ဗုဒ္ဓသာသနာတော် (၂၅၀၀)ခရီး
~~~~~~~~~~~~~~~~~~~~~~~~~
ပထမသင်္ဂါယနာ အပိုင်း(၄)
×××××××××××××××××××
ကုသိနာရုံမှ ရာဇဂြိုဟ်သို့
************************
ထို့နောက် သင်္ဂါယနာတင်ရန်နေရာကို ရွေးချယ်ကြရာ ရာဇဂြိုဟ် မြို့ကား ကျောင်းတိုက်အများအပြားလည်း ရှိ၏၊ ပစ္စည်းလေးပါး ထောက်
ပံ့နိုင်မည့် ပုဂ္ဂိုလ်လည်း များပြား အားကောင်း၏။ ရာဇဂြိုဟ်ပြည်၌ သင်္ဂါယနာတင်ပွဲ ကျင်းပမည်ဖြစ်၍ သင်္ဂါယနာတင် မထေရ်အရှင် ငါး ရာမှတစ်ပါး အခြားရဟန်းများသည် ရာဇဂြိုဟ်မြို့၌ ဝါဆိုဝါကပ်ခြင်း မပြုရ။ အကြောင်းမူ - ဤသင်္ဂါယနာတင်ပွဲသည် ရက်ပေါင်း လပေါင်း များစွာ ကြာရှည် လုပ်ဆောင်ရမည်ဖြစ်၍ သဘောမတူသော ရဟန်း တစ်ပါးပါးသည် သံဃာ့အလယ်သို့ ဝင်၍ နှောင့်ယှက် ဆန့်ကျင်ဘက် ပြု ကောင်း ပြုလေရာ၏။
ထို့ကြောင့် ရာဇဂြိုဟ်မြို့၌ သင်္ဂါယနာတင် မထေရ်ငါးရာမှတစ်ပါး အခြားရဟန်းများ ဝါမဆိုရဟု အရှင်မဟာကဿပသည် ဉတ်ကမ္မဝါစာ ဖြင့် ကြေညာတားမြစ်တော်မူ၏။
ဝါဆိုရန် တစ်လကျော်ကျော်မျှသာ လိုတော့သဖြင့် အရှင်မဟာ ကဿပထေရ်သည် သင်္ဂါယနာတင်ပွဲအတွက် ရွေးချယ်ထားသော ရဟန္တာ ငါးရာအနက် တစ်ဝက်သော ရဟန္တာတို့ကို ဦးဆောင်၍လည်းကောင်း၊ အရှင်အနုရုဒ္ဓါထေရ်သည် ကျန်တစ်ဝက်သော ရဟန္တာတို့ကို ဦးဆောင်၍ လည်းကောင်း ကုသိနာရုံပြည်မှ ၂၅ ယူဇနာ ကွာသော ရာဇဂြိုဟ် ပြည်သို့ ခရီးတစ်ကြောင်းစီ ကြွချီတော်မူကြလေသည်။ အရှင် အာနန္ဒာ မထေရ်သည်မူကား တပည့်ရဟန်းတော် ငါးရာနှင့်တကွ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးကို ပြုပြင်ပြီးနောက် ရာဇဂြိုဟ်ပြည်သို့ တစ်ပါး တည်း ကြွတော်မူ၏။ အရှင်ပုဏ္ဏထေရ်သည်ကား နောက်ကျ၍ ရောက် လာသော ရဟန်းပရိသတ်, လူပရိသတ်အား တရားဓမ္မဟောပြ နှစ်သိမ့် ရန် ကုသိနာရုံပြည်၌ တပည့်ရဟန်း ခုနစ်ရာနှင့်တကွ နေရစ်၍ ဝါဆိုခါ နီးမှ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၏။ . ' “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီ”ဟု ကြားရသောအခါ ဇမ္ဗူ ဒီပါတစ်ကျွန်းလုံးရှိ ရဟန်းတော်အားလုံးသည် ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ပြည်သို့ တစ်ပါးမကျန် သွားရောက်ဖူးမြော်ကြလေသည်။ ရာဇဂြိုဟ်ပြည် ရှိ တစ်ဆယ့်ရှစ်ရပ်သော ကျောင်းတော်ကြီးများသည်လည်း ရဟန်းတော် များ တစ်ပါးမကျန် ကုသိနာရုံပြည်သို့ ကြွသွားလေရာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိသဖြင့် ဖုန်အထပ်ထပ် အမှိုက်သရိုက်များ ဖုံး လွှမ်းနေ၏၊ ပိုးရွ ဥပုန်းများ ကိုက်သဖြင့် ကျိုးပဲ့ပေါက်ပြဲ ပျက်စီးလျက် ရှိကြ၏။
