Female orgasm (1) အမျိုးသမီး ပြီးခြင်း (၁)

“Orgasm (အော်ဂဇင်) ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ

Female orgasm (1) အမျိုးသမီး ပြီးခြင်း (၁)

Female orgasm

“Orgasm (အော်ဂဇင်) ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ “လိင်ဆက်ဆံမှု ဖြစ်စဉ်ရဲ့ အဆုံးပိုင်း” လို့ ယေဘူယျ ပြောကြပေမဲ့ အတိအကျဆိုရရင် မဟုတ်သေးပါ။ (မာစတာဘေးရှင်း) ကို ဆက်ဆံမှု တခုရဲ့ အစိတ်အပိုင်း တခုဖြစ်ဖြစ်၊ အပြီးရောက်သွားအောင်ဖြစ်ဖြစ် လုပ်လို့ရတယ်။ တယောက်တည်းက ဖြစ်ဖြစ် တယောက်မကဖြစ်ဖြစ်၊ အင်္ဂါတမျိုးထဲသုံးပြီး ရရှိနိုင်လို့ ဖြစ်ပါတယ်။ ကျား-မ နှစ်မျိုး ရှိတာထဲက “မ” နဲ့ ပတ်သက်တာကိုသာ ရွေးရေးပါမယ်။

အပြီးရောက်ဘို့ ယောက်ျား ၂-၅ မိနစ်၊ မိန်းမ ၂ဝ မိနစ်ကြာတယ်လို့ ဆိုတယ်။ သုတေသန အမျိုးမျိုးက ကိန်းဂဏန်း အမျိုးမျိုး ထုတ်တယ်။ မတူကြဘူး။ မတူတဲ့ အထဲမှာ တူတာက “အမျိုးသမီးများဟာ ယောက်ျား တခါပြီးတိုင်း၊ သူတို့ တခါမပြီးပါ။” ထပ်တူသေးပြန်တာက “မိန်းမတွေ ရာနှုံးတချို့ (၇-၁ဝ%) က တခါမှ မတခါဘူး။” တချို့ဆိုရင် Orgasm ဖြစ်ရမှန်းကိုတောင်မှ မသိရှာကြပါ။

စိတ်ပျက်စရာ မကောင်းတာကတော့ အမျိုးသမီးများဟာ ပြီးမသွားပေမဲ့ အများအားဖြင့် ကျေနပ်မှုရကြတယ်။ ပူးကပ်-ပွတ်သပ်မှု၊ ယုယ-အနှစ်သက်ခံရမှု၊ စတာတွေအပေါ်မှာ တန်ဘိုးကြီးကြီးထားတယ်။ နဲနဲလွဲနေတာတခုက “မိန်းမ ပြီးတာကို မိန်းမထက် ယောက်ျားက ပိုဖြစ်စေချင်နေတတ်တယ်။” အမျိုးသမီး မပြီးတာက ငါ့ကြောင့်လား။ သူ့ကြောင့်လား တွေးလာလို့ပါ။

၁၉၆ဝ ခုနှစ်မှာ ကျား ၃၁၂ နဲ့ မ ၃၈၂ ကို (အော်ဂဇင်) ဖြစ်ရင် ဘာတွေ ဖြစ်လာသလဲဆိုတာ စမ်းသပ်ပြီး၊ ထုတ်ပြန်တာက “စိတ်လှုတ်ရှားမှု အရှိန်တက်လာ၊ သွေးစီးဆင်းမှု များလာ၊ ဒီအဆင့်မှာ တန်းနေရာကနေ (အော်ဂဇင်) ဖြစ်လာပြီး၊ နောက်ဆုံး အားလုံး ပြန်လျှော့ကျသွားတယ်။” လို့ ဆိုပါတယ်။ ၁ဝ နှစ်ကြာတော့ အမျိုးသမီး သုတေသီတယောက်ကနေ ထပ်ဖြည့်တာက “စိတ်လှုတ်ရှားမှုထဲမှာ စိုးရိမ်မှု၊ ခုခံနိုင်စွမ်းမဲ့မှုနဲ့ အပြန်အလှန် ပြောဆိုနိုင်စွမ်းမရှိမှု တွေကြောင့် လိင်စိတ်ကို နည်းစေနိုင်သလို၊ (အော်ဂဇင်) ရမှာကိုပါ တားဆီးစေနိုင်တယ်။” တဲ့။

