Penis Injection Risks ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ

ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့် စဉ

November 26, 2014
Penis Injection Risks ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ

Penis Injection Risks

ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာတင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ အရင်ရေးထားတာကို မွမ်းမံပြီးတင်ပါရစေ။

လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။ တချို့ဆိုရင် ကျားအင်္ဂါကို ဆေးထိုးပြီး လူစဉ်မမှီ ဖြစ်သွားကြတယ်။ အရပ်နည်းတွေ၊ ‘အွန်လိုင်း’ ကြော်ညာတွေကို မယုံကြပါနဲ့။ လူဖြစ်ရှုံးသွားကြသူတွေ မနည်းတော့ပါ။ သူများနိုင်ငံတွေမှာ အဲလိုယောက်ျားလိင်အင်္ဂါကို ဆေးထိုးလို့ ဘာတွေဖြစ်သလဲဆိုတဲ့သုတေသန သိပ်မတွေ့သေးပါ။ အဲလုပ်ကြတာ မြန်မာတွေမှာသာ များသလားမပြောတတ်ပါ။

(၁) ဘယ်သူမှမပြောပဲ မိမိဘာသာ လမ်းဘေးကဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး၊ လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်းထိုးရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်ကငနဲက ၂ ကြိမ်တောင်ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တစ်နေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လှိမ့်ပြီး ချေနေပါတယ်။ ချေပေးတဲ့အခါ လိုအပ်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဆေးထိုးလည်း များသွားပုံရတယ်။ ဆေးတွေက တစ်ဖြည်းဖြည်းများသလိုပဲ ဖီးကြမ်းငှက်ပျောသီးထက် ပိုကြီးလာပါတယ်။ ဆေးတွေက တပြင်လုံးအပြင် အရှေ့က အရည်ပြားထဲအထိဝင်လာပြီး ထိပ်ကို ဖွင့်လို့မရတော့ဘူး။ နောက်ဆုံး တဖြည်းဖြည်း ဆီးပေါက်တဲ့ အပေါက်ကို တော်တော်နဲ့ ဖွင့်မရတော့ဘူး ဖြစ်လာတယ်။ အဲဒါနဲ့ ကြောက်ပြီး ဆရာဝန်ဆီသွားပြ ဆေးခန်းတစ်ခုမှာ ခွဲဖို့ ပြင်လိုက်ပါတော့တယ်။ တစ်ဖြည်းဖြည်း ခဲခဲလာတတ်ပါတယ်။ ဆေးတွေထုတ်တဲ့ရက်က ဆေးထိုးပြီး ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က ထုံဆေးပေးပြီး ဆေးတွေကိုထုတ်ပေးပါတယ်။ တစ်ချို့တွေ ကျန်လိမ့်မယ်လို့လည်း ပြောပါတယ်။ အဲဒီမှာ ခွဲစိတ်နေတုန်း ကျွန်တော့ ထုံဆေးက ပြေချင်လာပါတယ်။ အဲဒီတော့ ဆရာဝန်က အမြန်အမြန် ချုပ်လိုက်ပုံရပါတယ်။ ပုံထဲကအတိုင်းကို ဖြစ်သွားပါတော့တယ်။ အခု အဲဒီလိုဖြစ်တဲ့နောက်ပိုင်း အိမ်ကမသိအောင် ဆေးရုံမှာမနေပဲ ခွဲပြီးပြီးချင်း အိမ်ပဲပြန်ခဲ့ပါတယ်။ ညှော်တော့ မိကောင်းမိခဲ့မယ်ထင်ပါတယ်။

