Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ

နာတာရှည် အသဲရောင်ရောဂါကို ဖြစ်စေကြတဲ့ထဲက (ဘီ) ပိုးအတွက် ကာကွယ်ဆေး ရှိနေပြီဖြစ်ပေမဲ့ (စီ) ပိုး ကာကွယ်ဆေး မရ

November 15, 2014
Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ

Hepatitis C Vaccine

နာတာရှည် အသဲရောင်ရောဂါကို ဖြစ်စေကြတဲ့ထဲက (ဘီ) ပိုးအတွက် ကာကွယ်ဆေး ရှိနေပြီဖြစ်ပေမဲ့ (စီ) ပိုး ကာကွယ်ဆေး မရှိသေးပါ။ အခု အသဲရောင် (စီ) ကာကွယ်ဆေး ပဌမအဆင့်မှာ စမ်းသပ်မှု အလားအလာ ရှိနေတယ်လို့ University of Oxford, UK (ယူကေ) မှာရှိတဲ့ (အောက်စ်ဖို့ဒ်) တက္ကသိုလ် သုတေသီတွေက ဆိုလိုက်ပါတယ်။ Science Translational Medicine (အွန်လိုင်း) မှာ ၄-၁-၂ဝ၁၂ နေ့က တွေ့ရှိချက်တွေကို ရေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို လက်တွေ့ သုံးနိုင်ဘို့တော့ ဝေးပါသေးတယ်လို့လဲ အသိပေးထားပါတယ်။

(စီ) ပိုးကို လူတယောက်ကနေ တယောက် သွေးကတဆင့် ကူးစက်ခံနေရသူပေါင်း သန်း ၁၇ဝ ရှိနေတယ်။ လူအတော်များများက ဘာမှလဲ မခံစားရလို့ သူတို့မှာ ရောဂါပိုးရှိနေတာကို မသိကြပါ။ အနောက်နိုင်ငံတွေမှာ အသဲအစားထိုးနေကြရတဲ့ အများဆုံး ရောဂါလဲဖြစ်ပါတယ်။

ဒီပိုးရဲ့ထူးခြားတာတခုကတော့ ဘယ်လိုပြီး ဘယ်လိုဖြစ်မယ်ဆိုတာ ဆရာဝန်တွေအတွက် အတော် အမှန်းရခက်တာဖြစ်ပါတယ်။ တချို့မှာ ရောဂါပိုးဝင်၊ ဘာမှမခံစားရဘဲနေ၊ နောက် နာတာရှည်အသဲရောင်ဖြစ်၊ အသဲပျက်စီးကြတယ်။ တချို့ကြတော့ ခံနိုင်ရည် ကောင်းနေကြပြန်တယ်။ ပိုးပျောက်သွားတာလဲ ရှိတယ်။ အဲလို ကံကောင်းသူတွေမှာ သဘာဝရောဂါပြီးစနစ်ကနေ ဘယ်လို လုပ်သလဲကို လေ့လာပြီး ကာကွယ်ဆေးထုတ်နိုင်ဘို့ လုပ်နေတာဖြစ်ပါတယ်။ သုတေသနလုပ်သူတွေက ကာကွယ်ဘို့ရော ကုသမှုအတွက်ပါ မျှော်မှန်းထားပါတယ်။ အချိန်တွေ၊ အဆင့်တွေ အများကြီး လိုပါသေးတယ်။

"ရောဂါပြီးစနစ်ရဲ့တုံ့ပြန်မှု ရလဒ်တွေက စိတ်အားတက်ကြွစရာကောင်းပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီး သွားရပါအုံးမယ်" လို့ (အောက်စ်ဖို့ဒ်) တကသိုလ်၊ Nuffield Department of Clinical Medicine ဌာန၊ ပါမောက Paul Klenerman (ပေါလ်-ကလီနာမင်) က ပြောပါတယ်။

