Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း

ဆရာ တစ်ခုလောက်မေးချင်လို့ပါ။ သမီး အသက် ၂၈ ပါ။ ကိုယ်ဝန် ၂၉ ပါတ်မြောက် စနေနေ့ညမှာ ဗိုက်ထဲက ကလေးလေး မလှုတ်တ

November 03, 2014
Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း

Pregnancy and Intrauterine Death (IUD)

ဆရာ တစ်ခုလောက်မေးချင်လို့ပါ။ သမီး အသက် ၂၈ ပါ။ ကိုယ်ဝန် ၂၉ ပါတ်မြောက် စနေနေ့ညမှာ ဗိုက်ထဲက ကလေးလေး မလှုတ်တာ သတိထားမိပြီး၊ တနင်္ဂနွေနေ့မှာ လစဉ်ပြနေကြဆေးခန်းက ပိတ်လို့ တနင်္လာနေ့ ဆေးခန်းဖွင့်တာနဲ့ ဖုန်းဆက်ပြီး သွားခဲ့ပါတယ်။ စမ်းသပ်ကြည့်လိုက်တော့ ကလေးက အသက်မရှိတော့ပါဘူး ဆရာ။ ပုံမှန်လစဉ်ပြနေကြအတိုင်းသွားခဲ့တာ ၁ ပါတ်အတိပဲရှိသေးပြီး အဲ့တုန်းက အားလုံးက ပုံမှန်ပါပဲဆရာ(Low placenta ဖြစ်နေလို့ ခွဲမွေးရမယ်လို့တော့ လနုကတည်းက အမြဲပြောပါတယ်)။ တနင်္လာနေ့မှာ အသက်မရှိတော့တာသိတော့ အင်္ဂါနေ့မှာ ဗိုက်ခွဲပြီး ကလေးထုတ်ပါတယ်။ ကလေးထုတ်တော့လဲ အပြစ်ပြောစရာရယ်လို့ ဘာမှမရှိပဲ Unexplained case နဲ့ပဲ အဆုံးသတ်သွားပါတယ်။ အဲ့လိုမျိုး အဖြစ်မျိုးတွေ တွေ့ခဲ့ဖူးပါသလားဆရာ။ အရမ်းခံစားခဲ့ရပါတယ်။ နောက်ကလေးယူဖို့လဲ အရမ်းကြောက်နေပါတယ်။ ဘာလို့ ကလေးက ရုတ်တရက် သေသွားရတာလဲဆရာ။ သမီး အနေအထိုင်တွေများမှားခဲ့လို့လား။ ပုံမှန်အနေအထားထက်ကို ဂရုစိုက်ခဲ့ပါတယ်။ အလုပ်ကိုလဲ အသွားအပြန် တက်စီနဲ့ပဲသွားခဲ့တာပါ။

မေးတာကို အခုမှတွေ့တယ်။ ဆောရီးနှစ်ထပ်ကွမ်းဗျာ။ ဘယ်မှာနေတာလဲတော့ မသိပါ။ နောက်ကိုယ်ဝန်ကိုပိုဂရုစိုက်ရမယ်။ ဒါပေမဲ့ ကြိုတင်စိုးရိမ်စိတ် မထားသင့်ပါ။ အပြုသဘောဆောင်ပါ။ ဆရာ ဆုတောင်းပေးပါမယ်။

မမွေးသေးခင် ဗိုက်ထဲမှာတင် သန္ဓေသား သေဆုံးသွားတာကို Fetal Death လဲခေါ်တယ် Fetal Demise လို့လဲခေါ်တယ်။ သတ်မှတ်ချက်တွေ အမျိုးမျိုးရှိတယ်။ “တမင်တကာ ပျက်စီးသွားအောင်လုပ်တာ မဟုတ်ဘဲ ကိုယ်ဝန် ဘယ်လောက် ရင့်တာဖြစ်ဖြစ် မမွေးရသေးခင် သားအိမ်ထဲမှာတင် သန္ဓေသား ဆုံးပါးတာမှန်သမျှကို ခေါ်တယ်” လို့ (အတ္တလန်တာ) အခြေစိုက် National Center for Health Statistics က အဓိပ္ပါယ်ဖွင့်ထားတယ်။

