🌺 တော်သလင်းလပြည့် (သို့) ဂရုဓမ္မအခါတော်နေ့ 🌺
၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက် (တနင်္လာနေ့) ဟာ တော်သလင်းလပြည့် အချိန်အခါ ဖြစ်ပါတယ်။ တော် (တဝ်) ဆိုတာ အထက်အမြင့်၊ ကောင်းကင် ကိုပြောခြင်းဖြစ်ပါတယ်။ သလင်း (သာလင်း)ဆိုတာကတော့ သာယာကြည်လင်ခြင်းကို ဆိုလိုပါတယ်။
အဓိပ္ပါယ်ကတော့.. မိုးကောင်းကင် သာယာကြည်လင်လာခြင်း ဖြစ်ပါတယ်။
မိုးသား မိုးမြေးတွေ နောက်ဆုတ်ပြီး မိုးရာသီမကြာခင် ကုန်ဆုံးပါတော့မည်။
ရှေး မြန်မာတောင်သူများဟာ မိုးအကုန် ဆောင်းအကူးဖြစ်တဲ့ တော်သလင်းလမှာ လယ်ယာလုပ်ငန်းတွေ ပြီးဆုံးလို့ မြစ်ဘေး၊ ချောင်းဘေးမှာ ပျော်ရွှင်စွာ ရေကစားခြင်းများ၊ လှေပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ တော်သလင်းလရဲ့ ရာသီပန်းဟာ ယင်းမာပန်း ဖြစ်ပြီး ရာသီပွဲကတော့ လှေပြိုင်ပွဲ ဖြစ်ပါတယ်။ နေဟာ ကန်ရာသီ (Virgo) အတွင်းမှာ ကျရောက်နေပြီး၊ စန်းယှဉ်နက္ခတ်လို့ခေါ်တဲ့ လပြည့်ဝန်းနှင့်အတူ ရှိနေမည့် နက္ခတ်ကတော့ ဘဒြနက နက္ခတ်ဖြစ်သည်။
လပြည့်ခြင်းဆိုသည်ကတော့ နေ၊ ကမ္ဘာ နဲ့ လ တို့ တတန်းတည်းအနေအထားကျရောက်ပြီး နေရဲ့ အလင်းရောင်ဟာ လမျက်နှာပြင်ပေါ်သို့ အပြည့်အဝ ကျရောက်ခြင်းကြောင့် လမင်းကြီးကို ညကမ္ဘာမှာ အပြည့်အဝ မြင်တွေ့နေရခြင်းပဲဖြစ်ပါတယ်။ (ပုံ) အမှန်တကယ် လပြည့်မည့်ရက်ဟာ စက်တင်ဘာ (၂၁) ရက်ဖြစ်လို့.. လမင်းကို လပြည့်ကျော် (၁) ရက်နေ့မှာ ပိုပြီး ပြည့်ပြည့်ဝဝ မြင်တွေ့ရမှာပါ။
ဒီလိုလပြည့်အချိန်အခါကို အမေရိကန်ရိုးရာအဆိုအရ ပြောင်းဖူးလ (Full corn moon) (သို့) Full Harvest Moon လို့ခေါ်ကြပါတယ်။ ပြောင်းဖူးပေါ်ချိန်၊ ရိတ်သိမ်းချိန်လည်း ဖြစ်ပါတယ်။ လပြည့်ညမှာ လနဲ့ ကမ္ဘာဟာ မိုင်ပေါင်း ၂၄၁၇၀၀ ကွာဝေးနေမှာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်တာကတော့ လူတိုင်း လူတိုင်း ဂရုပြုရမယ့် သီလ (၅ ပါးသီလ) တရားကို ကိုယ်စားပြု ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ရှေးအခါက ကာလိင်္ဂတိုင်း ဒန္တပုရ မြို့မှာ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်မှာ ရှင်ဘုရင်နှင့် တိုင်းသူပြည်သားများ သီလမစင်ကြယ်ခြင်းကြောင့် မိုးခေါင်ရေရှားတဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာ ကြာနေပြီး သီးနှံ တွေလဲ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊
အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေ မသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့ ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ပါတယ်။
သူတို့နဲ့ မနီးမဝေးက ကုရုတိုင်းမှာတော့ ဘုရင်အစ..ပြည့်တန်ဆာအဆုံး သီလစောင့်စည်းကြလို့ တိုင်းပြည်စည်ပင်ဝပြောလျက်ရှိပါတယ်။ ကုရုတိုင်းကို နမူနာယူလို့ ကောလိင်္ဂ ဘုရင်နဲ့ ပြည်သူများ သီလစင်ကြယ်စွာနေထိုင်တဲ့အခါမှာတော့ တိုင်းပြည်ဟာ ပြန်လည်စည်ပင် လာပါတော့တယ်။ (မြေပုံ) ထို့အတွက်ကြောင့်.. ရှင်ဘုရင်ကစလို့ ပြည့်တန်ဆာအဆုံး ငါးပါးသောသီလကို ဂရုပြုတတ်စေဖို့ ဒီနေ့ကို ဂရုဓမ္မ (ကုရုဓမ္မ) အခါတော်နေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။
စက်တင်ဘာ ၂၁ ရက် လပြည့်နေ့ညမှာ လမင်းရောက်ရှိနေမယ့်နေရာကတော့ Pisces လို့ခေါ်တဲ့ မိန် ရာသီ ကြယ်စုများ ရှိတဲ့နေရာဖြစ်ပါတယ်။ လပြည့်ပြီး နောက်ရက်များမှာတော့ လထွက်ပေါ်ချိန်ဟာ တစ်ရက်ကို တစ်နာရီခန့် နောက်ဆုတ်သွားမှာဖြစ်ပြီး နောက်ပိုင်း လဆုတ်ရက်များမှာတော့.. လကို မနက်ခင်းပိုင်းမှာပဲ မြင်တွေ့ရတော့မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
Crd, LwinOFacebook)

