"ဂရုဓမ္မအခါတော်နေ့(သို့) တော်သလင်းလပြည့်နေ့"
*********************************************************
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။
ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။
ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။
ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို အလောင်းအစားလုပ်ကာ ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက် သာသနာတွင်းရဟန်းများအနေဖြင့် ပါဏာတိပါတကံကို မကျူးလွန်သင့်ကြောင်းနှင့် ရှေးပညာရှိများအနေဖြင့် သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင် ပါဏာတိပါတကံ စတဲ့ သီလများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို အကြောင်းပြုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းရဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။ ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။
ဘုရားအလောင်းတော် မင်းဟာ ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊ ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မ(ဂရုဓမ္မ)ကို စင်ကြယ်စွာစောင့်ထိန်းကြတာပါ။
ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့် ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။
တစ်တိုင်းပြည်လုံးမှ လူများလည်း ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။
ဘုရားအလောင်း၏ နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။ ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။ မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။
တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ ရှေးမင်းများ ပြုကျင့်သည့်အတိုင်း ဒါန သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။
ဒါပေမယ့် ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။ နောက်တစ်ဖန် ကုရုတိုင်းမှာ အဉ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။
ဆင်တော်မင်္ဂလာကြီး သယ်ဆောင်လာနိုင် သော်လည်း မိုးမရွာပြန်ပါဘူး။
နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့ ပုဂ္ဂိုလ်ဆယ်ယောက်အပြင် တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့ ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ ပြည်သားအားလုံးအပြင် ဘုရင်မှစ၍ ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ ရာသီဥတုတွေ မှန်ကန်လာပြီး တစ်တိုင်းပြည်လုံး သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။
အချုပ်အားဖြင့် ဘုရားအလောင်းတော် အုပ်ချုပ်သော တိုင်းပြည်မှာ ဘုရင်မှစ၍ မယ်တော်၊ မိဖုရားအပါဝင် တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြသဖြင့်၊ ရာသီဥတုမှန်ကန်ကာ တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊ ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍ တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့
ငါးပါးသီလ မမြဲကြသဖြင့် ရာသီဥတုဖောက်ပြန်ကာ ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊ ငါးပါးသီလမြဲပါမှ တစ်ဖန် ရာသီဥတု မှန်ကန်ပြီး တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင် ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ခြင်း၊ အစာငတ်မွတ်ခြင်း၊ ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့် ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့် ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျက်ခြင်း၊ လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ရာသီဥတုမှန်ကန်၊ ကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။
ငါးပါးသီလဖောက်ပြားနေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု ဘုရားအလောင်းတော် ကုရုမင်းကြီး သတိပေးနေဟန် တူပါတော့တယ်။
ဆက်လက်စဉ်းစားမိသည်က ထိုဇာတ်တော်ကို မြတ်စွာဘုရားရှင် တော်သလင်းလပြည့်နေ့တွင် ဟောတော်မူခဲ့ခြင်းလား၊ (သို့မဟုတ်) ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေလွှာပေါ်တွင် ကူးစေခဲ့သည့်နေ့ကား တော်သလင်းလပြည့်နေလား၊
အနီးစပ်ဆုံးအားဖြင့် ကုရုမင်းကြီးကား ပန္တွရသီဥပုသ်နေ့တွင် ပရိတ်သတ်အလယ်၌ အလှူဒါနပြုစဉ် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေပေါ်တွင် ကူးစေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်မည်ဆိုပါက တော်သလင်းလပြည့်နေ့သာ ဖြစ်ပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ငါးပါးသီလဟူသော အခြေခံလူ့ကျင့်ဝတ်ကို အချိန်မရွေး စောင့်ထိန်းသင့်လှသည်ဆိုသောအချက်ကတော့ ငြင်းမရပါ။ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
🙏🙏🙏🙏🙏
Crd. Mya Kyar Phyu(Facebook)

