ဘဝမှာ ဒီအကြွေး (၃)မျိုး ဘယ်တော့မှ မတင်မိစေနဲ့။
လောကကြီးမှာ ဘာကြွေးပဲ ဖြစ်ဖြစ် အကြွေးတင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှာပဲ။ ဒါကြောင့် ဘာကြွေးမှ မတင်တာ အကောင်းဆုံးပါ။ အကြွေး ၃- မျိုး ရှိတယ်လို့ မှတ်ပါ။ ဥစ္စာကြွေး နှုတ်ကြွေး ဝဋ်ကြွေး တို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၃- မျိုးထဲမှာ ဝဋ်ကြွေးက ကြောက်စရာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲ ဝဋ်ကြွေးက ဘဝပေါင်း မြောက်များစွာ ပြန်ဆပ်ရတယ်လေ။
🤓ဥစ္စာကြွေး - ပစ္စည်းဥစ္စာ ချေးငှါးပြီး ပြန်မပေးရင် “ကြွေး” တင်သွားတယ်။ အဲဒါကို “ဥစ္စာကြွေး” လို့ ခေါ်တယ်။ ဥစ္စာကြွေးတင်ရင် ပိုင်ရှင်ကို ပြန်ပြီးတော့ ဆပ်ရတယ်။ အကယ်၍ ဒီဘဝမှာ မဆပ်ပါက နောက်နောင်ဘဝတွေမှာ ပြန်ဆပ်ရတယ်။ တချို့ဆိုရင် ကြွေးရှင်ထံမှာ ကျွဲတို့ နွားတို့ အစေခံတို့ ဖြစ်ပြီး ပြန်ဆပ်ရတယ်တဲ့။ ဒါကြောင့် ”ဥစ္စာကြွေးတင်ရင် သူ့ကျွန် ဖြစ်တတ်တယ်” လို့ မှတ်ပါ။
ဒါကြောင့် တစ်ယောက်ယောက်ကို ပေးစရာ ရှိရင် ဒီဘဝမှာတင် ပေးနိုင်အောင် ကြိုးစားပါ။ ဘယ်လိုမှ မပေးနိုင်ပါက ပြန် တောင်းပန်ပါ။ တောင်းပန်လိုက်တော့ အကြွေးထံမှဖိအားမတင်တော့ဘူး။ တောင်းပန်ခြင်းဟာ ပညာရှိသူတော်ကောင်းတို့ရဲ့ ကျင့်စဉ်တစ်ခုပါပဲ။
🤓နှုတ်ကြွေး - “ကတိ” ဆိုတာ အင်မတန် အရေးကြီးတယ်။ ဒါကြောင့် ကတိကို အလွယ်တကူ မပေးရဘူး။တစ်ယောက်ယောက်ကို ကတိပေးပြီး ဘာမှ လုပ်မပေးရင် “နှုတ်ကြွေး” တင်သွားတယ်။
နှုတ်ကြွေးတင်ရင် စီးပွားလုပ်တဲ့အခါ အဆင်မပြေတော့ဘူး။ တချို့ဆိုရင် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ ဒါကြောင့် နှုတ်ကြွေး မတင်မိစေနဲ့။ ဒီနေရာမှာ ကတိတည်မတည်နှင့်ပါတ်သက်ပြီးအကျိုး ၄- မျိုး မှတ်ထားရမယ်။
(၁) တချို့လူတွေ စီးပွားရေး လုပ်တယ်။ အဆင်မပြေဘူးတဲ့။ အတိတ်က ကတိပေးပြီး အကူအညီ မပေးခဲ့လို့ပါ။ ကတိပျက်ခဲ့တယ်ပေါ့။ ကတိဖျက်တဲ့ အကုသိုလ်ကြောင့် အဆင်မပြေတာတဲ့။
(၂) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက် အဆင်မပြေဘူးတဲ့။ နည်းနည်းပဲ အဆင်ပြေတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးတဲ့။ အတိတ်က ကတိပေးပြီး အကူအညီ နည်းနည်းပဲပေးခဲ့လို့ပါ။ ကတိတစ်ဝက်ပဲ တည်တယ်ပေါ့။
(၃) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက်အဆင်ပြေတယ်။ အတိတ်က ကတိပေးတဲ့အတိုင်း အကူအညီ ပေးခဲ့လို့ပါ။ ကတိ တည်တယ်ပေါ့။ ဒါကြောင့် မှန်းသလောက် အဆင်ပြေတာ။
