Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

Allergic ဖြစ်နေတာ ၂ နှစ်လောက်ရှိပါပြီ။ အရက်ဘီယာသောက်ရင်၊ ငါး၊ ပုစွန်၊ ခရမ်းသီး စားရင် ဖြစ်ပါတယ်။ မနက် အိပ်ရာထ

October 30, 2014
Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

Allergic ဖြစ်နေတာ ၂ နှစ်လောက်ရှိပါပြီ။ အရက်ဘီယာသောက်ရင်၊ ငါး၊ ပုစွန်၊ ခရမ်းသီး စားရင် ဖြစ်ပါတယ်။ မနက် အိပ်ရာထနဲ့ ညအိပ်ခါနီးမှာ အဖြစ်များပါတယ်။ ထမင်း အချိန်မှန် မစားရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ လက်ဖျံ ကြွက်သားမှာ အကောင်လေး တိုးသွားသလို ခံစားရပါတယ်။ ဝမ်းသွားရင် ဝမ်းထဲမှာ အဖြူလုံးလေးတွေ ပါပါလာ တတ်ပါတယ်။ သေသေချာချာ ရေဆေးကြည့်တော့ အဖြူလုံးလေးရဲ့ထိပ်မှာ ချိတ်လိုပုံစံလေး ပါတာတွေ့ရပါတယ်။ ကျနော် Allergic ဖြစ်တာ သန်ကောင်ကြောင့်လို့ထင်ပြီး သံကျဆေး Mebendazole 500mg ကို တစ်ပတ် တစ်လုံး တစ်လတိတိ သောက်တဲ့အခါ Allergic ဖြစ်တာ နည်းနည်း လျော့သလို ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ဖြစ်တာပါပဲ။ Allergic ဖြစ်ရင် Cetirizine hydrochlorde သောက်နေပါတယ်။ ဆေးသောက်ပြီး နာရီဝက် နေရင် သက်သာပါတယ်။ ဖြစ်တဲ့အချိန်ဆို လူကြားသူကြားမသွားရဲပါဘူး။ ဟိုကုတ်-ဒီကုတ်နဲ့ ဣန္ဒြေလည်း မရပါဘူး။ ဒီရောဂါကြောင့် စိတ်ညစ်နေရပါတယ်။

Allergy and Worm

Allergy (အလာဂျီ) ဖြစ်တယ်ဆိုတာ လူ့ခန္ခာကိုယ်ကနေ သူနဲ့ မသင့်တာတခု ဝင်လာတဲ့အခါ ပြင်းပြင်းထံထံ တုံ့ပြန်လို့ ဆက် ဖြစ်လာတဲ့ ဖြစ်စဉ်တွေပါ။ ခန္ခာကိုယ်ကနေ ရှင်းထုတ်ဘို့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ (အာဂျီ) အမျိုးမျိုးထဲမှာ ထူးခြား တာတွေက Nasal allergies နှာခေါင်းမှာ ဖြစ်တာနဲ့ Chronic allergies နာတာရှည် ဖြစ်တာတွေပါ။ နာတာရှည်က ပိုဆိုးတယ်။ သူတို့မှာ နှာခေါင်းမှာပါ ဖြစ်နေတတ်တယ်။ တခါတလေ မတည့်တာကနေ စေ့ဆော်လို့ မဟုတ်ဘဲလဲ ဖြစ်တတ်တယ်။ ဥပမာ လေအေးတာ၊ လေခြောက်သွေ့တာ၊ မီးခိုး၊ စသဖြင့်တွေ။ တကယ် မတည့်တတ်တာတွေက ဖုန်၊ မှို၊ ပန်းဝတ်မှုံ၊ တိရစ္ဆာန်-အမှုံအမွှား၊ အင်းဆက် စတာတွေပါ။ အစားအသောက်တွေထဲက နို့၊ ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ လက်ဘက်ရည်၊ ဥ၊ ပြောင်း၊ ဂျုံ၊ လိမ်မော်၊ ခရမ်းချဉ်သီး၊ ဝက်-ကြက်သား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဆေးဝါး။

နာတာရှည် (အလာဂျီ) က ကုရတာ ခက်ပါတယ်။ တချို့ဆိုရင် ဘာဆေးမှ မတိုးသလို ဆိုးတယ်။ Trigger ဘာကနေ အဲလို ဖြစ်သလဲဆိုတာ သတိထားရတယ်။ တခါတလေ အဲလိုလုပ်ဘို့လဲ ခက်သေးတယ်။ ဆေးဆိုရင် Antihistamine တွေပေးတယ်။ ဒီအုပ်စုထဲမှာ အမျိုးမျိုးရှိတယ်။ Telfast, Diphenhydramine, Hydroxyzine, Cetrizine တွေ ပါတယ်။

(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက် ဆိုတာတွေ ပေါ်လာပါပြီ။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ မျိုးဆက်မို့ ပိုကောင်းတယ်။

(အလာဂျီ) ရတတ်သူများ Cetirizine hydrochloride ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်။ တနေ့ကို နှစ်ခါ ခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။

