Aphthous ulcer and Fissured tongue လျှာနာ အာနာ

ဆရာရှင့် ကျွန်မ လျှာခဏခဏ ကွဲတတ်ပါသည်။ အများအားဖြင့် လျှာထိပ်ပိုင်းတွင် အဖြစ်များပါသည်။ ကျွန်မ အနေဖြင့်

November 17, 2014
Aphthous ulcer and Fissured tongue လျှာနာ အာနာ

Aphthous ulcer and Fissured tongue

ဆရာရှင့် ကျွန်မ လျှာခဏခဏ ကွဲတတ်ပါသည်။ အများအားဖြင့် လျှာထိပ်ပိုင်းတွင် အဖြစ်များပါသည်။ ကျွန်မ အနေဖြင့် ဆောင်ရန် ရှောင်ရန်များကို သိလိုပါသည်ရှင့်။

“လျှာကွဲတာ” နဲ့ “ပါးစပ်နာ” တွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို Geographic tongue ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ ဒီလိုပြောတာ တော်သေးတယ်။ Scrotal tongue ယောက်ျား ကပ်ပဲ့အိတ်နဲ့ တူတယ်လို့ ပြောတာက သိပ်မမိုက်ဘူး။

Tongue cracks ဖြစ်တာက Inherited genetic trait မွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ ဒီအချက်က လွဲရင် အပူ-အစပ်စားတာ၊ ဆေးလိပ်၊ အရက်၊ စတာတွေ လွှဲချရတယ်။ ပါးစပ် အနံ့ပျယ်ဆေး အပြင်းသုံးတာ၊ သွားတိုက်ဆေး အပြင်းတွေကိုလဲ လက်ညှိုးထိုး မလွတ်ဘူး။ Malabsorption of Vitamin B ဗီတာမင် ဘီ ကို စုပ်မယူနိုင်တာ၊ Colon imbalance အူမကြီး မကောင်းတာတွေကိုလဲ ထည့်စဉ်းစားရတယ်။

စိတ်ဖိအား များနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့ အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓါတ်က အထက် တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ Yeast infection မှိုရောဂါကြောင့်လဲ ဖြစ်တတ်တယ်။ Anemia သွေးအားနည်းရောဂါ၊ Vitamin or mineral ဗီတာမင်နဲ့ ဓါတ်ဆား နည်းတာတွေ ပါတယ်။ ဘာ့ကြောင့်ဆိုတာ သိဘို့ ခက်တတ်တယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် ကင်ဆာ မဟုတ်ပါ။

တရုပ် တိုင်းရင်းဆေးနည်း အလိုအရ Speen ဘေလုံးနဲ့ Stomach အစာအိမ် မျှခြေပျက်တာတဲ့။ Acupuncturist တရုပ် အပ်စိုက် ဆရာတွေက Excess heat အပူကဲတာနဲ့ Yin (ယင်) အားနည်းတာလို့ ဆိုတယ်။ လျှာဘေးတွေကဖြစ်ရင် အသဲ၊ လျှာဖျားဖြစ်ရင် နှလုံး၊ လျှာလည်မှာဖြစ်ရင် ဘေလုံး၊ လျှာနောက်က ဖြစ်ရင် ကျောက်ကပ်လို့ သတ်မှတ်တယ်။

ဖြစ်စေတာက မသေခြာတော့ ကုရတာလဲ ခက်တယ်။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။ Thrush or Yeast မှိုရောဂါဝင်လာရင် Antifungal ဆေးပေးရမယ်။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး၊ Vitamin B Complex ဗီတာမင်ဘီအုပ်စုဆေး၊ Bacterial ဗက်တီးရီးယားပိုး ဝင်ရင် ပဋိဇီဝဆေး ပေးမယ်။ ဟင်းသီးဟင်းရွက် စိုစိုစိမ်းစိမ်း စားရပါမယ်။

ပါးစပ်နာတွေထဲမှာ လူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ အရပ်ခေါ် အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆို ဖြစ်တယ်။ အောက်နုတ်ခမ်းမှာ အဖြစ် များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲ မလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီး ပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ် သေးတယ်။

ဘာလို့ ဖြစ်သလဲ။ ဗီတာမင်ချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွား မမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာ လာဖြစ်တတ်တယ်။ အပူများတာ (ကော်ဖီ၊ လက်ဘက်ရည်) သောက်မိသူ တွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲ စာရင်းထဲမှာ ပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမဲ့ တကယ် အစပ်စားသူတွေမှာ ပိုဖြစ်တာ မတွေ့ဘူးပါ။ ရွှေလံဘို ငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲ ပါတယ်) ထူးဖြစ်တာ မရှိပါ။

အနာပုံစံက တခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁ဝ ပုံ ၁ ပုံကနေ ၅ ပုံလောက် အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။

• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။
• ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင်စီ များများ ပေးတယ်။
• အနာပေါ်ကို Glycerin အလှဆီ လိမ်းပေးနိုင်တယ်။
• ထောပတ်၊ ပျားရည်လဲ လိမ်းကြတယ်။ တချို့က ညောင်ရွက်ကို ကြိတ်ပြီး လိမ်းတယ်။ ကြက်သွန်ဖြူလဲ သုံးကြတယ်။
• အစာအိမ်နာရောဂါ ရှိနေသူတွေကို အုန်းဆီ နဲနဲ သောက်ခိုင်းတယ်။
• သင်္ဘောသီးမှည့် စားတာ ကောင်းတယ်။
• ဂျုံစာထက် ဆန်စာက ပိုသင့်တယ်။
• ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက် မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေး ပျယ်ရင် ပြန်နာမယ်။
• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့လိမ်းဆေး ပေးနိုင်တယ်။
• Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး သောက်ခိုင်းတယ်။
• Gentian violet paint ခရမ်းရောင်ဆေး လိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။
• ရေများများသောက်ပါ။ (မနာရင်ပေါ့။)

ကုဘို့ဆိုတာ ဖြစ်စေတာကို ပြင်ရမှာ အဓိက ဖြစ်တယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/aphthous-ulcer-and-fissured-tongue.html


Healthy Life

253 Blog posts

Comments