ASD (1) နှလုံးအပေါက် (၁)


၁။ ဆရာရှင့် အသက် ၃၅ နှစ်၊ မ။ မကြာခဏ မျက်နှာ လက် ခြေထောက် ဖောယောင်တတ်ပါတယ်ရှင်။ အိပ်ရေးဝအောင် အိပ်ပါလျက်န

ASD (1) နှလုံးအပေါက် (၁)

ASD

၁။ ဆရာရှင့် အသက် ၃၅ နှစ်၊ မ။ မကြာခဏ မျက်နှာ လက် ခြေထောက် ဖောယောင်တတ်ပါတယ်ရှင်။ အိပ်ရေးဝအောင် အိပ်ပါလျက်နဲ့ သွေးလေးပြီး အမြဲတမ်းအိပ်ချင်နေပါတယ်။ တခါတစ်ရံ အသက်ရှုမဝပါ။ နှလုံးခုန်မြန်ပြီး မောပါတယ်။ ဖြစ်တာငါးနှစ်လောက်ကြာပါပြီ။ ဆေးရုံပြတော့ နှလုံးစစ်ပြီး ဆေးအမြဲသောက်သွားရမယ် ပြောပါတယ်။ နှလုံးမှာ အပေါက်သေးသေးလေးတွေ့တယ် မွေးရာပါလို့ပြောပါတယ်။ ကိုယ်ဝန်ဆောင်တော့ ဆေးတွေရပ်လိုက်ပါတယ်။ ကျန်းမာရေးလဲကောင်းပါတယ်။ အခု အရင်လိုပြန်ဖြစ်ပါတယ်။ အဆိုးဆုံးက အမြဲလိုအိပ်ချင်ပြီး လေးလံနေတာပါ။ ဘာဆက်လုပ်သင့်ပါလဲဆရာ။ ASD ဆိုတဲ့နှလုံးရောဂါအကြောင်းကို ရှင်းပြပေးပါရှင့်။ နှလုံးစစ်ချက်အဖြေ ပူးတွဲပေးပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကစစ်ချက်ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။ ခေတ္တ့ နိုင်ငံ။

၂။ ကျမအသက် ၄၇ မှ ASD ခွဲထားတာ ခုဆိုသုံးနှစ်ပြည့်တော့မယ်။ ခွဲပြီးမှ နှလုံးသွေးကြောကျဉ်းပြန်ဖြစ်နေတယ်။ ဖြစ်တတ်ပါသလားဆရာ။ ပြန်ကောခွဲစရာလိုသေးလားဆရာ။

၃။ ကျွန်တော်က အခု ၂၅ နှစ်ထဲမှာပါ။ အသက် ၂၁ တုန်းက ASD (Atrial Septal Defect) ခွဲဘူးပါတယ်။ ကျွန်တော်က အခု (့) နိုင်ငံက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ မိုးလင်း-မိုးချုပ် ကွန်ပျူတာ ရှေ့မှာ ထိုင်ရပါတယ်။ အပေါ့အပါးသွားရုံပဲ ထသွားထလာရှိပါတယ်။ အိမ်မှာလည်း ကုတင်ပေါ်ကဖြစ်ဖြစ်၊ စားပွဲမှာ ဖြစ်ဖြစ် ကွန်ပျူတာပဲ သုံးလေ့ရှိပါတယ်။ လည်လေ့ ပတ်လေ့မရှိပါဘူး။ အရင်လကစပြီး ဂိမ်းစက်ဝယ်ပြီး ဆော့ဖြစ်ပါတယ်။ အဲဒါ Excited ဖြစ်လို့ ASD ကိုဖာထားတာ ပြန်ပွင့်တတ်ပါသလား။ ASD ကို ဘယ်လိုဖာတာလဲ။ ရင်ဘတ်တွေလည်း နာသလို အောင့်သလိုလည်း ခံစားရပါတယ်။

နှလုံးအပေါက်တခုလို့ ခပ်လွယ်လွယ်ခေါ်တဲ့ရောဂါဟာ မွေးရာပါဖြစ်တယ်။ နှလုံးမှာ အခန်းလေးခန်း ရှိတာမှာ အထက် နှစ်ခန်းကို ခြားထားတဲ့ အကန့်မယ် အပေါက်ဖြစ်နေတာကို Atrial Septal Defects (ASD) ခေါ်တယ်။ အောက်နှစ်ခန်း ကြားမှာလဲ အပေါက် ဖြစ်နိုင်သေးပါတယ်။ တခြားနေရာတွေမှာလဲ တခြားအပေါက်တွေ ရှိသေးတယ်။