နောက် ၁ဝ နှစ်ကြာပြန်တော့ အမျိုးသမီးပညာရှင် တယောက်က “ဆန္ဒက စိတ်ဖြစ်ပေါ်မှုနဲ့ (အော်ဂဇင်) ပြီးဆုံးခြင်းကို သက်ရောက်စေတာ မှန်ပေမဲ့၊ (အော်ဂဇင်) ဟာ အထွတ်အထိပ် မဟုတ်ဘူး။ ဆက်ဆံမှု အဆင့်တဆင့်မှာလည်း ကျေနပ်မှု ရစေနိုင်တယ်” လို့ ယူဆပါသတဲ့။ (အော်ဂဇင်) ဟာ သာယာမှုအထွတ်အထိပ်လို့ အလွယ်ပြောတာ သိပ်မမှန်ပါ။ အဓမ္မပြုကျင့်တာ ခံရတဲ့အခါ ရှက်စိတ်နဲ့ရောပြီး၊ “အနည်းအပါး” ဖြစ်သွားတတ်သေးတယ်။

(အော်ဂဇင်) ဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ၁၉၉၇ တုံးက ဗြိတိသျှဆေးပညာဂျာနယ် မှာ အသက် ၄၅-၅၉ ရှိသူ ယောက်ျား ၉၁၈ ဦးကို ၁ဝ နှစ်တာ စမ်းသပ်တဲ့အခါ၊ (အော်ဂဇင်) နည်းနည်းသာ ဖြစ်ခဲ့သူတွေက ပိုပြီး အသက်တိုတယ်။ လိင်ဆက်ဆံမှု ရှိခဲ့သူတွေမှာ နှလုံးရောဂါဖြစ်တာလည်း ထက်ဝက် နည်းတယ်လို့ ရေးခဲ့တယ်။ (ကလိုရီ) အများကြီး သုံးပြစ်လို့ အလေးချိန် ကျစေနိုင်တယ်။

အမျိုးသမီးမှာ (အော်ဂဇင်) ရရင် ကလေးရနိုင်လမ်း ပိုများစေတယ်လို့ ဆိုတယ်။ အဲဒီချိန်မှာ သူ့မွေးလမ်းက ပိုတိုသွားတဲ့ပြင် စုပ်အား ဖြစ်လာလို့တဲ့။ ဒါကို မှန်းပြောကြတာတော့ မဟုတ်ဘူး။ ၁၉၉၄ တုံးက (ဗော်လန်တီယာ) အမျိုးသမီးတွေကို လိင်ဆက်ဆံနေတုံး (ဗဂျိုင်းနား) ထဲမှာ (ဖိုက်ဘာ အော့ပတစ်) ကင်မရာ ထည့်ထားပြီး လေ့လာတာပါ။

ဒီအဆင့် ရောက်တော့မယ် ဆိုတာကို သူမကိုယ်တိုင် သိတယ်။ မျက်နှာနီမြန်းလာမယ်။ စ-အစိ သန်မာလာပြီး၊ အတွင်းကို ငုံ့လာတယ်။ (ဗဂျိုင်းနား) ပိုစိုစွပ်လာပြီး၊ နုတ်ခမ်းကြွက်သားငယ်က အရောင်ရင့် လာမယ်။ အဝပိုင်းက ကြုံ့-ကြပ်လာပြီး၊ ကျန်အပိုင်းက ပိုရှည်၊ ပိုကျယ်၊ ပိုဖေါင်းကြွလာတယ်။ ရင်သားထိပ် တင်းတောင့်လာတယ်။ သားအိမ်၊ မွေးလမ်း၊ စအို၊ တင်ပါးဆုံထဲက ကြွက်သားတွေ “အလိုအလျောက်” စည်းချက်ကျကျ ကြုံ့လာတယ်။ နှလုံးခုန်နှုံး မြန်လာတယ်။ အသက်ရှူတာ မြန်လာ-ပြင်းလာတယ်။ ဒါ့ပြင် သားအိမ်ကပါ ၃-၁၅ ခါလောက် ကြုံ့လာတယ်။ ကလေးဖွါးချိန် ထွက်တဲ့ (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာတယ်။ သာယာမှု အထွတ်အထိပ်ကို ခံစားရတယ်။ “ပီတိလွှမ်းဖြာ ခံစားမှုပါ” လို့ ပြောနိုင်တယ်။

