ပါရမီပြည့်အောင် စောင့်ပါ - ဒေါက်တာအရှင်သုနန္ဒာလင်္ကာရ (ဆွီဒင်)

လူတချို့က ဝိပဿနာတရားတွေ အားထုတ်တာ ကြာလာရင် ပါရမီဆိုတဲ့ စကားကို ပိုပြောတတ်ကြတယ်။ မိမိတို့တစ်တွေဟာ တရားတွေ ဒီလောက် အားထုတ် ပါလျက်နဲ့ ဘာလို့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ကြသေး တာလဲဆိုပြီးလည်း မချင့်မရဲ ဖြစ်လာတယ်။

ပါရမီပြည့်အောင် စောင့်ပါ - ဒေါက်တာအရှင်သုနန္ဒာလင်္ကာရ(ဆွီဒင်)

လူတချို့က ဝိပဿနာတရားတွေ အားထုတ်တာ ကြာလာရင် ပါရမီဆိုတဲ့ စကားကို ပိုပြောတတ်ကြတယ်။ မိမိတို့တစ်တွေဟာ တရားတွေ ဒီလောက် အားထုတ် ပါလျက်နဲ့ ဘာလို့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ကြသေး တာလဲဆိုပြီးလည်း မချင့်မရဲ ဖြစ်လာတယ်။ ပါရမီရဲ့ သဘာဝက နုပြီး စိမ်းလွန်းနေတဲ့ သစ်သီး တစ်လုံးကို အချိန်မတန်ဘဲ မှည့်ခိုင်းလို့မရသလိုပါပဲ၊ အခုခေတ်လို ဆိုးဆေးနဲ့ ရခဲ့ရင်လည်း သဘာဝမှည့် သလို ချိုမှာ မဟုတ်ပါဘူး။ သဒ္ဓါ, ဝီရိယတွေ သတိ, သမာဓိတွေ ပြည့်စုံလာမှ ပညာကလည်း သူ့ကိစ္စ သူ လုပ်ပါလိမ့်မယ်။ ပယ်စရာရှိတာ ပယ်မယ်၊ ဖြတ်စရာရှိတာ ဖြတ်ပေး လိမ့်မယ်ပေါ့။

ရှေးရှေး ဆရာတော်ကြီးတွေကတော့ ပါရမီဆိုတာ ကို (၅၀/၅၀) ရာခိုင်နှုန်းလို့ သတ်မှတ်ကြတယ်။ အတိတ်ကံက (၅၀)ရာခိုင်နှုန်းပဲ အားကိုးလို့ရတာ၊ လက်ရှိဘဝမှာ ကြိုးစားမှု ဝီရိယနဲ့ ကာလ၊ ဒေသ အခြေအနေကို သိတတ်တဲ့ဉာဏ်ပညာတို့ရဲ့ အရေးပါမှုက (၅၀)ရာခိုင်နှုန်းလို့ ဆုံးမလေ့ရှိကြတယ်။ ကျေးဇူးတော်ရှင် တိပိဋက ယောဆရာတော်ကြီးကတော့ ““ ဝီရိယ-ဉာဏ်၊ မကူပြန်၊ ရှေးကံ မပွင့်လင်း””ဆိုပြီး လင်္ကာလေး စပ်ဆိုတော်မူတယ်။ ဒါဟာ လူတိုင်းအတွက် ဖြစ်နိုင်ခြေ သတ်မှတ်ချက်ပါပဲတဲ့။

ရုပ်ပိုင်းဆိုင်ရာ အလုပ်မှန်သမျှ တစ်နေ့တာ အတွက် ဘယ်လောက်ပြီးပြီလို့ တိုင်းတာလို့ ရနိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်မှာတော့ မရနိုင်ပါဘူး။ မှန်းဆပြီးတော့ သိနိုင်တာပဲ ရှိတယ်။ ဒါကို အနုမာန ဉာဏ်လို့ ခေါ်ပါတယ်။ ကြက်ဥတွေများစွာကို မိခင် ကြက်မကြီးက အကောင်ပေါက်အောင် ကိုယ်ငွေ့ပေး ဝပ်ပေးရတယ်။ တစ်ရက်ပြီးတစ်ရက်အနေနဲ့ ရက်ပေါင်း များစွာ ဝပ်နေရပေမဲ့ ကြက်ဥထဲက အကာတွေ နည်းနည်းချင်း ခန်းခြောက်နေပြီလား၊ ဘယ်လောက် အတိုင်းအတာအထိ ပါးလွှာနေပြီလဲဆိုတာ မသိနိုင်ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ဒီကြက်ဥတွေဟာ အကောင်ပေါက်လာမှာပဲဆိုတဲ့ မှန်းဆစိတ်နဲ့ပဲ ဝပ်ပေး ရပါတယ်။