လေ့လာဘို့ လွယ်အောင် Gestational age ကိုယ်ဝန်ဘယ်လောက်ရင့်တာလဲနဲ့ ခွဲခြားတယ်။ ၂ဝ ပါတ်ထက် စောတာကို Spontaneous abortion အလိုအလျှောက် ကိုယ်ဝန်ပျက်တယ်လို့ သတ်မှတ်ပြီး၊ ၂ဝ ပါတ် ကျော်တာကို Fetal demise ကလေးအထဲမှာသေခြင်း နဲ့ Stillbirth အသေမွေးခြင်းစာရင်းမှာ ထည့်တယ်။ တချို့က ကလေးအလေးချိန် 350 gm နဲ့ ကျော်တာကို IUD သတ်မှတ်တယ်။

အမေရိကားမှာ ၂ဝဝ၅ စစ်တမ်းအရ မွေးဖွါးမှု ၁ဝဝဝ ရှိတိုင်း ၆့၂ ယောက်က အသေမွေးဖြစ်တယ်။ တခြားနိုင်ငံတွေမှာ နေရာမတူရင် ကိန်းဂဏန်း မတူဘူး။ ၂ဝဝ၉ စစ်တမ်းအရ တကမ္ဘာလုံးမှာ ၂့၆၄ သန်းရှိခဲ့တယ်။ နှုန်းပြောရရင် ၁၉၉၅ တုံးက ၂၂့၁% ရှိရာကနေ ၂ဝဝ၉ မှာ ၁၈့၉% ကျလာတယ်။

အကြောင်းတရားတွေကို အကြမ်းဖျင်းပြောရရင် -
• ကိုယ်ဝန် ပဌမ (၃) လ = Genetic မျိုးဗီဇကြောင့်၊
• ကိုယ်ဝန် ဒုတိယ (၃) လ = Infection ရောဂါပိုးဝင်ခြင်း နဲ့
• ကိုယ်ဝန် တတိယ (၃) လ = Cord accident အချင်း-ချက်ကြိုးပြဿနာ။
• ပဌမ ၃ လ (၁၃ ပါတ်) ဟာ စိုးရိမ်ဘို့အလိုဆုံးဖြစ်တယ်။ ကိုယ်ဝန်နုစဉ်ပျက်ရတာရဲ့ အကြောင်းခံတွေထဲမှာ Chromosomal anomalies (ခရိုမိုဇုမ်း) မမှန်ခြင်းကြောင့် ၃ဝ-၆ဝ% ရှိတယ်။ ဒီချို့ယွင်းချက်ရှိနေပေမဲ့ အရှင် မွေးလာတာကလဲ ၇% ရှိတယ်။

ဘာလို့ အထဲမှာ ကလေးသေရသလဲ အသေးစိတ်လေ့လာရင် -
1. Maternal မိခင်လောင်းချို့ယွင်းချက်၊
2. Fetal ကလေးချို့ယွင်းချက်၊
3. Placental pathology အချင်းပြဿနာတွေ၊
4. Risk factors အန္တရာယ်ရှိနိုင်သူများ၊
5. အချင်းနဲ့ဆိုင်တာ ၆၄့၉%၊ အကြောင်းရင်း မသိနိုင်တာ ၂၅-၆ဝ%။

Maternal မိခင်ဘက်က လိုအပ်ချက်တွေ -
- Prolonged pregnancy ကိုယ်ဝန် ၄၂ ပါတ်ရှိတဲ့အထိ မမွေးသေးတာ၊
- Diabetes ဆီးချို မထိန်းနိုင်တာ၊
- SLE ရောဂါ၊
- Antiphospholipid syndrome ရောဂါ၊
- Infection (Listeriosis, salmonella or toxoplasmosis) ရောဂါပိုးဝင်ခြင်း၊
- Hypertension သွေးတိုး၊
- PET and Eclampsia ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊
- Hemoglobinopathy သွေးရောဂါ၊
- Advanced maternal age အသက်ကြီးတာ၊
- Rh disease သွေးအုပ်စု မတည့်ခြင်း၊ (မိခင်က Rh –ve ကလေးက Rh +ve)
- Uterine rupture သားအိမ်ကွဲခြင်း၊
- Maternal trauma or death ထိခိုက်ဒဏ်ရာရခြင်းနဲ့ မိခင်လောင်း သေဆုံးဖြင်း၊
- Inherited thrombophilias မွေးရာပါရောဂါ။