ယောက်ျားတွေလို ပန်းထွက်တာမျိုး အမျိုးသမီးကလည်း အဆုံးသတ်မှာ ပန်းထွက်မှုဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ ဆီးသွားပြွန်ဘေးက ပြွန်ငယ်လေးတွေကနေ ဆီးသွားသလို အရည်ထွက်လာတဲ့။ ငြင်းနေကြဆဲပါ။

(အော်ဂဇင်) ကိုတော့ လူတိုင်းလိုလိုက သိကြတယ်။ Anorgasmia, Ejaculatory Anhedonia, Inorgasmia ဆိုတဲ့ ဆေးဝေါဟာရတွေကိုတော့ ဆရာဝန်တချို့တောင်မှ သိပ် သတိမထားမိတတ်ကြပါ။ (အော်ဂဇင်) မဖြစ်တာကို ခေါ်တာပါ။

အမျိုးသမီး ပြီးစီးအောင် ဘယ်လို ကြံဆောင်မလဲ။ မ-အစိက အရေးပါလာတယ်။ (ကလိုက်တောရစ်) ဟာ အမျိုးသား လိင်အင်္ဂါနဲ့ ခန္ဓာဗေဒအရ တသဘောတည်း ဖြစ်တယ်။ သူ့အရေးပါမှုကို အများက လက်ခံကြတယ်။ (ဖရောက်) သီအိုရီအရ (ကလိုက်တောရစ်) ကျေနပ်မှု နဲ့ (ဗဂျိုင်းနား) ကျေနပ်မှု ဆိုပြီး၊ နှစ်မျိုး ခွဲထားတယ်။ ပဌမ အမျိုးအစားဟာ အပျိုဖြစ်ချိန်မှာ ဖြစ်တာနဲ့ နောက်တမျိုးက အရွယ်ရောက်ပြီးသူတွေနဲ့ ဆိုင်တယ်။ အပျိုစစ်စစ် ဖြစ်အုံးတော့ Clitoris ကို နိုးဆွရင် (အော်ဂဇင်) ရစေနိုင်တာဖြစ်ပြီး၊ နောက် တမျိုးမှာတော့ (ဗဂျိုင်းနား) ကို အသုံးချမှ ရတာဖြစ်တယ်။

ဒီ (သီအိုရီ) အရဆိုရင် အရွယ်ရှိသူတွေမှာ မ-အစိရဲ့ အရေးပါမှုကို ဘေးချိတ်ထားသလို ပြောရာ ကျနေတယ်။ မ-အစိမှာ ခံစားနိုင်တဲ့ အာရုံကြောတွေ အများကြီးရှိတာမို့ ကလိရင်-ထိရင် လိင်စိတ် ကြွစေတယ်။ ဆက်ဆံနေချိန်မှာ နေရာကို ကျားအင်္ဂါနဲ့ ထိစေရင် အဲဒီအကျိုးကို ရစေတယ်။ ကျားအင်္ဂါနဲ့သာ မဟုတ်ပါ။ ကိုယ်တိုင်ဖြစ်ဖြစ် ကရိယာနဲ့ ဖြစ်ဖြစ် ထိစေရင်လည်း ဖြစ်ပါတယ်။ ခံစားကြပုံချင်း တဦးနဲ့တဦး မတူဘူး။ တချို့က ထိပ်နေရာကို ဘယ်လောက် ထိ-ကိုင်-ပွတ်သပ်ပါစေ ခံနိုင်ပေမဲ့၊ တချို့ကြ သိပ်ထိလွယ်သိလွယ်ဖြစ်တာမို့ အသာအယာ မဟုတ်ရင် နာတာဖြစ်စေတယ်။ မြင်နိုင်တဲ့နေရာ သာမကပါ၊ အထဲမှာ အင်္ဂါအဝ ဘေးတဖက်ဆီ ဆက်ဆင်းသွားတဲ့ မြင်းခွါပုံလို (တစ်ရှူး) ရှိသေးတယ်။ ဒီအစိတ်အပိုင်းကိုပါ ထိမိရင် ခံစားမှုပိုစေတယ်။ နာတာလည်း မရှိဘူး။