(အလာဂျီ) ဖြစ်တာ ပြင်းထံလာရင် Prednisolone လို Corticosteroid ဆေးမျိုးပါပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး များလို့ တချို့က မသုံးစေချင်ဘူး ပေးရင် သက်သာတာတော့ အမှန်ဘဲ။ ရေရှည် မသုံးတာ ကောင်းတယ်။ တကယ်လို့ ဆက်တိုက် ဖြစ်နေ၊ သောက်နေရတဲ့ (အင်တီ-ဟစ်စ်တမင်း) တွေနဲ့ မသက်သာလို့ ဆရာဝန်က ပေးရင် သောက်ပါ။ ပဌမ ရက်တွေမှာ ဆေးများများ ပေးပြီး၊ သက်သာရင် တဖြည်းဖြည်း လျှော့ပေးရတယ်။ တုံးတိ မဖြတ်ရဘူး။ အရေးပေါ် ဖြစ်ရင် ဒီဆေးမျိုးကို ထိုးပေးရတယ်။ ဗမာတွေက အသက်ကယ်ဆေးလို့ ခေါ်ကြတယ်။

Cimetidine, Ranitidine တို့ဟာ လေနာဆေးတွေပေမဲ့ ဒီရောဂါအတွက်လည်း သုံးတတ်တယ်။ Doxepin ဆိုတဲ့ စိတ်မကျဆေးလည်း သုံးသေးတယ်။

နာတာရှည် (အလာဂျီ) နဲ့ သန်ကောင် ဆက်စပ်နေတတ်တယ်။ တခြားဟာတွေကို မတည့်တာရော သန်ကောင်ပါ တွဲ ဖြစ်နေနိုင်သေးတယ်။ ၂ မျိုးလုံးကို ကုရလိမ့်မယ်။ သန်ကောင် အမျိုးအစားတွေ အများကြီးရှိတယ်။

Ankylostomiasis (Hookworm) ချိတ်သန်ကောင် ရှိပေမဲ့ တချို့မှာ လက္ခဏာ မပြဘဲ နေတတ်တယ်။ အရေပြား ကနေ ဝင်ပြီး၊ သွေးထဲရောက်၊ အဆုပ်ထဲရောက်၊ အူထဲရောက်တယ်။ ရောက်တဲ့ နေရာအတိုင်း လက္ခဏာတွေ ပြမယ်။ အရေပြား ယားမယ်၊ ရင်ကြပ်မယ်၊ ပန်းနာ-နူမိုးနီးယားလို ဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစားပျက်မယ်၊ လေထမယ်၊ ကြာရင် Iron deficiency anemia သွေးအားနဲတာပါ ဖြစ်နေတတ်တယ်။ သတိထားရမှာက ပြန်ဖြစ်တာနဲ့ ဆေးယဉ်တာ။ Mebendazole 100 mg ကို တနေ့ ၂ ကြိမ်၊ ၃ ရက် ပေးတယ်။ ၂-၃ ပါတ်နေရင် တခါထပ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေတုံး မပေးရပါ။ Albendazole 400 mg ၁ ကြိမ်၊ ၃ ရက် သောက်ရတယ်။ သွေးအားကောင်းဘို့ Ferrous sulfate စားဆေး ၃ လ သောက်စေတယ်။ (ပရိုတင်း) ပါ နည်းနေတတ်တယ်။ စားပေးပါ။

Strongyloidiasis သန်ကောင်ရောဂါဆိုတာလဲ အရေပြား (ခြေထောက်) ယားယံတာ နဲ့ အဆုပ်နဲ့ဆိုင်တဲ့ လက္ခဏာတွေ (ချောင်းဆိုး၊ အသက်ရှူကြပ်) ဖြစ်နိုင်တယ်။ အစားပျက်၊ ဝမ်းပျက်၊ ဗိုက်နာ၊ သွေးစစ်ရင် Eosinophil သွေးဖြူဥတမျိုး များနေမယ်။ Ivermectin ကို တရက်မှာ 200 mcg ၁-၂ ရက် ပေးတာက Albendazole 400 mg တနေ့ ၂ ကြိမ် ၃ ရက် ပေးတာထက် ပိုကောင်းတယ်။

Enterobiasis (Pinworm) သန်ကောင်ရောဂါဆိုတာ ညအချိန် စအိုကယားတာ ထူးခြားတယ်။ Albendazole (400 mg) ဒါမှမဟုတ် Mebendazole (100 mg) တခါထဲ ပေးတယ်။ တလနေတခါ ထပ်ပေးသင့်တယ်။

Ascariasis (Roundworm) သန်ကောင်ရောဂါဆိုတာ အများဆုံးဖြစ်တယ်။ သန်လုံးကောင်ခေါ်တယ်။ တီကောင်နဲ့ ဆင်တယ်။ အရေပြားယား တတ်တယ်။ ဗိုက်နာတတ်တယ်။ Albendazole 400 mg တခါထဲ ပေးတယ်။ ဒါမှမဟုတ် Mebendazole 500 mg တခါထဲဖြစ်ဖြစ် 100 mg တနေ့ ၂ကြိမ် ၃ ရက်ဖြစ်ဖြစ် ပေးတယ်။

Trichuriasis (Whipworm) သန်ကောင်ရောဂါဆိုတာလဲ ကလေးတွေမှာ အဖြစ်များတယ်။ Albendazole တနေ့ 400 mg ၁-၃-၇ ရက်ပေးတယ်။ ဒါမှမဟုတ် Mebendazole တနေ့ 200 mg ၁-၃-၇ ရက်ပေးတယ်။

သန်ကောင် ရှိ-မရှိ ဝမ်းစစ်ဆေးပါ။ သန်ကောင် အမျိုးအား စစ်ပါ။ ဆေးသေခြာ သောက်ပါ။ ၁ လနေရင် ဝမ်းတခါ ထပ်စစ်ပါ။ လိုအပ်ရင် ဆေးထပ်သောက်ပါ။ သွေးအားနဲ-မနဲလည်း စစ်ပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/allergy-and-worm.html


Healthy Life

253 Blog posts

Comments