နှလုံးမှာ အပေါ်ခန်း နှစ်ခန်းက သွေးလက်ခံရာတွေ ဖြစ်တယ်။ ဆေးပညာနဲ့ မနီးစပ်သူတွေလဲ Atrium စာလုံးကို သိကြပါမယ်။ ဟော်တယ်တွေ၊ အဆောက်အဦကြီးတွေ ရောက်သွားရင် အကျယ်ဆုံး အဝင်ခန်းမကို ဒီလိုဘဲ ခေါ်တယ်။ အထက်ညာဘက်ခန်းကို တကိုယ်လုံးက ရှိရှိသမျှသွေးတွေ ဝင်လာကြတယ်။ သွေးဟောင်းတွေလို့ခေါ်မယ်။ နောက် သူ့အောက်က ညာအောက်ခန်းကို ရောက်မယ်။ အဲဒီကနေ အဆုပ်ဆီကို သွေးရောက်အောင် ညှစ်အားနဲ့ ပို့လွှတ်တယ်။ အဆုပ်မှာ သွေးဟောင်းတွေကို အသက်ရှူတဲ့အထဲက အောက်စီဂျင်နဲ့ ထိတွေ့-ပေါင်းစပ်ပေးလိုက်တော့ သွေးဟာ နီရဲပြီး၊ သွေးသစ် ဖြစ်လာတော့တယ်။ ဒီသွေးသသစ်တွေက နှလုံးအထက် ဘယ်ဘက်ခန်းဆီ ဝင်လာမယ်။ ဝင်လာရာဖြစ်နေလို့ Atrium ခေါ်ပြန်တယ်။

ဒီတော့ နှလုံးအထက် နှစ်ခန်းဟာ သွေးတွေကို လက်ခံရာတွေဖြစ်ပေမဲ့ ညာဘက်မှာက သွေးဟောင်း၊ ဘယ်ဘက်မှာက သွေးသစ်၊ ကြားထဲမှာ နံရံလေးသာ ခြားထားတယ်။ အဲဒီအကန့်မှာ အပေါက်ဖြစ်တာကို ASD လို့ ခေါ်လိုက်တာပါဘဲ။ အပေါက် ရှိနေတော့ သွေးသစ်နဲ့ သွေးဟောင်းတွေ ရောနေတာပေါ့။ နှလုံးခုန်နေတဲ့ အသံ ပြောင်းနေတာကို ဆရာဝန်တွေ နားကြပ်နဲ့ နားထောင်တော့ Heart murmur အသံတမျိုး ကြားရတယ်။

သန္ဓေတည်ပြီး အစပါတ်တွေမှာ နှလုံးစဖြစ်တယ်။ ဘာလို့ အပေါက်လာဖြစ်တယ်ဆိုတာ တိတိကျကျ ပြောမရသေးပါ။ မိခင်မှာ ကိုယ်ဝန်ဆောင်နေတုံး Rubella ခေါ်တဲ့ German measles ဂျာမန်ဝက်သက်ရောဂါပိုး ကူးစက်ခံရရင်၊ ဆီးချိုရှိ ကောင်းကောင်း မထိန်းနိုင်ရင်၊ ဆေးဝါး၊ အရက်၊ ဓါတ်ရောင်ခြည်တွေနဲ့ မကင်းရင်၊ တချို့မှာ ဘာလို့ဆိုတာ မသိပါ။

အပေါက်ကလဲ အကန့်နေရာ အမျိုးမျိုးမှာ အရွယ်ရွယ် အစားစား ရှိနိုင်တယ်။
• Secundum ASD (ASD 2) အပေါက်က အလည်မှာရှိတဲ့ အမျိုးအစား အများဆုံးရှိတယ်။
• Primum ASD (ASD 1) အောက်နားမှာ ရှိတာက ဒုတိယအများဆုံး၊
• Sinus Venosus ASD (Sinus Venus) သွေးပြန်ကြောကြီးတွေနဲ့ နီးရာမှာ အပေါက် ရှိတာက အနဲဆုံး။

မိန်းကလေးတွေမှာ ပိုအတွေ့များတယ်။ ASD က အဖြစ်မများလှပါဘူး။ စာရင်းဇယား ရှိတဲ့ တိုင်းပြည်တွေမှာ ကလေး ၁ဝဝဝ မွေးရင် ၄-၈ ယောက်မှာ ဒီရောဂါလာတွေ့တယ်။ မျိုးရိုးလိုက်တာတွေလဲ တွေ့ရလို့ ကိုယ့်မှာ ဒါရှိနေရင် ကိုယ်က မွေးမဲ့ကလေးမှာလဲ လာရှိတတ်တယ်။ လူတိုင်းကိုပြောတာ မဟုတ်ပါ။

တချို့က ဘာမှမဖြစ်သလို နေနိုင်တယ်။ ခံစားရနိုင်တာတွေကတော့ အစားပျက်၊ ဖွံ့ထွားမှုနှေး၊ အားယုတ်၊ အသက်ရှူမဝ၊ အသက်ရှူလမ်း ခဏခဏပိုးဝင်၊ ကိုယ့်နှလုံးခုန်နေတာ ကိုယ်သိ၊ တခုခုလုပ်နေရင်း အသက်ရှူတာအားမရ ဖြစ်မယ်။ ဆေးမကုရင် Atrial arrhythmia နှလုံးခုန် မမှန်တာ ဖြစ်လာမယ်။ ကြီးတဲ့အထိ မကုရင် အထဲကသွေးခဲတာ ဖြစ်စေမှာမို့ ဦးနှောက် ရောက်သွားရင် Stroke ရလာတတ်တယ်။ Pulmonary hypertension အဆုပ်မှာ သွေးတိုးတာလာဖြစ်မယ်။ Atrial fibrillation လူကြီတွေမှာ နှလုံးခုန် မမှန်တာ၊ Heart failure နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တာ၊ အများအားဖြင့် အဲဒီလိုဟာတွေ ဖြစ်မလာခင် ဆေးကုကြတာ များပါတယ်။

