အချစ်မှာ အပေးအယူ ရှိသလား၊ အပေးအယူသဘော ပါလာရင် အချစ်စစ် မဟုတ်တော့ဘူးလား။

ကျွန်မကတော့ အချစ်မှာ အပေးအယူ ရှိတယ် လို့မြင်ပါတယ်။ မှန်ကန်သော အပေးအယူသည် အချစ်စစ်ဖြစ်ပြီး ကိုယ့်လိုအင်ချည့်ပဲ ကြည့်တတ်တဲ့ အချစ်မျိုးကသာ အချစ်ယောင်ဆောင်ထားတဲ့ အစွန်းရောက်အတ္တပါ။

မှန်ကန်သော အပေးယူဆိုတာ ဘာကိုခေါ်တာလဲ။ တချို့အခြေနေတွေမှာ သူပေးနိုင်တာနဲ့ ကိုယ်လိုချင်တာ မကိုက်တတ်ဘူး။ ကိုယ်လိုချင်တာ ရေတခွက်ပေမဲ့ သူ့မှာ ရှိနေတာက အကောင်းစား ဝိုင်တခွက်လည်းဖြစ်နေတတ်တယ်။ ကိုယ်လိုချင်တာ စိန်တပွင့်ဖြစ်နေပြီး သူ့မှာ ပုလင်းကွဲတောင် မရှိတာမျိုးလည်း ဖြစ်တတ်တယ်။

သည်နေရာမှာ လိုချင်သူဘက်က နှစ်မျိုးနှစ်စား ကွဲသွားတယ်။ ပထမတမျိုးက ကိုယ်လိုချင်တာမှ မရရင် ဘာပေးပေး မယူဘူးဆိုတဲ့သူ။ ဒုတိယတမျိုးက ကိုယ်လိုချင်တဲ့အရာက တကယ်ပဲ မရမဖြစ်လိုသလား၊ သူ့ဆီက ရမှဖြစ်မှာလား၊ ပေးရမယ့်သူအတွက် သက်တောင့်သက်သာ ရှိရဲ့လားဆိုတာ ထည့်တွေးတဲ့သူ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လွန်းသူလို့ ခံယူထားသူအများစုကတော့ ဒုတိယလူမျိုးရဲ့အချစ်ကို အချစ်လို့ မမြင်တတ်ကြဘူး။ အပေါ်ယံဆန်တယ်၊ အေးစက်တယ်၊ မာနကြီးလွန်းတယ် စသည်ဖြင့် မြင်ကြလေ့ရှိတယ်။ တောင်းဆိုမှုဘာမှ မရှိတဲ့သူအဖြစ်မြင်ပြီး ပျင်းစရာကောင်းတယ်လို့ ထင်တတ်ကြတယ်။ ဒါဟာ စစ်မှန်သော နားလည်မှုလို့ မြင်တတ်သူတွေကျတော့ ဒုတိယလူမျိုးကို အင်မတန်မှ တန်ဖိုးထားကြတယ်။ ကိုယ်လည်း သူ့လိုဖြစ်အောင် လိုက်ပါကျင့်ကြံရင်း ရေရှည်မှာ အေးချမ်းစွာ လက်တွဲသွားနိုင်တာပေါ့။

ပထမလူမျိုးရဲ့ စိတ်သဏ္ဍာန်ကတော့ ကိုယ့်အတွက်ရော ကိုယ့်နားကလူအတွက်ပါ ရာခိုင်နှုန်းပြည့် အပူမီးပဲ။ လိုချင်စိတ် လောဘကနေ အလိုမကျစိတ် ဒေါသဘက်ကို ရောက်လာမယ်။ သူသာငါ့ကို တကယ်ချစ်ရင် ဒါလေးလောက်တော့ လုပ်ပေးနိုင်ရမှာပေါ့၊ တကယ်မချစ်လို့များလား ဆိုတဲ့ မောဟ ဝင်လာမယ်။ ပင်ကိုယ်လိုချင်စိတ်က လူသာမန်တိုင်းမှာ ရှိကိုရှိတဲ့ သဘာဝအတ္တ၊ ဒါမှဒါ ဆိုတဲ့ စိတ်က ရေချိန်လွန်လာတဲ့ အစွန်းရောက်အတ္တ၊ ဒါလေးတောင် မပေးနိုင်ရကောင်းလား ဆိုတာက အမိုက်မှောင်ဖုံးစပြုလာတဲ့ လောဘ ဒေါသ မောဟ။ အဲ့လိုလူမျိုးကို အရှင်းဆုံး စကားနဲ့ ဥပမာပေးရရင် #မှီခိုသူပဲ။ ကိုယ့်ပျော်ရွှင်မှု၊ အကောင်းအဆိုး အားလုံးကို သူတပါးအပေါ် ပုံချထားတဲ့ မှီခိုသူ။ ကိုယ့်ဆန္ဒတိုင်းကို တပါးသူက မဖြစ်မနေ ဖြည့်ပေးရမယ့် တာဝန်အဖြစ် ပုံချထားတဲ့ မှီခိုသူပဲ။

တလောကလုံးဘာတွေပဲ ပေးနေနေ မင်းဆီကပဲ ရချင်တာပါ ဆိုတဲ့သူမျိုး မဖြစ်အောင် ကြိုးစားရှင်သန်ကြည့်ပါ။ သူပေးနိုင်သလောက် ပေးတာလေးတွေက သိပ်ချစ်ဖို့ကောင်းမှန်း ခံစားသိလာလိမ့်မယ်။ ကိုယ့်လိုချင်မှုအစွန်းရောက်အတ္တတွေ တရိပ်ရိပ်ကွာကျပြီး စစ်မှန်သော ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရလိမ့်မယ်။

တကယ်လို့များ ကိုယ့်ချစ်သူက တလောကလုံးဘာတွေပဲ ပေးနေနေ မင်းဆီကပဲ ရချင်တာပါ ဆိုတဲ့သူမျိုးဖြစ်နေရင်တော့ သတိကြီးကြီးထားပေတော့။ အဲ့ဒါ အချစ်ခံရတာမဟုတ်ဘူး။ ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ဟာ သူ့ဆန္ဒတိုင်းရဲ့ ဝန်ထမ်း ဖြစ်သွားတာ။

#khaing 🌻
1.1.22