ဒီစမ်းသပ်မှုကို (အောက်စ်ဖို့ဒ်) တက္ကသိုလ်အပြင် အီတလီ (ဘိုင်အို-တက်ခ်) ကုမ္ပဏီတခု နဲ့ (ယူကေ) က University of Birmingham (ဘာမင်ဂမ်) တက္ကသိုလ်တွေ ပူးတွဲလုပ်နေကြတာဖြစ်ပါတယ်။ မတူတဲ့နည်းတွေ သုံးကြရပါတယ် ဘာလို့လဲဆိုတော့ ဒီပိုးဟာ အတော် ပုံပြောင်းတတ်လို့ပါ။ ဒီအချက်က HIV နဲ့သွားတူနေပါတယ်။

ထုံးစံက ပိုးရဲ့ မျက်နှာပြင်က တနေရာရာကို ပြစ်မှတ်ထားပြီး ကာကွယ်ဆေး ထုတ်ရတာပါ။ အခုပိုးက ပြောခဲ့သလို ခဏခဏ ပုံပြောင်းတတ်လို့ အပြောင်အလဲ နည်းလောက်တဲ့ အထဲကနေရာကို ပြစ်မှတ်ထားကြရပါတယ်။

(ပေါလ်-ကလီနာမင်) က ရှင်းပြတာက "အသဲရောင် (စီ) ပိုး အထဲပိုင်းက ပိုတည်ငြိမ်တယ်။ ပိုးရဲ့ အင်ဂျင်လိုပေါ့ဗျာ။ ကျွန်တော်တို့က စက်ပိုင်းတနေရာရာကို ဦးတည်ပြီး အောင်မြင်အောင် လုပ်ကြည့်နေပါတယ်။"

အဲလို ပိုးရဲ့ တည်ငြိမ်တဲ့ အတွင်းပိုင်းကို ဦးတည်လုပ်ခြင်းကြောင့် အရင်က HCV vaccine ကာကွယ်ဆေး သုတေသနအရ ရောဂါပြီးစနစ် တုံ့ပြန်မှုနဲ့ မတူတာကို ရနိုင်မယ်ဖြစ်ပါတယ်။

"ဗိုင်းရပ်စ်ရဲ့ အတွင်းပိုင်းကို သက်ရောက်စေဘို့ရာ ကျွန်တော်တို့အတွက် T cells လိုတာပါ။ antibodies (အင်တီဘော်ဒီ) မဟုတ်ပါ။"
ဒါကြောင့် (ပေါလ်-ကလီနာမင်) နဲ့ အဖွဲ့ဟာ HCV-specific T cells စီပိုးနဲ့သာဆိုင်တဲ့ (တီ-ဆဲလ်) တွေကို အားဖြည့်နိုင်အောင် ကြိုးပမ်းကြရတယ်။ သူတို့သုံးတဲ့နည်းကို recombinant adenoviral vector strategy ဗျူဟာလို့ ခေါ်တယ်။ ကျန်းမာနေသူ (ဗော်လန်တီယာ) လူ ၄၁ ယောက်မှာ စမ်းသပ်ပါတယ်။

သူတို့ စာတမ်းထဲမှာ ရေးထားတာက HCV genotype 1B ကနေ ယူထားတဲ့ Nonstructural (NS) (ပရိုတင်း) ကို သယ်ပို့ပေးမဲ့ Adenoviruses (အဒီနို-ဗိုင်းရပ်စ်) ၂ ခုကို ဘယ်လို အသုံးပြုထားတယ်ဆိုတာ ပါတယ်။ တခုက ရှားပါးတဲ့ လူ့ (ဆီရို-တိုက်ပ်) (Ad6) ကနေရပြီး၊ နောက်တခုကတော့ (ချင်ပန်ဇီ) (ChAd3) ကရတယ်။