ဝိပဿနာတရားတွေ အားထုတ်တဲ့ ယောဂီတွေမှာ လည်း ဒီလိုပါပဲ။ ကိုယ့်ရင်ထဲမှာ အရင်ကလို လောဘ, တဏှာတွေ သိပ်အားမကောင်းတော့ဘူး၊ မကြမ်းတမ်း တော့ဘူး၊ ဒေါသတွေကို ထိန်းချုပ်နိုင်လာတယ်၊ မာနတွေ, မနာလိုစိတ်, မစ္ဆရိယစိတ်တွေလည်း နည်းနည်း လာတယ်၊ ပါးပါးလာတယ်ဆိုရင် ဒါလက်တွေ့ အောင်မြင်မှုလို့ သတ်မှတ်နိုင်ပါတယ်။

တချို့က ဝိပဿနာတရားကို (၃)လလောက် တစိုက်မတ်မတ် လုပ်ပြီး ဥပေက္ခာဉာဏ်လောက် ရောက်ပြီဆိုတာနဲ့ အပါယ်တံခါးပိတ်ဖို့ ဆန္ဒပြင်းပြ နေကြပြီ၊ အကြောင်းတွေ ပြည့်စုံမှ, ဣန္ဒြေတွေ ညီညွတ် မျှတပါမှ တရားထူးဆိုတာ ရနိုင်တာမျိုးပါ။

တရားထူးရတာနဲ့ ပတ်သက်ပြီး အားလုံးကြားဖူး ကြတဲ့ သီဟိုဠ်ဇာတ်လမ်းလေး ရှိပါတယ်။ ပိဋကသုံးပုံ ဆောင် ဆရာတော်ကြီးတစ်ပါးက ဝိပဿနာတရား အားထုတ်တာများ ဘာခက်တာမှတ်လို့ ငါလို ဉာဏ် ကောင်းတဲ့သူ အားထုတ်ရင် ရက်ပိုင်းအတွင်း ရနိုင် တယ်ဆိုတဲ့ အထင်နဲ့ မာန်မာနနဲ့ တောထွက်ပြီး တရားအားထုတ်တာ နှစ်ပေါင်း(၃၀)ကျော်မှ တရားထူး ရပါသတဲ့။ ဒီနေ့ ယောဂီတွေက (၃)လလောက် အားထုတ်ပြီး ရချင်နေကြတယ်၊ လုပ်တာက နည်းနည်း, ရချင်တာက များများ ဖြစ်နေပါတယ်။

တရားထူးရနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာဖို့၊ ကျန်းမာရေးကောင်းဖို့၊ စိတ်သဘောထား ဖြောင့်မတ်ဖို့၊ တရားသဘောအတိုင်း တစိုက်မတ်မတ် အားထုတ်ဖို့၊ ရုပ်နာမ်တရားတို့ရဲ့ အဖြစ်အပျက်ကိုမြင်ဖို့ စတဲ့အချက် တွေ ပြည့်စုံဖို့ လိုအပ်သလို သမာဓိအားကောင်းနေချိန် (ဥပေက်္ခာဉာဏ်နောက်ပိုင်း)မှာ မျှော်လင့်ချက် သေးသေး မျှင်မျှင်လေးကလည်း သမာဓိအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ အဲဒီအနေအထားမှာ သိပ်ဂရုစိုက်သင့် ပါတယ်။ တရားဆိုတာ မလိုချင်မှရ ဆိုတာမျိုး အဲဒီ ဥပေက္ခာဉာဏ်အရင့်ပိုင်းမှာ လိုချင်စိတ် လောဘတဏှာ လေး မကြာခဏ ပေါ်ပေါ်လာရင် (ကပ်ပါနေရင်) မှတ်စိတ်နဲ့ အာရုံတွေ လွဲချော်ကုန်ပါတယ်။ တေ့လွဲလေး တွေ လွဲပြီး ကမောက်ကမဖြစ်တတ်ပါတယ်။ အဲဒီအချိန် မှာ ဆက်မှတ်နေရမှာက ကိုယ့်တာဝန်၊ တရားက သူ့အလုပ် သူလုပ်သွားလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ စိတ်ငြိမ်ငြိမ်ထားကာ ကြိုးစားမှသာ လမ်းကြောင်းမှန်ပေါ် ဆက်လျှောက်နိုင်မှာပါ။

