Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း

ကျွန်တော့် နာမည် (့) ပါ။ အသက်က၂၆ နှစ် ရှိပါပြီ။ ကျွန်တော့်မှာ လိင်အင်္ဂါ ကွေးကောက်တဲ့ရောဂါ Peyronies disease ဖြစ်နေပ

January 07, 2015
Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း

Peyronie's Disease

ကျွန်တော့် နာမည် (့) ပါ။ အသက်က၂၆ နှစ် ရှိပါပြီ။ ကျွန်တော့်မှာ လိင်အင်္ဂါ ကွေးကောက်တဲ့ရောဂါ Peyronies disease ဖြစ်နေပါတယ်။ မှတ်မိတဲ့အရွယ်ကတဲကပါ။ လူပျိုစစ်စစ်ပါ။ နောက်ပြီး သူများတွေရဲ့ လိင်တံလို ဖြောင့်စင်းပြီး မာထောင်နေတာကို အားကျတယ်။ Sedora လည်းသောက်ဘူးပါတယ်။ အဲဒါတောင် တအားမာထောင်နေအောင် မဖြစ်ဘူး။ ဘာဆေးသောက်ရမယ်၊ လိမ်းရမယ်ဆိုတာ ညွန်ကြားပြပါ။ နောက်ပြီတော့ အချိန်ဘယ်လောက်ကြာမယ် ဘယ်လောက် ကုန်မယ် ဆိုတာလည်း ပြောပါ။ ဆေးကလည်း မြန်မာပြည်မှာရော ဝယ်လို့ရလားခင်ဗျာ။ Serracor NK ကို ကြားဘူးလို့ပါဆရာ။ အဲဒါ ဒီမှာဝယ်လို့ မရဘူး။

Peyronie's disease (ပါရိုနိစ်) ရောဂါကို ၁၇၄၃ ကတည်းက ပြင်သစ်ဆရာဝန် François de la Peyronie ကနေ စတွေ့ခဲ့လို့ ဒီနာမည် ပေးတယ်။ အရင်က Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးလို လိင်တံသန်မာနှု ချို့ယွင်းခြင်းလို့ သတ်မှတ်ခဲ့တယ်။ အခု အဲလို မဟုတ်တော့ပါ။

ကျား-လိင်အင်္ဂါအထဲမှာ အမာရွတ်လို Plaque ဒါမှမဟုတ် Hard lump မာနေတဲ့ အစိုင်အခဲ ရှိနေတာမို့ လိင်တံက ကောက်နေတာကို ခေါ်တယ်။ နဲနဲကောက်တာနဲ့ များများကောက်တာ ရှိမယ်။ ဖြေးဖြေးဖြစ်တာနဲ့ မြန်မြန်ဖြစ်တာရှိတယ်။ အင်္ဂါသန်မာမှုဖြစ်ရင် နာတယ်။ ကြာရင် နာတာ သက်သာလာနိုင်တယ်။ ကောက်နေတာ ကျန်နေတယ်။ လိင်ဆက်ဆံရာမှာ အခက်အခဲရှိလာနိုင်တယ်။ နဲနဲဖြစ်သူတွေမှာ ပြဿနာမရှိပါ။ ကင်ဆာလဲ မဟုတ်၊ ကူစက်ရောဂါလဲ မဟုတ်ပါ။

လိင်တံရဲ့ အထက်ပိုင်း အပေါ်ပိုင်းမှာ ဖြစ်နေတာများတယ်။ ဒီလိုဖြစ်ရင် ပစောက်ပုံ ကောက်နေမယ်။ အောက်မှာရှိနေရင် ဂငယ်ပုံ ဖြစ်မယ်။ တချို့မှာ အပေါ်နဲ့ အောက်မှာပါ ရှိနေတတ်တယ်။ ဒီလိုဆို တိုနေမယ်။ တချို့မှာ လိင်တံကောက်နေတာ၊ ကောက်နေလို့ စိတ်အလိုမကျဖြစ်တာ၊ ဆက်ပြီး လိင်စိတ်ပါနည်းလာတတ်တယ်။ စိတ်ဓါတ်ကိုပါ ထိခိုက်လာနိုင်တယ်။