နောက်ထပ် အရေးပါတာ လာပြန်ပါသေးတယ်။ G-spot ဆိုတဲ့နေရာကို ဒေါက်တာ အမ်စ် ဂရပ်ဖန်ဘဂ်) ကနေ စပြောခဲ့တာမို့ သူ့နာမည်ကို ဂုဏ်ပြုထားတာပါ။ လူပြောများတယ်။ တကယ် ရှိတယ်-မရှိဘူး၊ ရှိရင်လည်း ဘယ်မှာရှိလဲ၊ ငြင်းနေကြတုံးဘဲ။ (ဗဂျိုင်းနား) နံရံရဲ့ ရှေ့-အပေါ်ပိုင်း၊ ဆီးစပ်ရိုး အောက်-နောက်နားမှာလို့ ပြောတယ်။ နေရာကို နှစ်ခွ ရေးရတာကတော့ ခန္ဓာဗေဒကို စာသင်သလို ပြောရရင် လူတယောက်ကို “မတ်တပ်ရပ်၊ ရှေ့တည့်တည့်ကြည့်၊ လက်ကို ဆန့်တန်း၊ လက်ဝါးကို ဖြန့်ပြီး ရှေ့ကို မျက်နှာမူတဲ့ အနေအထား” ပေါ် မူတည်ပြီး၊ တခုနဲ့တခုကို နှိုင်းပြောရတယ်။ ဆိုလိုတာက လက်မြှောက်ထားပေမဲ့ တံတောင်ဆစ်ဟာ လက်ကောက်ဝတ်ရဲ့ အထက်မှာ။ အိပ်နေနေ၊ မနေနေ အမျိုးသမီး ဆီးသွားလမ်းဟာ (ဗဂျိုင်းနား)ရဲ့ ရှေ့မှာ ရှိတယ်လို့ ပြောရတယ်။

ရင်သား၊ တင်ပါး နဲ့ စအိုတို့ကလည်း လိင်စိတ်ကြွစေတဲ့အပြင် (အော်ဂဇင်) အထိ အထောက်အကူပြုတယ်။ တချို့မှာ Sexual dreams အိပ်မက်ကြောင့်လည်း ရစေနိုင်တယ်။

စကားပုံတခုရှိတယ်။ “ယောက်ျားသည် မီး၊ မိန်းမသည် ရေ” တဲ့။ မီးကနေ ရေကို ပွက်ဆူစေရပါသတဲ့။ ဒီသဘောအတိုင်း (အော်ဂဇင်) ရအောင် ယောက်ျားကနေ စွမ်းဆောင်ပေးဘို့ လိုတယ်။ အမျိုးသမီးတွေက စိတ်ဖြစ်ပေါ်လာဘို့ အချိန် ပိုယူတယ်။ သူတို့အများစုက ကြိုတင်နိုးဆွမှု လုပ်တာကို အမျိုးသားတွေထက် ပိုသဘောကျတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ ဆေးပညာ မတတ်လည်း နားလည်ကြတာမို့ မရေးတော့ပါ။ ရေးချင်တာက “မလောပါနဲ့။ အတင်း မဖြစ်မနေ (အော်ဂဇင်) ရအောင် အလုပ်မခိုင်းပါနဲ့။ OG သွားပြခိုင်းတာကို နောက်ဆုံးကြမှ စဉ်းစားပါ။”

စိတ်တူသဘောတူ ယောက်ျား (အော်ဂဇင်) ရတာကို အမျိုးသမီးက သိပ်တန်ဘိုးထားတယ်။ သူ့မအတွက်ပါ ကျေနပ်မှု ဖြစ်စေတယ်။ အမျိုးသမီးတွေက တခါ (အော်ဂဇင်) ရပြီး၊ ဆက်တိုက်ဆိုသလို စိတ်ဖြစ်ပေါ်မှု ပြန်ရလာတယ်။ ယောက်ျားများ ကတော့ တခါပြီးတဲ့နောက် အချိန် ကန့်လန့်ကာ ချလိုက်ရသေးတယ်။ အမျိုးသမီးတွေက “တဆက်တည်း” တခါမက ရနိုင်တယ်။ (အော်ဂဇင်) အများအပြားရတာမျိုးရှိတာ သေခြာတယ်။ နောက်တခါ ထပ်ရတာက ပိုတောင် ပြင်းထံသေးတယ်။ နောက်ပြန်ရဘို့က အရင်တခါလောက် အချိန်မယူဘူး။ ဆိုင်ရာနေရာ-အင်္ဂါတွေက ပိုပြီး Sensitive ဖြစ်လာလို့ပါ။ သူတို့မှာ (အော်ဂဇင်) ကို ခံစားရချိန်ကလည်း အမျိုးသားထက် အချိန်ပိုကြာတယ်။ “ယောက်ျားထက်အရင် မိန်းမက (အော်ဂဇင်) ရတာမျိုးက (ပါဖက်) ဖြစ်တယ်လို့ ဆိုနိုင်တယ်။”

