သူနှင့်သူမ
=====
ခြံရှေ့ထိုးရပ်လာသော Taxi လေးထဲမှ သူနှင့်သူမ ဆင်းလာကြသည်။ သူမ ပုံစံက အတော်လေး နွမ်းနယ်လာဟန်တူသည်။ သူကတော့ ခွန်အားကြီးသူပီပီ အံတင်းတင်းကြိတ်မပျက်။ သူမလက်မောင်းကို ညင်သာစွာ ထိန်းကိုင်ကာ အိမ်ခြံတံခါးကို ဖွင့်ဝင်လာသည်။ ထွက်ကြိုသည့် ကျွန်မအား သူမကို တွဲစေကာ ခြံတံခါးကို ပြန်ပိတ်၏။ "မမ ပင်ပန်းလာပြီ" ဟု ကျွန်မ ပြောတော့ သူမက "အဆန်းလားအေ" ဟု ပြန်ပြောသည်။ သောက်ရေအိုးမှ ရေအေးတခွက် ခပ်ပေးရင်း "အမောဖြေပြီးမှ ရေချိုးနော် မမ၊ ကျွန်မ သနပ်ခါးသွေးထားပေးမယ်" ဟု ပြောတော့ ခေါင်းငြိမ့်ပြ၏။
ကျွန်မ ကမ်းပေးသော သောက်ရေခွက်ကို ယူလိုက်ရင်း "ကျွန်တော်ပါ သည်မှာ အိပ်လို့ ဖြစ်မလား၊ အစ်မ ကို စိတ်မချဘူး"ဟု သူက ပြောသည်။ "ဆရာ ပြန်မယ်ဆိုရင်တောင် ကျွန်မ တားမလို့ပါ၊ ထမင်းလည်း ထည့်ချက်ထားတယ်၊ အိပ်ရာလည်း အသင့်ပဲ" ဟု ပြန်ပြောပြီး သူနှင့်သူမအား ကူညီချင်လွန်းစွာ ကြည့်မိသည်။
သူမ ခေါင်းပေါ်တွင် မနက် အိမ်မှ မထွက်မီ ကျွန်မ ကျစ်ပေးလိုက်သည့် ကျစ်ဆံမြီးငုတ်စိလေး မရှိတော့။ သားရေကွင်းတစ်ခုနှင့် ကြုံသလို ကောက်ချည်ထားသည့် ဆံစုစည်းတိုတိုလေးက ဖွာလန်ကျဲနေသည်။ သနပ်ခါးမကျန်တော့သည့် မျက်နှာလေးက ချွေးခြောက် ဖုန်မှုန်တို့နှင့် ညစ်ထေးထေး။ ယင်းဖုန်မှုန်တို့တွင် မျက်ရည်ယိုဗုံး၏ မီးခိုးတို့လည်း ပါကောင်းပါပေမည်မလွဲ။
ရေသောက်ပြီး ဖန်ခွက်ပြန်ပေးမှပဲ သူနှင့်သူမလက်တို့ကို သေသေချာချာ မြင်မိသည်။ မကြာသေးမီကမှ ချွတ်ထားဟန်တူသည့် လက်အိတ် အရာလေးများနှင့် ပဲကြီးရေခွံတွန့်နေသည့် လက်ချောင်းကလေးတွ။ သည်လက်ကလေးများဖြင့် ပြည်သူ့သွေးတို့ တိတ်အောင် ကြိုးစားခဲ့ကြရှာသော သူနှင့်သူမ။
"ရေချိုးလိုက်ပါလား အစ်မ" ဟု သူပြောတော့ သူမ ခေါင်းငြိမ့်ပြပြီး ထ သွားသည်။ "ဆရာရော ချိုးတော့လေ၊ မမက အပေါ်မှာ ချိုးမှာ၊ ဖေဖေ့ အဝတ်တွေ ပေးမယ်နော်" ဟု ပြောလိုက်တော့ သူက "အစ်မနောက် အရင်လိုက်သွားပေးလိုက်ပါ၊ မြန်မြန်ချိုးခိုင်း" ဟု ပြန်ပြောသည်။
သူနှင့်သူမ ချွတ်လဲလိုက်သော ဝတ်စုံများကို လျှော်ရန် သိမ်းဆည်းလိုက်၏။ သူ ဝတ်သွားသည့် တီရှပ်နှင့် ဂျင်းဘောင်းဘီ သည်လည်းကောင်း၊ သူမ၏ scrub suite လေးသည်လည်းကောင်း သွေးကွက်တို့ ပေထင်နေသည်။ ဂျူတီကုတ် အဖြူကလေး ၂ ထည်မှာလည်း သွေးစွန်းလျက် သူ့ကျောပိုးအိတ်ထဲတွင် လုံးထွေးကြေမွနေသည်။ ရေဇလုံထဲ ထည့်စိမ်ပြီး သွေးကွက်တို့ကို ဖွပ်ရင်း ဝဲတက်လာသည့် မျက်ရည်များကို အင်္ကျီလက်မောင်းနှင့် ခပ်သွက်သွက် သုတ်လိုက်ရသည်။ "မငိုစမ်းနဲ့" ဟု သူမ မှာထားသည်လေ။