ရာဇဂြိုဟ်ပြည်တွင် သင်္ဂါယနာတင် ထေရ်အရှင်ငါးရာ စုံလင်စွာ ရောက်ရှိပြီးနောက် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ ဝါဆိုပွဲ သံဃာ့အစည်း အဝေး၌ ပထမ တစ်လ ကျောင်းပျက်ပြင်ရန်၊ ဒုတိယ တစ်လမှ စ၍ သင်္ဂါယနာတင်ရန် ဆုံးဖြတ်တော်မူကြ၏။
ကျောင်းတော်ကြီး ၁၈ ရပ် ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်မဟာကဿပ အမှူးပြု သော မထေရ်ကြီးများသည် အဇာတသတ်မင်း၏ နန်းတော်သို့ ကြွ၍ ကျောင်းတော်ကြီး ၁၈ ရပ် ပြင်ဆင်လိုကြောင်းကို မိန့်တော်မူရာ အဇာတ သတ်မင်းကြီးသည် ကျောင်းတော်ကြီး ၁၈ ရပ်ကို ပြင်ဆင်ပေးတော် မူ၏။
ကျောင်းတော်ကြီး ၁၈ ရပ်တို့မှာ -
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
၁။ ဝေဠုဝန်ကျောင်းတော် (ဝေဘာရတောင် အရှေ့မြောက်ဘက်၌
(၎င်း)
၂။ သပ္ပသောဏ္ဍိကကျောင်း (ဝေဘာရတောင် အရှေ့ဘက် ဆင်
ခြေလျှော၌ ရှိ၏။)
၃။ ပတ္တရယကျောင်း
၄။ ဂေါတမကန္ဒရကကျောင်း ၊
၅။ တိန္ဒူကဂုဟာကျောင်း
၆။ တပေါဒါကန္ဒရကကျောင်း
၇။ တပေါဒါရာမကျောင်း
၈။ ဣန္ဒသာလဂုဟာကျောင်း
၉။ ပိပ္ပလိဂုဟာကျောင်း ၊
၁၀။ ကာဠသိလာကျောင်း (ဣသိဂိလိတောင်နံရံ၌ ရှိ၏။)
၁၁။ ဂိဇ္ဈကုဋ်တောင်ထိပ်ကျောင်း (ဂိဇ္ဈကုဋ်တောင်၌ ရှိ၏။)
၁၂။ စောရပပါတကျောင်း (၎င်းတောင်နံရံ)
၁၃။ တာလဝနုဿာနကျောင်း တောင်ခြေ၌ရှိ၏။)
၁၄။ မဒ္ဒကုစ္ဆိမိဂဒါယကျောင်း (၎င်း)
၁၅။ ဇီဝကမ္ဗဝနကျောင်း (ဂိဇ္ဈကုဋ်တောင်ခြေ၌ ရှိ၏။)
၁၆။ မောရနိဝါပကျောင်း (၎င်း)
၁၇။ လဋ္ဌိဝနုဿာနကျောင်း (၎င်း)
၁၈။ အန္ဓကဝိန္ဒကတောကျောင်း (ဂိဇ္ဈကုဋ်တောင်၏ အရှေ့မြောက် ဘက်၌ရှိ၍ သိပ္ပံနီခေါ် ချောင်းငယ်ခြားသည်။)
အာဏာစက်နှင့်ဓမ္မစက်
================
ထို့နောက် ရာဇဂြိုဟ်ပြည်တွင် သင်္ဂါယနာတင်မည့် အကြောင်းကို အဇာတသတ်မင်းကြီးအား ပြောကြားရာ “သင်္ဂါယနာတင်ပွဲကို ရဲရဲကြီး ပြုလုပ်တော်မူကြပါဘုရား။ ဒါယကာတော်မင်းမြတ်အနေဖြင့် အာဏာ စက်ဖြင့် ကူညီပါမည်။ သံဃာတော် အရှင်မြတ်တို့ဘက်မှ ဓမ္မစက်တည်
အောင် ကြိုးပမ်းတော်မူကြပါဘုရားဟု လျှောက်ထားလေ၏။ ထိုအခါ မထေရ်ကြီးတို့က “သံဃာစည်ဝေးရာဌာန အလိုရှိကြောင်း” မိန့်ကြားကြ ကုန်၏။
##ဆက်လက်ဖက်ရှုပါရန်##