• Congenital curvature မွေးကတည်း၊ ငယ်ကတည်းက နဲနဲ ကောက်နေတာ ရောဂါမဟုတ်ပါ။
• မွေးစကလေးမှာတွေ့ရင် Hypospadias ခေါ်တဲ့ ဆီးထွက်ပေါက် နေရာလွဲနေတာဖြစ်မယ်။
• ဘယ်လောက်အထိ ကောက်သလဲ ၁% ကနေ ၂၃% အထိ ကောက်နိုင်တယ်။
• ဂျာမနီမှာ လေ့လာတော့ ယောက်ျား အသက် ၁၈ နဲ့ ၈ဝ ကြား ၃့၂% မှာ ကောက်နေကြတာ တွေ့ရတယ်။ အရွယ်လတ်ပိုင်း အဖြစ်များတယ်။
• ဒီလို ဖြစ်နေသူတွေရဲ့ ၃ဝ% ဟာ ကိုယ်ခန္ဓာတခြားနေရာတွေမှာလဲ ဥပမာ ခြေ-လက်မှာ အဲလို Hardened tissue မာနေတဲ့ (တစ်ရှူး) ရှိနေတယ်။ Dupuytren's contracture လို့ခေါ်တဲ့ လက်မှာ အချောင်းလို ကောက်နေတာမျိုး ရှိနေသူတွေမှာ တွဲဖြစ်တတ်တယ်။
• မိသားစုထဲမှာ တယောက်မက ဖြစ်တတ်တယ်။

သုတေသနလုပ်သူ တချို့ ယူဆတာက Trauma ထိခိုက်ဒဏ်ရာကနေ ဖြစ်တယ်လို့။ ဒဏ်ရာကနေ အမာရွတ်ဖြစ်စေတယ်။ လိင်ဆက်ဆံနေတုံးဖြစ်ဖြစ်၊ အားကစားလုပ်ရင်းဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် ဒဏ်ဖြစ်လို့ အထဲမှာ သွေးကြေားလေးတွေ ပေါက်ထွက်နိုင်တယ်။ အနာကျက်ဖြစ်စဉ်ကနေ အမာရွတ် ဖြစ်လာတယ်။ ဒါပေမဲ့ ဒီရှင်းလင်းချက်က လူနာတိုင်းမှာ မဖြစ်နိုင်တာ တွေ့ရတယ်။ ဒါ့ကြောင့် တချို့က Autoimmune disorder ရောဂါပြီးစနစ်ချို့ယွင်းတာလို့ ထင်ကြတယ်။ သွေးတိုးကျဆေး တမျိုးဖြစ်တဲ့ Calcium channel blockers ဆေးနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတယ်။ ဆန်းစစ်ချက် တခုအရ အသက် ၄ဝ ကျော်၊ Blood type A+ (အေ-ပလပ်စ်) သွေးအုပ်စုသမားတွေ အဖြစ်များတယ်။

• လိင်တံထဲမှာ နာစေတဲ့၊ မာတဲ့၊ မငယ်တဲ့၊ အချောင်းလိုနေတဲ့ Plaques လို့ခေါ်တာ ရှိနေမှသာ ရောဂါဖြစ်နေတာ ဖြစ်တယ်။
• လိင်တံသန်မာလာရင် မူမှန်မဟုတ်ဘဲ ကောက်နေရတာ ဘာလို့ဖြစ်လဲဆိုတော့ အထဲမှာ Chronic inflammation of the tunica albuginea (CITA) ခန္ဓာဗေဒအခေါ် (ကြူနီကာ-အယ်လ်ဘူဂနီယား) တစ်ရှူးတွေ နာတာရှည် ရောင်ရမ်းရာက အမာရွတ်ဖြစ်နေလို့ပါ။
• ကောက်မနေလဲ ပုံသဏ္ဌာန် ပြောင်းနေရင်လဲ ဒီရောဂါပါဘဲ။
• လိင်ဆက်ဆံရင် နာလိမ့်မယ်။ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တချို့မှာ ဒီအခက်အခဲတွေ မရှိဘူး။
• Ultrasound ရိုက်ရင် Scar tissue အမာရွတ်ရှိနေတာမြင်ရမယ်။

လိင်တံသန်မာရင် နာတာခံစားရလို့၊ ကောက်နေတာ မဟုတ်ဘူးထင်လို့၊ လိင်ဆက်ဆံရာမှာ အခက်အခဲရှိလို့ ဆေးကုဘို့ လာကြမယ်။ ဘာလို့ ဖြစ်တယ်ဆိုတာ ဆရာဝန်တွေက အသေအခြာ မသိတော့ ကုသပေးရတာလဲ ရိုးရိုးသားသားပြောရရင် Empirically စမ်းကုသနည်းသဘော ဖြစ်တယ်။ အနည်းဆုံး လိင်ဆက်ဆံနိုင်စွမ်းရဘို့ ရည်မှန်းသင့်တယ်။ ပညာပေးတာနဲ့ ခွဲစိတ်တာ လုပ်နိုင်တယ်။