စစ်ဆေးရာမှာ Cardiac catheterization နှလုံးထဲ ပိုက်ငယ်သွင်း၊ ရင်ပတ်-ဓါတ်မှန်၊ Coronary angiography နှလုံးသွေးကြောဓါတ်မှန် (အသက် ၃၅ နှစ်အထက်)၊ ECG အီး-စီ-ဂျီ၊ Echocardiography အက်ကို၊ MRI အမ်-အာရ်-အိုင်တွေ လုပ်ပါမယ်။

အပေါက် သေးသေးလေးဆိုရင် သူ့ဖါသာ ပြန်ပိတ်သူလဲ ရှိနိုင်တယ်။ တချို့တိုင်းပြည်တွေမှာ ၄ဝ% က ၂ နှစ်သားဆို ပြန်ပိတ်တာ တွေ့ရတယ်။ ဒိထက် ကြီးလာရင် ပြန်ပိတ်နှုန်း လျှော့လာတယ်။ အိန္ဒိယ National Institutes of Health အဆိုကတော့ တဝက်လောက်က သူ့အလိုလို ပိတ်တယ်၊ ၂ဝ%က တနှစ်အရွယ်မှာ ပိတ်တယ်၊ ငယ်ငယ်နဲ့ မပိတ်ရင်တော့ နောင်လဲ ပိတ်မှာ မဟုတ်ဘူး။ ခွဲစိတ်တာမလုပ်ခင်၊ ဆေးပေးရတာတွေလဲ ရှိတတ်တယ်။ နှလုံးခုန် မှန်အောင်-ကောင်းစေအောင် Inderal နဲ့ Digoxin ဆေး၊ နှလုံးထဲ သွေးများ မနေအောင် Lasix ဆေး၊ သွေးမခဲအောင် Coumadin နဲ့ Aspirin ဆေးတွေ သုံးရတယ်။

ခွဲစိတ်ကုသနည်း (၂) နည်း သုံးပါတယ်။
၁။ Cardiac catheterization လူနာရဲ့ ပေါင်ရင်းကနေ သေးငယ်တဲ့ ပိုက်ပြွန်ကလေ ထိုးသွင်းပြီး၊ Mesh patch or Plug ခေါ်တဲ့ ပစ္စည်းကို အပေါက်မှာ ထည့်ပေးပြီး နှလုံးတစ်ရှူးတွေ အသစ်တိုး ဖြစ်လာပြီး၊ ပိတ်ပေးစေနည်းဖြစ်တယ်။ Cardiac catheterization လုပ်ပြီး၊ Amplatzer Septal Occluder ဆိုတဲ့ပစ္စည်းနဲ့ ပိတ်နည်းကို ၂ဝဝ၁ ကစပြီးလုပ်ခဲ့တာ ဖြစ်တယ်။

၂။ Open-heart surgery မေးဆေးပေး၊ Heart-lung machine စသုံးပြီး၊ ခွဲစိတ်-ချုပ်ပိတ်နည်း ဖြစ်တယ်။

ခွဲစိတ် ကုသတာဟာ ၉၉% အောင်မြင်တယ်။ ငယ်ငယ်မှာ ခွဲရင် ခွဲပြီး ၄-၆ လအတွင်း ကလေးရဲ့ ကြီးနေခဲ့တဲ့ နှလုံးဟာ နဂိုအရွယ် ပြန်ရောက်တယ်။ ခွဲစိတ်ထားသူတွေ လူနေမှုပုံစံ ပြောင်းစရာလိုတယ်။ Exercise လုပ်နိုင်ပါတယ်။ ရောဂါပိုး ဝင်မှာကို ပဋိဇီဝဆေးတွေနဲ့ ကာကွယ်ပါ။ ပိတ်ပေးထားတာ ပြန်ပွင့်တာ မရှိပါ။ အလုပ်လုပ်ချိန်၊ နားချိန် မျှတပါစေ။ နာရင် အနာ-အကိုက် သက်သာဆေးတွေ သုံးပါ။ နှလုံးရောဂါသမားတွေကို ပိုတောင်မှ ပေးရသေးတယ်။

၃။ ASD device ကိရိယာနဲ့ပိတ်နည်းလည်းရှိတယ်။

IHD နှလုံးသွေးကြောကျဉ်းရောဂါ http://doctortintswe.blogspot.com/2015/05/ihd.html ကိုလည်းဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/atrial-septal-defects-asd.html

474 Views