(၄) တချို့လူတွေ စီးပွားရေး လုပ်တယ်။ မှန်းတာထက် ပိုအဆင်ပြေတယ်တဲ့။ အတိတ်က ကတိပေးတာထက် ပိုပြီး အကူအညီ ပေးခဲ့လို့ပါ။ ဒါကြောင့် မှန်းတာထက် ပိုပြီးတော့ အဆင်ပြေသွားတယ်။ တစ်ရာ မှန်းထားပေမဲ့ တစ်ထောင် ရသွားတယ်ပေါ့။
ဒါကြောင့် ကတိပေးပြီးရင် ဘယ်တော့မှ မပျက်စေနဲ့။ အကယ်၍ ကတိပျက်သွားရင်လည်း ပြန် တောင်းပန်ရမယ်။ ဒါဆိုရင် အကြွေးမတင်တော့ဘူး။
🤓ဝဋ်ကြွေး - ကိုယ်ချင်းစာ တရား ကင်းမဲ့ပြီး ဒုစရိုက်လုပ်မိရင် ” ဝဋ်ကြွေး” တင်သွားတယ်။ ဝဋ် ကြွေးတင်ရင်တော့ ဘဝပေါင်းများစွာ ပြန်ဆပ်ရတယ်။ ဒါကြောင့် အကြွေးသုံးမျိုးထဲမှာ ဝဋ်ကြွေးက အဆိုးဆုံးပဲ။
ဘုရားလက်ထက်တော်က သာမာဝတီ မိဖုရားကြီးဆိုရင် ဝဋ်ကြွေးကြောင့် အသတ်ခံခဲ့ရတယ်။ မိဖုရားကြီးဟာ ဘုရားမြတ်စွာကို အလွန်ကြည်ညိုတယ်။ မေတ္တာတရား ကြီးမားတဲ့နေရာမှာတော့ တကယ့် စံပြပဲ။ ဒါပေမဲ့ ကံမကောင်းရှာဘူး။ သူ့ကို မာဂဏ္ဍီမိဖုရားက မျက်မုန်းကျိုး နေတယ်။ ဒီတော့ အမျိုးမျိုး သေကြောင်း ကြံတယ်။ နောက်ဆုံး သာမာဝတီကို မီးရှို့ပြီး အသတ်ခိုင်းလိုက်တယ်။ ဒါကြောင့် သာမာဝတီမိဖုရားကြီးဟာ မရှုမလှ ဘဝနိဂုံးချုပ်ရတယ်။
လွန်ခဲ့တဲ့ ဘဝတစ်ခုက သာမာဝတီလောင်းလျာ အမျိုးသမီးဟာ တခြားအမျိုးသမီးတွေနှင့်အတူ မီးလှုံချင်လို့ ဆိုပြီး ခြုံတွေကို မီးရှို့တယ်။ ခြုံတစ်ခုရဲ့အောက်မှာ ပစ္စေကဗုဒ္ဓတစ်ပါး ဈာန်သမာပတ် ဝင်စားနေတယ်။ အဲဒါကို သူတို့ မသိရှာဘူး။ ခြုံတွေ မီးလောင်တော့မှ ခြုံအောက်မှာ ပစ္စေကဗုဒ္ဓ ရှိမှန်း သိသွားကြတယ်။ အဲဒီနောက် ” ဒီပစ္စေကဗုဒ္ဓ အရှင်မြတ်ကို ဘုရင်က ကိုးကွယ်နေတာ၊ ဘုရင်သိရင်တော့ မလွယ်ဘူး ကဲ အခုမှတော့ မထူးတော့ဘူး” ဆိုပြီး ပစ္စေကဗုဒ္ဓကိုပါ မီးရှို့လိုက်ကြတယ်။ ပစ္စေကဗုဒ္ဓကတော့ ဘာအန္တရာယ်မှ မရှိဘူး၊ ဘာကြောင့်လဲ၊ တန်ခိုးဖြင့် တခြားနေရာ ကြွသွားလို့ပါ။
အဲဒီဝဋ်ကျွေးကြောင့် သာမာဝတီလောင်းလျာ အမျိုးသမီးဟာ ငရဲကျသွားတယ်။ ငရဲက လွတ် မြောက်တဲ့အခါ မီးရှို့ပြီး အသတ်ခံရတာပဲ။
ဒါကြောင့် “သူများကို အနိုင်ယူဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဝဋ်ကြွေးဆိုတာ ကျိန်စာထက် ပို ကြောက်စရာ ကောင်းတယ်”တဲ့။ မိမိတို့ သတိထားရမည့် အချက်ပါက ဘာကြွေးမှ မတင်အောင် ကြိုးစားရမယ်။ ဘာကြွေးမှ မတင်မှ စိတ်ထဲ ရှင်းသွားတယ်။ စိတ်ထဲရှင်းသွားရင် ပီတိပဲ။ ပီတိဖြစ်လေ ဘဝက ငြိမ်း ချမ်းလေပဲ ဖြစ်ပါတယ်။
ဤစာသားကို ဖတ်ရှုရသူများအားလုံး လိုအင်ဆန္ဒပြည့်ဝနိုင်ကြပြီး စိတ်ချမ်းသာကိုယ်ကျန်းမာဘေးရန်ကင်းစွာရှိကာ အလုပ်အကိုင် စီးပွားရေး အစစအရာရာအဆင်ပြေကြပါစေ။

