဲ့ အန္ကရာယ်
မိခင်နို့ထဲမှာ (HBsAg) မျက်နှာပြင် အင်တီဂျင် ဆိုတာ နည်းနည်းလေးသာ တွေ့ရတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ မိခင်ကနေ နို့တိုက်လို့ သူ့ကလေးကို ဘီ ပိုးကူးစက်စေနိုင်တဲ့ အန္ကရာယ်ဟာ ထူးပြီး မပိုတာ တွေ့ရတယ်။

တိုင်ဝမ်မှာ ဘီပိုးရှိ မိခင်တွေကနေ မွေးလာတဲ့ ကလေးပေါင်း ၁၄၇ ယောက်ကို လေ့လာတဲ့အခါ မိခင်နို့တိုက်တဲ့ ကလေး ၉၂ ယောက်မှာ ကူးစက်တယ်။ နို့မတိုက်တဲ့ ကလေး ၅၅ ယောက်မှာ ကူးစက်တယ်။ ကူးစက်နှုန်း မထူးဘူးဆိုတာ သိလာရတယ်။ ဗြိတိန်မှာ ၁၂၅ ယောက်ကို လေ့လာတော့လဲ ကူးစက်နှုန်း မပိုတာ တွေ့ရတာဘဲ။ လေ့လာမှုတွေထဲမှာ ထပ်သိရတာက မိခင်မှာ အီး အင်တီဂျင် ရှိနေပေမဲ့ ကူးစက်နှုန်း မကွာတာလဲ တွေ့ရသေးတယ်။

ကောက်ချက်ဆွဲရင် “ကလေးကို နို့တိုက်တာကြောင့် ဘီပိုး ကူးစက်နှုန်းဟာ သွေးကနေ နဲ့ ကိုယ်ခန္ဓာ-အရည်တွေကနေ ကူးစက်တာနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။” နို့မှာ ကွဲနေတာ၊ သွေးယိုနေတာ၊ အရည်ထွက်တဲ့ အနာဖြစ်နေတာတွေ ရှိနေရင်တော့ စိုးရိမ်စရာ ကောင်းမယ်။

ဘီပိုးမကူးစက်အောင် ဘယ်လိုကာကွယ်မလဲ
HB vaccine ကာကွယ်ဆေးဟာ မိခင်-ကလေး ကူးစက်မှာကိုရော လူကြီးချင်း သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေကနေ ကူးစက်မှာကိုပါ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေး ထိုးထားရင် မိခင်ကနေ ကလေးကူးမှာကို ၇ဝ-၉ဝ% ကာကွယ်နိုင်တယ်။ တခြားလူကြီးတွေကနေ ကလေးကို ကူးမှာ ၉၅% ကာကွယ်နိုင်တယ်။

ဘီ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးကို ၂၄ နာရီအတွင်း HB vaccine ကာကွယ်ဆေး နဲ့ HBIG ဆေး ထိုးပေးရင် ၈၅-၉ဝ% ကာကွယ်နိုင်တယ်။ ခက်တာက မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာ မိခင်လောင်းတိုင်းကို ဘီပိုး စစ်ဆေးတာနဲ့ HBIG ဆေး ထိုးပေးနိုင်တာက လက်တွေ့ ဖြစ်မလာသေးပါ။ ဒါ့ကြောင့် မွေးတဲ့ကလေးတိုင်းကို ၄၈ နာရီအတွင်း ဘီပိုး ကာကွယ်ဆေး မဖြစ်မနေ ထိုးဘို့ ထောက်ခံချက်ပေးထားတယ်။ ဆေးရုံ-ဆေးခန်းတွေမှာ မွေးတဲ့ကလေးတွေကိုတော့ အဲလိုလုပ်ပေးနိုင်ပေမဲ့ တောမှာ၊ အိမ်မှာ မွေးတဲ့ကလေးတိုင်းက အဲဒီအခွင့်အရေး မရကြသေးဘူး။ အာရှလိုနေရာတွေမှာ မိခင်-ကလေး ကူးစက်နိုင်တာ ပိုများတာမို့ မွေးပြီး ကာကွယ်ဆေးထိုးပေးဘို့ အထူးလိုအပ်နေသေးတယ်။ ကာကွယ်ဆေးထိုးထားတဲ့ကလေကို စိတ်ချလက်ချ နို့တိုက်လို့ရပါတယ်။