ဒီ (ဖက်တာ) နှစ်ခုလုံးကနေ HCV proteins ကိုဆန့်ကျင်တဲ့ T cell တုံ့ပြန်မှုကို ရစေတယ်။ သူတို့ကနေတခါ (ပရိုတင်း) အမျိုးမျိုးကို ပြစ်မှတ်ထားကြတယ်။ ဒါတွေကနေ (Genotypes 1A and 3A) ဆိုတဲ့ Heterologous strains အမျိုးအစားတွေကို သိစေနိုင်မယ်။
တုံ့ပြန်မှုကနေ ထွက်ပေါ်လာတဲ့ HCV-specific cells စီပိုးသပ်သပ် (ဆဲလ်) တွေကနေ အမျိုးမျိုးဖြစ်စေတယ်။ ဒါတွေထဲမှာ (CD4+) နဲ့ (CD8+) ဆိုတဲ့ အုပ်စုငယ်တွေလဲ ပါဝင်တယ်။ Interleukin-2, Interferon-[gamma] နဲ့ Tumor necrosis factor-[alpha] တွေကို ထွက်လာစေတယ်။

Adenoviral vector strategy (အဒီနို-ဗက်တာ) ဗျူဟာကို သုံးနည်းဟာ တာရှည်ခံမဲ့ (တီ-ဆဲလ်) တုံ့ပြန်မှုကို ရစေနိုင်တယ်လို့ ကောက်ချက်ချတယ်။ ဒါဟာ ခုခံအားဖြစ်စေအောင် လုံလောက်တဲ့ အရွယ်အစားနဲ့ အရည်အသွေးကို ရစေနိုင်တယ်။ ဒါ့ကြောင့် HCV ကာကွယ်ဆေး ထုတ်နိုင်လောက်တဲ့ တံခါးပွင့်သွားစေတော့တယ်။

ဒီပဌမအဆင့်စမ်းသပ်မှုဟာ ကာကွယ်ဆေး စိတ်ချရမှု နဲ့ ရောဂါပြီးစနစ်အမျိုးအစားကို သိနားလည်စေဘို့ ဖြစ်တယ်။စမ်းသပ်ခံသူတွေမှာ သိသာတဲ့ ဘေးထွက်-ဆိုးကျိုးမရှိကြတာတွေ့ရတယ်။ အခု စမ်းသပ်မှု နောက်တဆင့် တက်နေကြပါပြီ။

(အောက်စ်ဖို့ဒ်) အုပ်စုက ရောဂါပိုး ဝင်နေပြီးသူတွေကိုလဲ ကုသလို့ ရမလားဆိုတာလဲ စမ်းနေပါတယ်။ ပိုးရှိနေသူတွေမှာ T cell responses (တီ-ဆဲလ်) တုံ့ပြန်မှုက တခါတလေမှာ အားနည်းတတ်လို့ ကုသတဲ့အခါမှာ တခြားဆေးနဲ့ပါ တွဲရနိုင်တယ်။ အမေရိကန် အုပ်စုကတော့ ပိုးကျယ်ပြန့်တဲ့ ရောဂါထူပြောရာတွေမှာ ကာကွယ်နိုင်မလားဆိုတာ စမ်းနေပါတယ်။

ဒီစမ်းသပ်သုတေသနကို European Commission ဥရောပ-ကော်မရှင်၊ UK Medical Research Council (ယူကေ-သုတေသန-ကောင်ဆယ်လ်)၊ Wellcome Trust (ဝဲလ်ကမ်း-ထရပ်စ်)၊ Oxford Biomedical Research Centre (အောက်စ်ဖို့ဒ်-ဘိုင်အို-မယ်ဒီကယ်) သုတေသနဌာန၊ နဲ့ Martin School at the University of Oxford (အောက်စ်ဖို့ဒ်-မာတင်-စကူးလ်) တွေကနေ ထောက်ပံ့ပါတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-c-vaccine.html


Healthy Life

253 Blog posts

Comments