Young father ယောကျ်ားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောကျ်ားက

Young father ယောကျ်ားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား

ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောကျ်ားက အသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။

Young father

လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။

မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေး ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးသုံးတာ၊ ကိုယ်ဝန်ဆောင်နေတုံးမှာ တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။

၆ဝ% လောက်က ဘာလို့ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ အချက်အတိုင်းဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိတယ်ဆိုတာလဲအောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေအများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေမရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြားကိုယ်ဝန်တွေထက် မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေအားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ ညှစ်အားကောင်းဆေး သွင်းမွေးခြင်း၊ ညှပ်ဆွဲမွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေပြောတာပါ။ အမှန်က ဆရာဝန်တွေက ဖြစ်လာနိုင်ခြေကို ရှောင်ချင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်ဆရာမတွေပါ စိတ်ဖိအားမများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Dr. တင့်ဆွေ
၃-၉-၂ဝ၁ဝ
Credit Source: https://doctortintswe.blogspot.com/2014/10/young-father.html


Healthy Life

253 Blog posts

Comments