ဆယ်လ်မွန်ငါးလေး အိမ်ပြန်လှဖို့ဆိုရင်

တောင်ကိုရီးယားကိုထွက်ခွာခွင့်ရပြီဆိုတာနဲ့ ငွေစက်ပိုင်ပြီထင်ကြတဲ့ နောက်ကမိသားစုတွေရယ်

တောင်ကိုရီးယားကိုထွက်ခွာခွင့်ရပြီဆိုတာနဲ့
ငွေစက်ပိုင်ပြီထင်ကြတဲ့ နောက်ကမိသားစုတွေရယ်
ဝင်ငွေလေးကောင်းလာတော့ အူတိုလွန်းတဲ့ချစ်သူရည်စားတွေရယ်
လူနဲ့နွား အထင်မှားနေကြတဲ့သူဌေးတွေရယ် ကြားမှာ
ဖိအားတွေမခံနိူင်ကြတဲ့ ဆယ်လ်မွန်ငါးလေးတွေဟာ အိမ်ပြန်မရောက်ဘဲ လမ်းခုလပ်မှာပဲကျရှုံးရရှာတယ်

တောင်ကိုရီးယားကို ကျွန်တော်တို့မြန်မာတွေ တစ်နှစ်ထက်တစ်နှစ်လာရောက်မှုပိုများသလို အဖြစ်အပျက်ပြဿနာတွေကလည်း စုံလိုက်ပါဘိ ။ကြားရသူတွေအဖို့ ရင်နင့်စရာစိတ်မကောင်းစရာတွေအများသားလားဗျာ ။

ဦးနှောက်ကြောင်ပြီး အဝတ်မပါဘဲလျှောက်သွားတာနဲ့ကြိုးဆွဲချသေဆုံးတာနဲ့ အို စုံလို့ပါဗျာ …
(စက်ဘီးမှောက်သေဆုံးတာ၊အဆောက်အဦးပေါ်ကပြုတ်ကြသေဆုံးတာ၊လျှပ်စစ်စောင်ခြုံရင်း ဓာတ်လိုက်သေဆုံးတာ ၊ရဲဖမ်းတာ ထွက်ပြေးရင်းလိမ့်ကျသေဆုံးတာ)

ပြဿနာရင်းမြစ်ကိုစစ်လိုက်တော့
ဘာသာမတူ၊လူမျိုးမတူ၊စကားမတူတဲ့ ရေမြေခြားမှာ
အမျိုးမျိုးအဆဲခံ အဆူခံ အကြိမ်းအမောင်းခံပြီး ငွေမျက်နှာတစ်ခုတည်းနဲ့ မနက်မသိ ညမသိလုပ်ကိုင်ကြရတဲ့ ဖိအားကတစ်မျိုး….

နောက်မှာကျန်ခဲ့တဲ့မိသားစုတွေက ဂုဏ်တုဂုဏ်ပြိုင်တွေများပြီး စက်ထဲကငွေနှိုက်ယူရသလို ငွေရောက်တာပြိုင်ကြ…လျှော်ပြီးသားအဝတ်ကရေကိုညှစ်သလို ငွေကိုညှစ်ယူကြ …
တခါတလေ စက်ရုံကအလုပ်ပါးလို့ငွေပို့တာနည်းရင် ဘယ်သူကတော့ဘယ်လောက်ပို့တာ အသုံးကိုမကျဘူးက တစ်ဖုံ….

အူတိုလွန်းတဲ့ချစ်သူရည်းစားတွေက ဟိုလူနဲ့သဝန်တို
ဒီလူနဲ့သမှုတ် အဆင်ပြေမှပြေပါ့မလား မစဉ်းစား အလုပ်တွေပင်ပန်းသလားမတွေး …သူတို့ဖုန်းခေါ်လိုက်တဲ့အချိန်အဆင်သင့်ရှိနေမှ …Busy များဖြစ်နေလျှင် ခေါင်းကိုဆင်းနင်းသကဲ့သို့ဖိအားတွေပေးကြတာက တစ်နည်း …

ချစ်သူနဲ့မိဘကြားဗျာများရတာက တစ်မယ်…..

ဒီလိုနဲ့ပဲ စိတ်ညစ်တဲ့ဒဏ်၊ဖိအားဒဏ်တွေမခံနိူင်လို့
ရွှေရောင်မျှော်လင့်ချက်တွေပြည့်စုံခါနီးပါမှ ကိုယ့်ကိုယ်ကိုသိပ်ချစ်တတ်ကြတဲ့လူသားတွေဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ကြတယ်ဆိုတာ အဆုံးမစီရင်ခင်ဆွဲကြိုးချမသေဆုံးမီ သူ့မှာဘယ်လောက်များသောကတွေများလိုက်မလဲ …ဖိအားတွေဘယ်လောက်ရှိလိုက်မလဲဗျာ …

ဟူး……
ကိုယ်တိုင်မခံစားဘူးရင် နားလည်ဖို့ခက်ခဲတယ်ဆိုပေမယ့် ဆယ်လ်မွန်ငါးလေး အိမ်ပြန်လှဖို့ဆိုရင်
နှစ်သိမ့်မှုတွေလိုတယ်…
ကြင်နာမှုတွေလိုတယ် …
ဖေးမမှုတွေလိုတယ်…

မိုးသွေး(ပန်ထွာမြေ)

Credit: https://www.hanacykr.com


blank

22 Blog posts

Comments