ဓမ္မပဒမှာ လာတဲ့ ရက်ကန်းသည်မလေး ဝတ်္ထုမှာ ပါရမီအကြောင်းက သိပ်ထင်ရှားပါတယ်။ ဗုဒ္ဓမြတ်စွာဟာ နောင်သုံးနှစ်ပြည့်မှ သောတာပန်ဖြစ်နိုင်မယ့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို တရားထူး ရဖို့အတွက် မိတ်ဆက်အနေနဲ့ မရဏာနုဿတိ ပွားများ တတ်အောင် သင်ပေးတော်မူတယ်။ ဆယ်ကျော်သက် အမျိုးသမီးလေးကလည်း အနာနဲ့ဆေး တည့်သွားတယ်၊ သုံးနှစ်လုံးလုံး သေခြင်းတရားကို ဆင်ခြင်ပွားများတယ်၊ နေ့ရောညရော မနားတမ်းပါပဲ။

သုံးနှစ်ပြည့်တော့ မြတ်စွာဘုရားက အဲဒီအမျိုးသမီး လေး ပါရမီပြည့်နေပြီဆိုတာ သိမြင်တော်မူတာနဲ့ ဒုတိယ အကြိမ်အဖြစ် ဇေတဝန်ကနေ အာဠာဝီပြည်ကို တကူးတက ချီးမြှောက်တော်မူတယ်။ ဘုရားရှင်တို့ရဲ့ ထူးခြားချက်က တရားနာပရိသတ်တွေ ဘယ်လောက် များပါစေ တရားထူးရမည့် သူကိုပဲ ဦးတည်ကာ တရား စကားမိန့်ကြားတော်မူတယ်။ အားလုံးကြားဖူးကြတဲ့ အတိုင်း ချစ်သမီး ဘယ်ကလာသလဲ၊ မသိပါဘုရား၊ ဘယ်ကို သွားမလဲ၊ မသိပါဘုရား၊ တကယ် မသိဘူး လား၊ သိပါတယ်ဘုရား၊ တကယ် သိသလား၊ မသိပါ ဘုရားဆိုတဲ့ သေခြင်းဆိုင်ရာ မေးခွန်းလေးခုနဲ့ စလိုက်တဲ့ ဒေသနာတော်အဆုံးမှာ သောတာပန်အရိယာ ဖြစ်သွား တယ်။

ဒီဇာတ်လမ်းလေးမှာ သုံးနှစ်လုံးလုံး ပါရမီပြည့် အောင် စောင့်ရင်း မြတ်စွာဘုရားက ချေချွတ်တော်မူ ပါတယ်။ စိတ်ရှည်ရှည်နဲ့ အပင်ပန်းခံပြီးမှ တရားဟော ပါတယ်။ နောက်တစ်ခါ ဘုရားဖြစ်ပြီးခါစ ဥပက တက္ကတွန်းကြီးနဲ့ တွေ့ဆုံခန်းမှာလည်း ထင်ရှားပါတယ်။ ဒီတက္ကတွန်းကြီးဟာ အခုချိန်မှာတော့ ပါရမီမပြည့်သေး ဘူး၊ စောင့်ရဦးမယ်၊ တရားမနိုင်သေးဘူး၊ အိမ်ထောင် တွေ ဘာတွေ ကျဦးမယ်၊ နောင်တစ်ချိန်မှာတော့ ကာမဂုဏ်အာရုံတွေကို ငြီးငွေ့စိတ်ကုန်ပြီး သာသနာ့ ဘောင် ရောက်လာလိမ့်မယ် ဆိုတာကို ကြိုတင်သိမြင် တော်မူတာကြောင့် တက်္ကတွန်းကြီး၊ ငါ့နာမည်ကို အနန္တဇိန လို့ ခေါ်တယ်၊ မှတ်ထားပါ။ နောင်တစ်ချိန် အကူအညီ လိုရင် ငါ့ဆီလာခဲ့ပါဆိုပြီး မိတ်ဆက်အနေနဲ့ လူချင်းဆုံနိုင်ဖို့ ဖန်တီးတော်မူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားဦးဓမ်္မစကြာကို မဟောခင် မိဂဒါဝုန်တော ကို ဈာန်နဲ့မကြွဘဲ ခြေလျင်ကြွတော်မူတာဟာ ဒီဥပက ကြီးနဲ့ တွေ့ဆုံဖို့ ကြွတော်မူတာလို့ အဋ္ဌကထာ ဆရာကြီး က ဖွင့်ပြပါတယ်။

