မြန်မာ့အလံများသမိုင်း
--------------------
လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစား အမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။
တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြု ခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ် အလံ များကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကိုအဝတ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံ လွှင့်ထူ သည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများ ကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မှ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက် တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံး တိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော် အလံ အဖြစ် လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမား အရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင်တွင် နဂါးကို ဂဠုန်သုတ်ဟန် ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏ အလယ်၌ ဒေါင်းရုပ်အလံ အလုပ်သမားနှင့် တောင်သူ လယ်သမား လူတန်းစားကို အခြေခံသော တံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြု ခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံ ကိုလိုနီဥပဒေ ပြု လွှတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံ က သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊ အပြာရောင်၏အဖျား၌ စက်ဝိုင်း အတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက် အထက်ထောင့် တွင် ဗြိတိသျှ ယူနီယံဂျက်အလံ အမှတ်အသား ပါရှိသောအလံကို သတ်မှတ်ပေးခဲ့သည်။
ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ပိုင်း အဖြူတွင်းက ဒေါင်းသဏ္ဌာန်ပါ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ ဘီဒီအေ အလံ ကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊ မတ်လ (၂၇)ရက် ဂျပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏ အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍ အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြု လွှတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြု ပေးခဲ့သည်။
၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အချာ အာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော် သီချင်းကို မရှိမဖြစ် လိုအပ်လာတော့သည်။ ထို့ကြောင့် တိုင်းပြည်ပြုလွှတ်တော်သည် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းအတွက် ကော်မီတီတစ်ရပ်ဖွဲ့စည်းခဲ့သည်။ ထိုကော်မီတီတွင် မူလက သဘာပတိအဖြစ် ဒီးဒုတ်ဦးဘချို ကြီးမှူး၍ အဖွဲ့ဝင်များအဖြစ် ဦးအောင်ဇံေ၀ ဗိုလ်မှူးအောင် မွန်ထွန်းရင် ဗိုလ်အောင်ကြီး ဒေါ်ခင်လှ ဆရာလှမင်း မိုင်းပွန်စော်ဘွား စဝ်စံထွန်း ဦးဇော်လွန်း ဦးဝမ်ကိုဟော တို့ပါဝင်ခဲ့သည်။ (နောင်တွင် ဦးဝမ်ကိုဟော နှုတ်ထွက်၍ ဦးငွန်းတိုးအား အစားခန့်ထား၏) ထို့နောက် မြန်မာမှုနှင့် အနုပညာဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်သော ပန်းချီဆရာကြီး ဦးငွေကိုင် နှင့် ဦးအုန်းလွင်၊ ဂီတဆိုင်ရာ ဦးဘသန်းနှင့် ဒဂုန် ဆရာတင်၊ အသံလွှင့်ဌာနမှ ဦးခင်ဇော်နှင့် ဦးထင်ဖတ်တို့ကို ဖြည့်စွက်ခန့်ထားပြီးနောက် အတိုင်ပင်ခံအဖြစ် ဦးသိန်းဟန် (ဆရာဇော်ဂျီ)ကိုလည်း ထည့်သွင်းခဲ့ပေသည်။
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။
ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။
စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။
အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။
နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။
ကိုးကား - မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်
- မှတ်စုကြမ်း #SwamHtet #Kyawnge




+12