အခု ကျွန်တော်အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် မိန်းမက မခံစားနိုင်ဘူးဖြစ်နေတယ်။ လိင်ဆက်ဆံပြီးတိုင်းဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလိုဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။ အဲဒါ ကင်ဆာဖြစ်နိုင်သလား။ နောက်ပြီး ဆေးတွေက ဆီးဖုံးအထိကော ကပ်ပယ်အိတ် (ခေါ်) ဝှေးစေ့ အိတ်ထဲမှာပါ ပြန့်ပြီးခဲနေပါတယ်။ Picture (C) မှာ ဖော်ပြတဲ့အတိုင်း ဆေးတွေရောက်နေတယ်။ အဲဒီလို ဖြစ်ခြင်းအားဖြင့် ကလေးကော ရနိုင်ပါ့မလားလို့လည်း သိချင်ပါတယ်။ နောက်ပြီး အဲဒီအထဲက ဆေးခဲတွေကို ခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်လို့ကော ရနိုင်ပါ့မလား။ နောက်ပြီး Picture (B) မှာ ပြထားတဲ့အတိုင်း ပိုထွက်နေတဲ့နေရာက ကျွန်တော့်အတွက်ကော ဇနီးသည်အတွက်ပါ တအားအခက်ခဲဖြစ်နေလို့ အဲဒီနေရာကို ‘ပလပ်စတစ် ဆာဂျရီ’ လုပ်လို့ ရနိုင်ပါ့မလား။

အဲဒီမှာ အမျှင်ကလည်း တစ်ခါတစ်လေ အတွင်းခံဝတ်တဲ့အခါ ဆွဲထားသလိုဖြစ်ပြီး နာနာနေတယ်။ အဲဒီအမျှင်လေးကို ဖြတ်ထုတ်လို့ကော ရနိုင်ပါ့မလား။ အကယ်၍ ဖြတ်ထုတ်လို့ရပါက ကလေးယူလို့ဖြစ်နိုင်ပါ့မလား။ Picture (D) က အမျှင်ကလေးကို ပြောတာပါ။ ဘယ်ဆရာဝန်နဲ့ ဘယ်လို ပြောပြရမလဲဆိုတာရယ် သိလို့ရနိုင်မလား။ ပလပ်စတစ်ဆာဂျရီ လုပ်လို့ရနိုင်ပါမလား။ ရနိုင်တယ်ဆိုရင် ကောင်းမယ်ထင်တဲ့ဆေးရုံကို လမ်းညွှန်ပေးစေလိုပါတယ်။

(၂) ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က အင်္ဂါကြီးအောင် ဆေးထိုးထားပါတယ်။ ဆေးထိုးပြီးစကတော့ မကြာခဏဆိုသလို ဖောင်းလာလိုက် ပြန်ကျသွားလိုက် တခါတလေ အရမ်းကြီး နာကျင်နေတာတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ အဲ့လိုတွေ မဖြစ်တော့ပါဘူး။ အဖျားပိုင်းမှာပဲ ဆေးထိုးထားတဲ့ အရည်တွေ စုနေတယ်နဲ့တူတယ် အဖျားပိုင်းမှာ ကြီးနေတယ်။ ထပ်ဖျားကို အောက်ဆွဲချလို့ မရဘူး။ ဆက်ဆံတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးပေါက်ရင် ဆီးကအကုန်မထွက်ပဲနဲ့ နည်းနည်းကျန်နေတယ်။ သုတ်လွှတ်ရင်လဲ ပန်းမထွက်ဘူး။ နည်းနည်းချင်း ကျတယ်။ ဒါကို ဖြတ်လိုက်ရမလား။ ဖြတ်ရင် အရင်လိုပြန်သေးသွားမလား။ ဖြတ်လည်းဖြတ်ချင်တယ်၊

(၃) ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ်ဆိုတာက အရေပြားကိုပါ။ အရေပြားလှန်လို့မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် သေးသွားမှာပေါ့။ အကောင်းဆုံးကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၄) ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။ လိင်တန်ကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ ဆက်ဆံပြီးတိုင်း သုက်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ်တွေကြောင့်ပါ။ သိချင်တာက ခွဲစိတ်ရင် အချိန် ဘယ်လောက်ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကို ရှောင်ကြဉ်ရမှာလဲ၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား၊

(၅) အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ‘ဆီလီကွန်’ တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါထိုးရပါတယ်။ ပင်နင်စလင်အဆီက ခဲနေရင် မီးဝန်းလိုက်ပါသေးတယ်။ ပထမတစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယအကြိမ် ပြန်ထိုးရပါတယ်။ တတိယအကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂါ်အထဲသို့ ရောက်လျင် ပန်းပေါင်းလိုမဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခမပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားအင်္ဂါကြီးချင်လို့ ‘ပင်နင်စလင်’ အဆီကို တော်တော်များများ ထိုးနေကြတာတွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှမရှိတာ သေချာလားဆရာ သိချင်ပါတယ်။