ထမင်းစားပွဲတွင် ထိုင်မိကြတော့ သူက သူမ ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးပြီး "ဝင်အောင်စားနော်၊ အစ်မ လဲသွားလို့ မရဘူး သိတယ်မဟုတ်လား" ဟု ပြောသည်။ ကျွန်မ ချက်သော ဟင်းတိုင်းကို နှစ်သက်သည့် သူနှင့် သူမ၊ ခေါင်းငိုက်စိုက်နှင့် ထမင်းစားနေကြသည်။ တိတ်ဆိတ်လွန်းသော ထမင်းဝိုင်းလေးမှာကား သည့်မတိုင်ခင် လက်ဆုံ စားဖြစ်သည့် ထမင်းဝိုင်းတို့နှင့် မတူခြားနားလှသည်။ ကျွန်မတို့ကြားတွင် ဟိုးတုန်းကလို ကျွန်မထံမှ "စားကောင်းလား မမ" ဆိုသော စကားလည်း မရှိ။ သူနှင့် သူမ ထံမှ "ညည်းမဆိုးဘူးအေ့၊ ဟင်းချက် တော်သား" ဟူသော စကားလည်း မရှိ။ "ဒေါ်ချေးထူကြီး နင်းကန်ကြိတ်နေ၊ ကျွန်တော့်ဖို့လည်း ချန်ဦး" ဟူသော စကားလည်း မရှိ။
ဟင်းချိုနွေးနွေး ကြိုက်တတ်သော သူမ၊ ရှေ့က ဟင်းချိုပန်းကန်ကို မြင်ဟန်မတူ။ သူမကို အရိပ်ကြည့်နေတတ်သည့် သူက ဟင်းချိုပန်းကန်ကို တွန်းပေးပြီး "အရည်သောက်ဦးလေ၊ အခြောက်တိုက်ကြီး စားနေ နင်ဦးမယ်" ဟု သတိပေးရှာ၏။ သူမ ပုံစံက ထမင်းစားရန် သံပတ်ပေးထားသည့် စက်ရုပ်တခုလို။
ပန်းကန်ထဲက ထမင်းတဝက်ခန့်ကုန်တော့ သူမထံမှ ကြိတ်ရှိုက်သံ ထွက်လာသည်။ ထမင်းလုပ်ကို ဝါးရင်း မျက်ရည်များ ကျလာရှာ၏။ သူက သူမပခုံးကို ကိုင်ညှစ် နှစ်သိမ့်သည်။ ကျွန်မကို မျက်ရိပ်ပြရင်း သောက်ရေတစ်ခွက်လောက် ဟု ပြောသည်။ ကျွန်မ တိတ်ဆိတ်စွာပင် ခေါင်းငြိမ့်ပြရင်း ရေအေးတခွက် ခပ်ပေးရန် ထလိုက်စဉ် ထမင်းဝိုင်းဆီမှ ပြောလိုက်သော သူမ အသံလေး တိုးသဲ့သဲ့။
"ကိုယ့်တိုင်းပြည် စစ်တပ်ရဲ့ လူသတ်ပွဲထဲ ဆေးကုရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ မကယ်နိုင်ခဲ့သမျှ အသက်တွေထဲ သည်နေ့ အဖြစ်ကို ရင်အနာဆုံးပဲ"
သူမ စကားကို သူ ဘာမှ ပြန်မပြော။ သူမ ပခုံးကလေးကို ဖြစ်ညှစ် ဆုပ်ကိုင်ရင်း သက်ပြင်းသာ ချသည်။ မေးကြောများ တင်းအောင် အံကြိတ်ပြီး တဘက်သို့ မျက်နှာ လွဲထားသည့် သူ့မျက်ဝန်းတွင်လည်း မျက်ရည်တို့ ရစ်သိုင်းနေမည် မလွဲ။ ကျွန်မလည်း မကြား မမြင်သလိုပင် ခပ်မဆိတ်နေကာ ရေ ၂ ဖန်ခွက် ခပ်လာပေးခဲ့လိုက်သည်။
ကျွန်မ ကမ်းပေးလိုက်သော သောက်ရေခွက်လေးကို လှမ်းယူရင်း မျက်ရည်သုတ်ပြီး နှာခေါင်းကိုပါ ရှူးခနဲ ရှုံ့လိုက်သော သူမ၊ ပြုံးပြုံးလေးနှင့် ကျမကို ပြောသည်။ "ညည်းအေ၊ ကျုပ် အစပ်မစားနိုင်ပါဘူးဆို ဟင်းချက်ထားတာ ငရုတ်သီးနိုင်းချင်းနဲ့၊ တကတည်း မျက်ရည်ပါ ထွက်ရော" ဟု ပြော၏။
ကျွန်မ ချက်ထားသော ဘူးသီးကြာဆန်ဟင်းချို၊ ပဲစောင်းလျားသီးသုပ်နှင့် ဘဲဥကြော်ချိုချဉ်ချက်တွင် ငရုတ်သီးနှင့် တူသည် ဆိုလို့ ခရမ်းချဉ်သီးနှစ် အနီရောင်သာလျင် ပါကြောင်း ပြန်မပြောဖြစ်။ မျက်ရည် မလွယ်စမ်းနဲ့ဟု အမြဲပြောတတ်သော သူမ။ နုနယ်သော မိန်းမသားနှင့် မလိုက်ဖက်အောင်ပင် အင်မတန်ကို စိတ်မာလွန်းသော သူမ။ ငိုတယ်ဆိုတာ အရှုံးပေးတာပဲဟု အမြဲပြောတတ်သော သူမ။
သည်တကြိမ်တော့ဖြင့် မရှိသော ငရုတ်သီးကို အကြောင်းပြ၍ ဖြစ်စေ ရင်ပေါ့သွားအောင် ငိုချလိုက်စေချင်ပါသည်။
၂၈.၂.၂၀၂၁
သွေးစွန်းသောနွေဦးနေ့
အကြင်နာလက်ပိုင်ရှင် သူရဲကောင်းများအား ဂုဏ်ပြုရေးဖွဲ့ခဲ့တဲ့စာ။ 1.3.2021 နေ့မှာ ရေးတင်ခဲ့တာလေးပေါ့။
ဖြစ်ရပ်မှန်ပါ။
#khaing 🌻