တယောက်နဲ့တယောက်လဲ မတူကြလို့ ဆေးကုသနည်းကို တန်းပြောမရဘူး။ ဆေးပေးနည်း နဲ့ ခွဲနည်းတွေရှိပေမဲ့ မခွဲသေးဘဲ ဆေးအရင်ပေးတာ ကောင်းတယ်။
ဆေးပေးကုသနည်းတွေကတော့ -
• Vitamin E ပေးတယ်။ Vitamin E နဲ့ Colchicine တွဲပေးတယ်။
• Aminobenzoate potassium (Potaba) စားဆေးပေးတယ်။
• Tamoxifen, Pentoxifylline တွေကိုလဲ သုံးတယ်။
• Plaques ထဲကို Verapamil injection (သွေးတိုးအတွက်ဆေး) နဲ့ Interferon alpha-2b တွေထိုးတာက ကောက်နေတာ သက်သာပုံရတယ်။
• Collagenase က စမ်းသပ်ဆဲအဆင့်မှာသာ ရှိသေးတယ်။
• Steroids စတီရွိုက်ဆေးဖြစ်တဲ့ Cortisone ထိုးရင် ဘေးထွက်-ဆိုးကျိုးရှိမယ်။
• Iontophoresis နည်းဆိုတာက မနာလောက်တဲ့ လျှပ်စစ်နဲ့ ကုကြည့်တာဖြစ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလဲ စမ်းတယ်။

Surgery ခွဲစိတ်ကုသနည်းမှာ ၄ နည်းရှိတယ်။
၁။ Plaque ကို လှီးဖြတ်ပြီး အသားအစားထိုးပေးတယ်။ တချို့ကောင်းတယ်။ တချို့ ထုံပြီး သန်မာမှုထိခိုက်တယ်။
၂။ Plication နည်းခေါ်တာက Plaque နဲ့ ဘေး ပြောင်းပြန်နေရာမှာရှိတဲ့ Tunica albuginea ကို ဖြတ်ယူတော့ ကောက်နေတာ မျှသွားပြီး သက်သာစေမယ်။ ထုံတာနဲ့ လိင်တံ မသန်မာတာ သိပ်မဖြစ်စေဘူး။ ဒါပေမဲ့ လုံးပတ်-အရှည် သေး-တို သွားနိုင်တယ်။
၃။ Implant တခုထည့်ပေးနည်းဖြစ်တယ်။ ဒီနည်းတခုထဲမရရင် နည်း ၁ နဲ့ ၂ တခုခုကိုပါ တွဲလုပ်နိုင်တယ်။
၄။ Penile prosthesis လိင်ဆံအတု တပ်တာလဲ နောက်ဆုံးနည်းဖြစ်တယ်။

ဆေးမကုဘဲ ၁၂-၁၃% က ကြာလာတာနဲ့ သက်သာလာတယ်။ ၄ဝ-၅ဝ% က ပိုဆိုးလာပြီး ကျန်သူတွေက ထူးမခြားနား။ အမာရွတ် နေရာကို ကိုယ့်ဖါသာ အလျားလိုက် ပွတ်ချေနည်းလဲ စမ်းနိုင်တယ်။ Counseling စိတ်ပိုင်းပြုပြင်နည်း လိုအပ်တယ်။

- Sedora ကို ဆေးနာမည် အနေနဲ့ မသိပါ။
- Serracor-NK ဆေးကို Fibrinolytic enzyme blend ခေါ်တယ်။ Anti-inflammatory properties ရောင်ရမ်းဖြစ်စဉ်ကို ဆန့်ကျင်စေတယ်။ Fibrin levels သွေးထဲမှာ (ဖိုင်ဘရင်) အနည်းအများ ထိန်းပေးတယ်။ C-reactive protein ကို နည်းစေတယ်။ Blood viscosity and platelet stickiness သွေးအစေး-အပျစ်နည်းစေမယ်။ ဒါ့ကြောင့် သွေးခဲစေတတ်သူတွေ အတွက်သာ သုံးတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/01/peyronies-disease.html


Healthy Life

253 Blog posts

Comments