(၆) ကျွန်တော့်အသက် ၂၅ နှစ်ပါ။့ လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေပါတယ်။ နားနဲ့မနာ ဖုဝါးနဲ့နာပေးပါ။ ကျွန်တော့်ရဲ့ လိင်တံကို 1.1.2014 နေ့က ထိုင်းအုန်းဆီထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ အုန်းဆီက အသားကို ကြိတ်ထားတဲ့ အဆီမဟုတ်ပဲ အခွံကိုကြိတ်ထားတဲ့အဆီ ဖြစ်နေတယ်။ ဆယ်ရက်လောက်ကြာတော့ ရောင်လာတယ်။ 18.1.2014 နေ့က ဆေးရုံမှာပြတယ်။ ဆေးရုံရောက်တော့ မေးခိုင်ပိုးစားတယ်ဆိုပြီး အရေခွံတွေ လှန်ထုတ်လိုက်ပါတယ်။ အဖျားမှာတော့ လက်တစ်လုံးလောက်ကျန်ပါသေးတယ်။ အဲ့ဒါ အရေခွံပြန်ဖြစ်နိုင်လား။ ဘာဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပါဦးဆရာ။

(၇) ကျွန်တော့်အင်္ဂါသေးလို့ဆိုပြီးဆေးထိုးမိပါတယ်ဆရာ ခုအဲ့ဒါပြန်မပွင့်တော့လို့ပါဆရာ။

ပြန်စာကောက်နှုတ်ချက်
တရားဝင် လိင်အင်္ဂါဆေးထိုးနည်းဆိုတာရှိပါတယ်။ မေးလာသူတွေလို ကျားလိင်အင်္ဂါ တမင်တကာကြီးချင်လို့ထိုးရတာမျိုး မဟုတ်ပါ။ (ED) ခေါ်တဲ့ ပန်းသေ-ပန်းညှိုးဖြစ်နေတဲ့ ယောက်ျားတွေကို လိင်အင်္ဂါမှာ ဆေးထိုးကုသဘို့ FDA ကနေ ပဌမဆုံး ခွင့်ပြုခဲ့တဲ့နည်း ဖြစ်တယ်။

၁၉၇၇ ခုနှစ်မှာ ခွဲစိတ်ဆရာဝန်တဦးကနေ Papaverine ဆေးကို အမှတ်မထင် စတွေ့တာဖြစ်တယ်။ ကြောင်တွေကို Phentolamine (Regitine) ဆေး သွေးကြောထဲထိုးပေးပြီး စမ်းသပ်ခဲ့တယ်။ ၁၉၈၂ မှာ ပြင်သစ်ဆရာဝန် Dr. Virag ကနေ Papaverine ဆေးကို တွေ့လာခဲ့တယ်။ ၁၉၈၃ မှာ လန်ဒန်က ပါမောက္ခ Dr. Brindley ကနေ ပန်းသေနေသူ ၁၁ ဦးကို ဒီဆေးထိုးပေးတော့ လိင်ဆက်ဆံနိုင်ကြတာ တွေ့လာခဲ့တယ်။ Papaverine ဆေးကို Alzheimer’s disease ရောဂါနဲ့ Multiple Sclerosis ရောဂါတွေအတွက်လဲ သုံးတယ်။ Papaverine နဲ့ Phentolamine ကို ၁၉၈၃ ကတည်းက သုံးခဲ့ပြီး၊ Prostaglandin E1 ကို သုံးတာ မကြာသေးဘူး။ စမ်းသပ်မှုတွေအရ ၈ဝ% မှာ သိသိသာသာ ကောင်းစေတယ်။ တဦးချင်းအတွက် ဆေးဘယ်လောက်ပေးရမယ်ဆိုတာ ချင့်ချိန်နိုင်တယ်။ တခြားရောဂါတွေ ရှိနေသူတွေကိုလဲ အတော်များများ ထိုးပေးလို့ရတယ်။ လိင်တံကို ဆေးထိုးပေးလိုက်ရင် အထဲက သွေးကြောတွေကို ကျယ်လာစေမယ်။ ဘေးထွက်ဆိုးကျိုးတွေကို ၃၇% ကနေပြောလာတာတွေဟာ ဆိုးဝါးတာတွေ မပါဘူး။ နာတာတို့ ဆေးထိုးအပ်ရာတော့ ရှိမယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ ရှိနိုင်တယ်။ ရှားရှားပါးပါး Priapism ဆိုတဲ့ လိင်တံတောင့်တင်းနေတာ ၄-၈ နာရီ ကြာလို့တောင်မှ ပြန်မကျတာမျိုး ဖြစ်တတ်တယ်။ Prostaglandin E1 ကတော့ အဲလို မဖြစ်ဘူး။ ကုလို့ရပါတယ်။