Fetal သန္ဓေသားရဲ့ လိုအပ်ချက်တွေ -
- Multiple gestations အမွှာ၊
- Intrauterine growth restriction သားအိမ်ထဲဖွံ့ထွားမှုမကောင်းခြင်း၊
- Congenital abnormality မွေးရာပါချို့ယွင်းချက်
- Genetic abnormality မျိုးဗီဇချို့ပုံမှန်မဟုတ်ခြင်း၊
- Infection ရောဂါပိုးဝင်ခြင်း၊
- Hydrops fetalis သန္ဓေသားကိုယ်ရောင်ခြင်း၊

Placental အချင်းရောဂါတွေ -
- Cord accident ချက်ကြိုးရောဂါ၊
- Abruption အတွင်းထဲမှာ အချင်းကွာခြင်း၊
- Premature rupture of membranes ရေအိတ် စောပြီးပေါက်ခြင်း၊
- Vasa previa ရေအိတ်မှာ သွေးကြောပုံမှန်မဖြစ်ခြင်း၊
- Fetomaternal hemorrhage သန္ဓေသားရဲ့သွေး မိခင်ရဲ့အချင်းထဲ ယိုထွက်ခြင်း၊
- Placental insufficiency အချင်းက လုံလောက်အောင် အလုပ်လုပ်မပေးနိုင်ခြင်း၊

Risk factors အန္တရာယ်ရှိနိုင်သူများ
- Advanced maternal age မိခင်လောင်း အသက်သိပ်ကြီးနေခြင်း၊
- History of fetal demise အရင်ကလဲ ကလေးအထဲမှာသေခဲ့ဘူးခြင်း၊
- Maternal infertility မိခင်လောင်း ကလေးမမွေးရသေးခင် သေဆုံးသွားခြင်း၊
- History of small for gestational age infant အရင်က အလေးချိန်မပြည့်တဲ့ကလေး၊ အချိန်စောမွေးဘူးခြင်း၊
- Small for gestational age infant ကိုယ်ဝန်ပါတ်ထက် ကလေးကပိုသေးနေခြင်း၊
- Obesity မိခင်လောင်း အလွန်ဝနေခြင်း၊
- Paternal age မိဘနှစ်ယောက်လုံး အသက်ကြီးကြခြင်း၊

လေ့လာမှုတခုရဲ့ ရလဒ်တွေ -
• ၃၇ ပါတ်အကုန်မှာ ကလေးသေတာ ၇၁% ရှိတယ်၊
• ၃၇% က ကလေးအသေဟာ ပြော့ဖတ်နေပြီ။ ဒီထဲက တဝက်မှာ မွေးရာပါချို့ယွင်းချက်ရှိတယ်။
• ၈၃% သော မွေးရာပါချို့ယွင်းချက်ရှိတဲ့ အသေမွေးကလေးတွေဟာ ၃၇ ပါတ် မတိုင်ခင်မှာ ဖြစ်တယ်။ ကိုယ်ဝန်နုတာမှာ ပိုများတယ်။
• Placental villous tree အချင်းသွေးကြော နဲ့ Umbilical cord ချက်ကြိုးမှာ ရောဂါရှိခြင်း ၇၅့၅%၊
• သားအိမ်နဲ့ အချင်းရောဂါကြောင့်ဖြစ်တာ ၆၁့၁%၊
• Intrauterine infections ရောဂါပိုးဝင်ခြင်း ၂့၂%၊
• Traumatic lesions ထိခိုက်ဒဏ်ရာရခြင်း ၁့၃%၊
• ၁၅့၂% ဘာကြောင့်မှန်းမသိရဘူး။ သိပ်ဆိုးဝါးနေလို့ စမ်းသပ်လို့မရတာလဲပါတယ်။

ကိုယ်ဝန် ပဌမ (၃) လ အတွင်း -
• Chromosomal abnormalities (ခရိုမိုဇုမ်း) မမှန်ခြင်း၊
• Frequencies of chromosomal abnormalities (ခရိုမိုဇုမ်း) မမှန်နှုန်းစစ်ဆေးခြင်း၊
ဒုတိယ နဲ့ တတိယ (၃) လအတွင်းဖြစ်ရင် -
• Infection ရောဂါပိုးဝင်ခြင်း၊
• Diabetes ဆီးချိုမထိန်းနိုင်ခြင်း၊
• Pre-pregnancy weight ကိုယ်ဝန်မဆောင်ခင်ကတည်းက ကိုယ်အလေးချိန်၊
• IUFD due to umbilical cord complications ချက်ကြိုးရောဂါ၊
• Utility of placental pathology အချင်းရောဂါ၊
• Unexplained fetal deaths အကြောင်းရင်းရှာမတွေ့ခြင်း၊

ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အများစုက ကောင်းကောင်းမွေးဖွါးနိုင်တဲ့အထိ ရောက်နိုင်ကြပါတယ်။ ကျန်းမာကြတဲ့ လင်-မယားတွေဟာ အကာအကွယ်၊ အတားအဆီးမပါဘဲ လင်-မယားဆက်ဆံမှုပြုကြရင် ၂၅-၃ဝ% ကိုယ်ဝန် ရစေနိုင်တယ်။ အဲဒီထဲက ၇ဝ-၇၅% သော Blastocysts သန္ဓေသားဟာ သားအိမ်နံရံမှာ လာတွယ်နိုင်ကြတယ်။ သားအိမ်နံရံကို လာတွယ်နိုင်ကြတာတွေထဲက ၅၈% ကသာ ကိုယ်ဝန် ၂ ပါတ်အဆင့်ကနေ ကျော်လွန်နိုင်တယ်။ ဒိနောက်မှာလဲ အခက်အခဲ အတားအဆီးတွေ ရှိပြန်သေးတယ်။

ကိုယ်ဝန်ရှိဘို့ မျှော်လင့်နေသူတွေထဲမှာ ၇၅% က ကိုယ်ဝန်နုစဉ်မှာ ပျက်ကြတယ်။ အမေရိကားမှာ ကလေးအသေမွေးနဲ့ မွေးပြီးမကြာခင်သေတာ ၁% ရှိတယ်။ ဒိထက်စောတဲ့ လေ့လာမှုမှာ ၂% ရှိခဲ့တယ်။ ကနေ့ ကာလမှာ ၁ဝ-၁၅% သော ကိုယ်ဝန်တွေ မထင်မှတ်ဘဲ မဖျက်ဘဲ ပျက်ကြတယ်။

အထဲမှာ ကလေးမကောင်းတော့တာကို အပြင်ကစမ်းလို့ မသေခြာဘူး။ (အာလ်ထွာဆောင်း) နဲ့ ကလေး နှလုံးခုန်-မခုန်သာ သိစေနိုင်တယ်။ ကလေးသေတာ ဖြစ်သွားပြီဆိုရင် -
• ကိုယ်ဝန် အတော်နုသေးတာအတွက် Laminaria insertion + Dilatation and evacuation သားအိမ်ဝချဲ့ပြီး ခြစ်ထုတ်နည်းကို သုံးတယ်။
• ၂၈ ပါတ်အောက် ဖြစ်သွားတာကို Prostaglandin E2 (Dinoprostone) vaginal suppositories (10-20 mg q4-6h), Prostaglandin E1 (Misoprostol) vaginally or orally (400 mcg q4-6h) နည်းဖြစ်ဖြစ် အရင်က ဗိုက်ခွဲဘူးထားသူတွေကို Oxytocin ပေးပြီး ကုသပေးတယ်။
• ၂၈ ပါတ် ကျော်နေရင် ဆေးအဆ လျှော့ပေးတယ်။ ၂၈ ပါတ် ကျော်နေပြီး အရင်က ဗိုက်မခွဲဘူးသူတွေကို Misoprostol (25 mcg q4-6h) ပေးပြီး သာားအိမ်ဝ ပွင့်အောင် လုပ်ပေးတယ်။
• ဗိုက်ခွဲဘူးထားရင် Foley catheter သုံးပြီး သားအိမ်ဝ ကျယ်စေမယ်။ Oxytocin ပေးမယ်။
• American College of Obstetricians and Gynecologists ကတော့ ဗိုက်ခွဲဘူးသူတွေအတွက် Prostaglandin E2 နဲ့ Misoprostol ဆေးအသုံးမခိုင်းဘူး။
• ၂ဝဝ၃ စစ်တမ်းအရ ၃-၆ လ ကိုယ်ဝန်အတွက် Misoprostol at 400 mcg vaginally every 6 hours က အကောင်းဆုံးနည်းလို့ တွေ့ရတယ်။
• နာတာသက်သာအောင် Morphine (မောဖိန်း) ဖြစ်ဖြစ် Dilaudid PCA သုံးနိုင်တယ်။ Epidural anesthesia ခါးထုံဆေး သွင်းနည်းလဲ သုံးတယ်။