ဖြစ်နိုင်ခြေနောက်တစ်ခုက သံသရာမှာ ကိုယ်က ဘယ်လိုဆုတောင်းတွေ ရှိခဲ့လဲ မသိနိုင်ပါဘူး။ ဘာဆု ညာဆုတွေ တစ်ခုခု တောင်းထားပြန်ရင်လည်း တရားက ဘယ်လောက် အားထုတ်ထုတ် မရနိုင်ပြန်ဘူး။ တန့်နေ ပါတယ်တဲ့။ သာဓကအနေနဲ့ ဇောတိက သူဌေးကြီးရဲ့ အတ်္ထုပ်္ပတ်္တိမှာ ပိုထင်ရှားပါတယ်။ ဘဝတစ်ခုမှာ ညီအစ်ကိုနှစ်ယောက်ဟာ ပစ္စေကဗုဒ္ဓါတစ်ပါးကို ကြံရည်လှူကြတယ်၊ အစ်ကိုလုပ်သူက နိဗ္ဗာန်ကို မြန်မြန် ရောက်ရပါလို၏လို့ ဆုတောင်းတာ၊ ဒုတိယဘဝမှာ နတ်ပြည် ရောက်တယ်၊ တတိယဘဝမှာ ဘုရားရှင်နဲ့ တွေ့ပြီး တရားထူးရကာ ကျွတ်တမ်းဝင်သွားတယ်။ ညီဖြစ်သူကတော့ လူနတ်စည်းစိမ်ကို စိတ်ကြိုက် ခံစားပြီးမှ နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆုတောင်းတယ်။ ဝိပဿီဘုရားရှင်နဲ့တွေ့ခွင့်ရတာတောင် တရားထူး မရပါဘူး။ နောက်ပိုင်း သူ့ဆုတောင်းအတိုင်း စည်းစိမ်တွေ ခံစားပြီးမှ ဒီဂေါတမဘုရားရှင်လက်ထက်မှာ ဇောတိက သူဌေးရယ်လို့ဖြစ်လာပြီး တရားထူးတရားမြတ်တွေရကာ ကျွတ်တမ်းဝင်နိုင်တာပါ။

အချုပ်ဆိုရရင် ပါရမီဆိုတာကတော့ ကိုယ့်လက်ထဲ မှာပဲ (၅၀/၅၀)စီဆိုတော့ သတိ, သမာဓိတွေ ပြည့်စုံတဲ့ တစ်နေ့ ဝီရိယ, ပညာတွေ ထက်မြက်တဲ့အချိန်ကျရင် ကိုယ့်ရည်မှန်းချက်တွေ ပြည့်လာမှာ သေချာပါတယ်။ တစ်ခါတလေတော့လည်း မီးပွတ်တဲ့ ယောကျ်ားလို သစ်သားချောင်းနှစ်ချောင်း(သို့)ကျောက်ခဲနှစ်လုံးကို အားသွန်ခွန်စိုက် ပွတ်ပါတယ်၊ မီးစထွက်ခါနီးကျမှ မောပါတယ်၊ နားလိုက်ပါဦးမယ်ဆိုပြီး လက်လျှော့သွား သလိုမျိုး ဝိပဿနာတရားကို ဆက်အားမထုတ်တော့ဘဲ ရပ်ထားတာမျိုးလည်း အများစုက ရှိနိုင်ပါတယ်။

နောက်ဥပမာတစ်ခုအနေနဲ့ ကျိုက်ထီးရိုးဘုရားကို တက်ဖို့ ခြေလှမ်းပေါင်း(၁)သိန်းပြည့်မှ ရောက်နိုင်မယ် ဆိုရင် တစ်သိန်းပြည့်အောင် လျှောက်ရမှာပါပဲ။ လမ်း တစ်ဝက်နဲ့ ဆက်မသွားဘဲ ရပ်နေရင်တော့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။ သေချာတာကတော့ ကိုယ့် ဘက်က ပုံမှန်ကြိုးစားနေဖို့ပဲ လိုအပ်တယ်လို့ အားပေး စကားဆိုကာ တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာအရှင်သုန္ဒာလင်္ကာရ(ဆွီဒင်)


blank

22 Blog posts

Comments