နှလုံးရောဂါအတွက် ဆရာဝန်တွေက Papaverine 120 mg ကို ၃ နာရီတခါ သွေးကြောထဲ ထိုးပေးတယ်။ လိင်တံကို ဆေးထိုးတာကတော့ 30 mg ကို တပါတ် ၂ ခါသာ ထိုးတယ်။ Phentolamine ဆေးကို များများပေးရင်တော့ သွေးဖိအား BP ကျစေနိုင်တယ်။ နှလုံးခုန်မမှန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တယ်။ ဆေးထိုးတာ မနာအောင် 30 gauge ultra-fine needle အပ်သေးသေးလေး သုံးသင့်တယ်။ Papaverine နဲ့ Phentolamine ဆေးက မနာဘူး။ Prostaglandin E1 ကတော့ နဲနဲ ထူပူနာတာ ၁၅ မိနစ် လောက် ဖြစ်နေနိုင်တယ်။ ဆေးထိုးပြီးနောက် ၅-၁၅ မိနစ်မှာ အစွမ်း ပြတယ်။ Prostaglandin E1 ကပိုမြန်မယ်။ လိင်ဆက်ဆံဘို့ ပဌမပိုင်း စပြီးနောက် သတ္တိပြမယ်။ ဆေးအစွမ်းက မိနစ် ၃ဝ ကနေ တနာရီ၊ ဒါမှမဟုတ် Orgasm ရတဲ့အထိ ကြာနေမယ်။ တလကို ၁ဝ-၁၂ ခါသာ ထိုးစေတယ်။ Papaverine နဲ့ Phentolamine ဆေးကို ဖျော်ထားပြီးနောက် ၆ဝ ရက် ထားလို့ရတယ်။ လူနာကိုယ်တိုင်က ဆေးထိုးနည်းကို သင်ယူပြီး ဖါသာထိုးနိုင်တယ်။ (အသေးစိတ် ထည့်မရေးတော့ပါ။)

Penicillin in oil ပနယ်စလင်အဆီထိုးဆေး
ပနယ်စလင်အဆီ ထိုးဆေးထဲမှာ Penicillin G procaine 100,000 units နဲ့ ပဲဆီ၊ ဒါမှမဟုတ် နှမ်းဆီ၊ ဒါမှမဟုတ် ပဲပုပ်ဆီတွေ ရောထားတယ်။ ဒီထိုးဆေးကိုတော့ သုံးနိုင်တာ နေရာတကာလို့ ပြောနိုင်တယ်။ ပိုးဝင်ပြီး ရောင်ရမ်းတာ၊ နှလုံးပိုးဝင်လို့ရောင်တာ၊ ဂနိုးရီးယား၊ ဦးနှောက် မြှေးရောင်၊ အဆုပ်ပြည်တည်နာနဲ့ အန်ဖတ်ဝင်လို့ ဖြစ်တဲ့ နူမိုးနီးယား၊ လူအုပ်ကနေရလာတဲ့ နူမိုးနီးယား၊ ဆစ်ဖလစ်၊ ကလေးတွေ သွေးထဲပိုးဝင်တာ၊ ပိုးဝင်လို့ အဆစ်နာရောဂါ၊ သွေးမလျှောက်ပဲ ပုတ်ဆွေးတဲ့အနာ နဲ့ ဆုံဆို့နာတွေအတွက် သုံးတယ်။ အခုနောက်ပိုင်းမှာ Benzathine benzylpenicillin ခေါ်တဲ့ တာရှည်ခံ ပနယ်စလင်ထိုးဆေးကိုသာ သုံးပါတော့တယ်။ ‘ရူမက်တစ်’ အဖျား (လေးဘက်နာ) ကို ကာကွယ်ဘို့နဲ့ ‘ဆစ်ဖလစ်’ စောဖြစ်တာနဲ့ နောက်ကျဖြစ်တာတွေအတွက်သုံးတယ်။