Management of Future Pregnancy တခါဖြစ်ဘူးသူ နောင်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
• တခါဖြစ်တိုင်း နောက်လဲဖြစ်မယ်ဆိုတာ မဟုတ်ပါ။ မိဘလောင်းတွေ စိုးရိမ်စိတ်များနေမှာတော့ သေခြာတယ်။ မိခင်ဘက်ကချို့ယွင်းချက်ဖြစ်နေရင် ကိုယ်ဝန်မယူခင်ကတည်းက ကုသပါ။ ဥပမာ ဆီးချိုကို ထိန်းပါ။ ကိုယ်အလေးချိန် ထိန်းပါ။ ဆေးလိပ်သောက်ရင် ဖြတ်ပါ။
• Cord occlusion ချက်ကြိုးရောဂါ နောက်ကိုယ်ဝန်မှာ ထပ်မဖြစ်တတ်ပါ။
• ဘာလို့ဖြစ်သွားခဲ့မှန်း မသိတာအတွက် ပြောဘို့ခက်တယ်။
• Genetic screening မျိုးဇီဇစစ်ဆေးနည်း နဲ့ Detailed Ultrasound (အာလ်ထွာဆောင်း) အသေးစိတ် စစ်ဆေးခြင်း နည်းဆန်းတွေနဲ့ စစ်ဆေးပါ။
• စစ်ဆေးနည်းတွေတော့ ဆန်းပြားတာတွေလဲ ရှိပါတယ်။ ဒါပေမဲ့ စောစောသိအောင်လုပ်တာက များတယ်။ လွယ်တာက Ultrasound ဖြစ်တယ်။
- Weekly biophysical profile အပါတ်စဉ်(အာလ်ထွာဆောင်း) စစ်နေခြင်း၊
- Fetal heart rate testing ကလေးနှလုံးခုန်နှုန်း စစ်ဆေးခြင်း၊
- Maternal kick counts ကလေးလှုတ်ရှားမှုကို စစ်ဆေးနည်း၊

• ကိုယ်ဝန်ဆောင်နေတုံးမှာ ဓါတ်မှန်ရိုက်ရင် ခေါင်း၊ လက်၊ ခြေထောက်၊ ရင်ပတ်မှာရိုက်ရင် အထဲက ကိုယ်ဝန်ကို မသက်ရောက်စေပါ။ တကယ်လို့ ကိုယ်ဝန်ကိုတိုက်ရိုက် ရိုက်ရတာဆိုရင် ကလေးကို ချို့ယွင်းချက် ဖြစ်စေဘို့ အခွင့်အလမ်းများတာကိုတော့ ဖြစ်စေနိုင်တယ်။ ကလေးပျက်-သေရခြင်းအကြောင်းရင်းတွေထဲမှာ ဓါတ်မှန်ကို ထည့်ရေးမထားတာ တွေ့ပါလိမ့်မယ်။
• အစားထိုးထည့်ထားရတဲ့ ကနေ့ခေတ်သုံး သတ္တုပစ္စည်းကို ကိုယ်ထဲမှာ ကြာကြာထားလို့ရပါမယ်။ အမျိုးအစားနဲ့ နေရာကို လိုက်ပါတယ်။ အရိုးအထူးကုဆရာဝန်က အသေအခြာပြောနိုင်ပါမယ်။ ယေဘုယျပြောရရင် ပြဿနာမဖြစ်သမျှ ထားလို့ရပါတယ်။ ထည့်ထားတိုင်း ပြန်ထုတ်ရမယ်လို့ သမားရိုးကျ မသတ်မှတ်ပါ။
• နောက်ထပ် ကိုယ်ဝန်ဆောင်တာ သိပ်စောင့်စရာ မလိုပါ။ ၆ ပါတ်နေရင် OG နဲ့ စစ်ဆေးသင့်တယ်။ စိတ်ပိုင်း အဆင်သင့်ဖြစ်မှု ကောင်းလာအောင် ၆ လစောင့်ရတာမျိုးလဲ ရှိတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-and-intrauterine-death-iud.html


Healthy Life

253 Blog posts

Comments