အဲလိုမဖြစ်နိုင်တဲ့နေရာတွေမှာ နို့အငှားတိုက်ခိုင်းတာနဲ့ လှူထားတဲ့နို့တိုက်တာ လုပ်သင့်တယ်။ ရောဂါ ထူပြောရာဒေသတွေက မိခင်တွေဟာ တချိန်က ပိုးအကူးခံထားရပြီး ကောင်းတာတယ်။ သူတို့ကိုယ်ထဲမှာ HBV ရောဂါကို ခုခံနိုင်စွမ်းရှိတဲ့ Anti-HBs antibody (အင်တီဘော်ဒီ) တွေရှိနေလိမ့်မယ်။ ဒါတွေက အချင်းကတဆင့် ဗိုက်ထဲက ကလေးဆီ ရောက်သွားပြီး မွေးလာတဲ့ကလေးကို အနည်းဆုံး ၆ လ အထိ ရောဂါပြီးနိုင်စေတယ်။ ချမ်းသာတဲ့နိုင်ငံတွေမျာ နို့အငှားတိုက်တာနဲ့ နို့လှူတာတွေကို HBsAg ပါမပါ အရင် စစ်ဆေးဘို့ လိုတယ်။

အကြံပြုချက်
၁။ မွေးလာတဲ့ ကလေးတိုင်း ထိုးပေးရမဲ့ ကလေးကာကွယ်ဆေးဇယားထဲမှာ hepatitis B vaccine ပါရမယ်။
၂။ ဖြစ်နိုင်ရင် ကလေးမွေးပြီး ၄၈ နာရီအတွင်း ထိုးပေးပါ။
၃။ WHO နဲ့ UNICEF က အကြံပြုထားတာက ကလေးကို အနည်းဆုံး ၄ လ၊ ဖြစ်နိုင်ရင် ၆ လ မိခင်နို့တိုက်ပါ။ ၆ လ နောက်မှာ ဖြည့်စွက်စာ ကျွေးမယ်ဆိုရင် ၂ နှစ်အထိလဲ နို့တိုက်နိုင်တယ်။
၄။ မိခင်နို့မတိုက်တဲ့ကလေးတွေဟာ ရောဂါတွေ ဖြစ်တဲ့ နှုန်းရော ရောဂါကြောင့် သေဆုံးနှုန်းပါ ပိုများတယ်။
၅။ မိခင်မှာ ဘီပိုးရှိနေလို့ သူ့ကလေးကို နို့တိုက်လို့ ဘီ ပိုးကူးစက်ဘို့ အန္တရာယ်က ထူးပြီး ပိုမများပါ။ ကာကွယ်ဆေး မထိုးတာတောင်မှ ပိုမများပါ။
၆။ ဒါ့ကြောင့် ရောဂါထူပြောရာနေရာတွေမှာ ကာကွယ်ဆေး မရှိတာတောင်မှ မိခင်ကနေ ကလေးကို နို့တိုက်သင့်ပါတယ်။

အစမှာ မိတ်ဆက်ပေးခဲ့တဲ့ ဒုက္ခသည် လူနာရဲ့ ကလေးအတွက် မထိုးမဖြစ်တဲ့ HBIG ကာကွယ်ဆေးကို ဒေလီလို မြို့တော်ကြီးမှာ လှည့်ပတ် ရှာကြရတယ်။ ဘုံဘေအနားက (ထာနေး) ဆိုတဲ့မြို့မှာ ရှိတဲ့ ဆေးကုမ္ပဏီက ထုတ်တဲ့ ဒီဆေးကို ရူးပီး ၄ဝဝဝ နဲ့ ဝယ်လို့ရတာ ကံကောင်းတယ်လို့ ပြောရမလို ၂၄ နာရီအတွင်း ဒီဆေးရမှ ဖြစ်မယ်လို့ သိထားသူ အားလုံးက သက်ပြင်းချနိုင်ကြလို့ပါ။ မြန်မာပြည်မှာလဲ ချမ်းသာမှ ကျန်းမာနိုင်ဆဲ ဖြစ်နေသေးတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html


Healthy Life

253 Blog posts

Comments