ပနယ်စလင်အဆီကို တင်ပါးနဲ့ လက်မောင်းအိုးမှာထိုးရတယ်။ ထိုးရင်နာတယ်။ ဆေးထိုးလိုက်ရင် ဆေးထိုးရာနေရာမှာ ဘာတွေဖြစ်လာသလဲဆိုတာကို ပင်နယ်စလင်အဆီထိုးတာကို အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးမှု လုပ်တဲ့အခါ ဒီလိုဟာတွေ တွေ့ရတယ်လို့ သုတေသန စာတမ်းတခုက ရေးသားထားတယ်။

ဆေးဝင်ရာကြွက်သားတွေ ဖေါင်းရောင်နေတယ်။ အထဲမှာ အဆီခဲလေးတွေတွေ့ရတယ်။ အဆီခဲဟာ သေသေးလေးတွေကနေ ၂ မီလီမီတာအထိ ကြီးတယ်။ အဆီခဲကြောင့် ဘေးမှာရှိတဲ့ တွယ်ဆက် တစ်ရှူးတွေမှာ တုံ့ပြန်မှုတွေ ဖြစ်နေတာလဲတွေ့ရတယ်။ ဆက်စပ်နေတဲ့ ကြွက်သားအစိုင်အခဲဟာလဲ ပျက်စီးဖြစ်စဉ်ရှိနေတယ်။ တချို့နေရာမှာ ကြွက်သား ဖိုက်ဘာတွေပျက်စီးသွားပြီး အမာရွတ်ဖြစ်စဉ် ဝင်လာတယ်။

ဆဲလ်တုံ့ပြန်မှုက အမျိုးမျိုးရှိတယ်။ ဆဲလ်ဝိုင်းဝိုင်းသေးသေးလေးတွေကနေ တချို့နေရာတွေမှာ Mononuclear phagocytes အကြီးစားတွေရှိတယ်။ Eosinophils သွေးဖြူဥတမျိုးများများနဲ့ Multinucleate giant cells ဆဲလ်ဧရာမတွေ နည်းနည်းလဲတွေ့တယ်။ ဒါပေမဲ့ ရုတ်တရက် ရောင်ရမ်းဖြစ်စဉ်မျိုးမှာတွေ့ရမဲ့ Neutrophil leucocytes ဆိုတာ နည်းနည်းပါးပါးလေးသာ တွေ့ရတယ်။ ဆေးထိုးတဲ့နေရာနဲ့ သက်ဆိုင်ရာ တက်စေ့တွေမှာလဲ အပြောင်းအလဲတွေ တွေ့သေးတယ်။ ရောဂါဗေဒလို Sinus catarrh လို့ခေါ်တယ်။ Foam cells ဆဲလ်တမျိုးတွေ တွေ့ရတယ်။ ဒီလိုဖြစ်လာတာတွေဟာ ဆေးထဲမှာပါနေတဲ့ Procaine penicillin နဲ့ Arachis oil အဆီကြောင့် ဖြစ်တာတွေလို့ ယူဆနိုင်တယ်။ ပနယ်စလင်ကို အဆီလုပ်ထားရတဲ့ သဘောက သွေးထဲစုပ်ယူမှာကိုနှေးစေဘို့ဖြစ်တယ်။ ဆေးက ကြာကြာနေမယ်။ Suspension of calcium penicillin ကို ပျားဖယောင်းနဲ့ဖြစ်ဖြစ် မြေပဲဆီနဲ့ဖြစ်ဖြစ် လုပ်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/penis-injection-risks.html


Healthy Life

253 Blog posts

Comments