ရစေချင်ရင် အမျိုးသမီးအနေနဲ့ စိတ်ပိုင်းအခြေအနေ လုံခြုံမှုရှိနေစေသင့်တယ်။ အဖေါ်မှာ STD ရှိသလား။ သူများတွေ မြင်မှာလေလား။ (အော်ဂဇင်) ဆိုတာက ဘယ်လိုက ဘယ်လို ဆိုတာကိုပါ သိသင့်တယ်။ အမျိုးသမီးကို သူ့ဖါသူ (မာစတာဘေးရှင်း) အလုပ်ခိုင်းဘို့လည်း အကြံပေးကြတယ်။ (ဖန်တဆီ) အဆန်းတွေလည်း တချို့က သဘောကျတယ်။ သူများကြိုက်တာက ကိုယ့်အတွက် ကောင်းချင်မှ ကောင်းတာကို သတိပြုပါ။ အနေအထား ရွေးတတ်ပါ။ “သူမကို ဦးဆောင်စေတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။”

ယောက်ျားတွေက (အော်ဂဇင်) ထိန်းထားနိုင်တာ၊ အမျိုးသမီးတွေက (အော်ဂဇင်) များများရတာမျိုးက အတွေ့အကြုံနဲ့ အသိတရားပေါ်မှာ မူတည်တယ်။ အိမ်ထောင်ကျခါစ မဖြစ်သေးတာ လူလိုကိုယ်လိုပါ။ မိန်းကလေးတွေဟာ ငယ်ရင် ဖြစ်သွားခဲ့တာကို သိချင်မှ သိအုံးမယ်။ သူ့အဆင့်နဲ့သူ တိုးတက်လာမှာပါ။ ဖြစ်စေ-ကောင်းစေ လုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိတော့ရှိတယ်။ အများအားဖြင့် တရားမဝင်ဆေးတွေမို့ မရေးတော့ပါ။ နာမည်ကြီး Viagra နဲ့ အလားတူ ဆေးတွေဟာ ပန်းညှိုးရောဂါအတွက် ဖြစ်ပါတယ်။ ဒီဆေးက ကျားအင်္ဂါမှာ သွေးပိုစီးလျှောက်စေတယ်။ စိတ်ဖြစ်ပေါ်မှုကို အားပေးတာ မဟုတ်ဘူး။ ပန်းညှိုးတာ မဟုတ်လည်း သုံးရင် အချိန်ကြာကြာ တောင့်တင်းနေစေတယ်။ ဒါ့ကြောင့် အမျိုးသမီးကို (အော်ဂဇင်) ရအောင် ကူညီဘို့ အချိန်ပိုရစေနိုင်တယ်။ တကြိမ်မှာ ၅ဝ မီလီဂရမ်ဆို လုံလောက်တယ်။

ဒီအချိန်မျိုးတွေမှာ အမျိုးသမီးကနေ အသံထွက်တာ၊ အော်တာ၊ ငိုမလိုဖြစ်တာမျိုးက တယောက်နဲ့ တယောက် မတူဘူး။ အသံလုံးဝ မထွက်သလောက်နဲ့ ကျယ်လောင်တာအထိ ကွာခြားတယ်။ တယောက်တည်း တောင်မှ တချိန်နဲ့ တချိန်၊ တရွယ်နဲ့ တရွယ် မတူဘူး။ ဒါရိုက်တာကနေ မင်းသားကို ပြောချင်တယ် “သူများလို မဟုတ်လို့ ကိုယ့်မင်းသမီးကို အထင်မသေးသင့်ဘူး။”

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/05/female-orgasm-1.html


Healthy Life

253 blog messaggi

Commenti