သီတင်းကျွတ်လပြည့်နေ့ဟာ အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တဲ့နေ့..အဘိဓမ္မာ အခါတော်နေ့ဖြစ်တယ်...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့် နေ့တစ်နေ့ ဖြစ်တယ်။
ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းတွေများစွာဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။
အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီးပြီးဆုံးတဲ့နေ့ဖြစ်တယ်။
ဒါကြောင့် “အဘိဓမ္မာအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။
အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တယ်။
ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး
အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။
အဘိဓမ္မာ(၇)ကျမ်းကို ချဲ့ဖွင့်ပြီးနတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့အဘိဓမ္မာ တရားတော်ကြီးကို သုံးလပတ်လုံး ဟော
ကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး သိကြတယ်။
ဒီကနေ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့နေ့လို့ ပြောရမှာဖြစ်တယ်။
ဒါလည်း ထူးခြားချက်တစ်ခုလို့ ဆိုရမယ်။ ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ
ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့
ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။
နေ့စဉ်လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေးခဲ့တယ်။
ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်ဉာဏ်ပညာ အလွန်ကြီးမားတယ်။
မြတ်စွာဘုရားအကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကိုမိမိရဲ့ ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကိုထပ်ဆင့်ဟောကြားခဲ့တာ။
အဲဒီ အဘိဓမ္မာတရားတွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။
ဆိုလိုတာကအဘိဓမ္မာတရားတော်သည်နတ်ပြည် မှာဟောတဲ့အဘိဓမ္မာတရား။
လူ့ပြည်မှာ ရှင်သာရိပုတ္တရာ၊ဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်။
အဲဒီ အဘိဓမ္မာဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ မှာတပြိုင်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။
စတင်ပြီးဟောတဲ့နေ့ကို “အဘိဓမ္မာအခါတော်
နေ့”လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင်စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံဟောရခဲ့သေးတာ မဟုတ်သေးဘူး။
အခုလိုနောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင်တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်တာက ပိုပြီးသဘာဝကျတယ်။
များသောအားဖြင့် မှတ်တမ်းတွေထဲမှာမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်။
အသံမစဲဟောတယ်ပေါ့လေ။
အဘိဓမ္မာတရားတော်ကိုပဲဟောတယ်လို့ အများက သိနေကြသော်လည်းရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်းရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရသိရှိရတယ်။
အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့တရားတွေ ရှိတယ်ဆို တာ လောမသကယဘဒ္ဒေကရတ္တ သုတ္တန်ဆိုတာ ရှိတယ်။
အဲဒီဘဒ္ဒေကရတ္တသုတ်အရ အဘိဓမ္မာတရား ဟောတုန်းက ကိုယ် တိုင် နာခဲ့တဲ့ စန္ဒီနနတ် သားကရှင်လောမသကဂိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကိုလျှောက်ထားဖူးတယ်။
အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး
အဘိဓမ္မတရားဟောတယ်လို့ ယေဘုယျအားဖြင့်
ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကိုကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက်သုတ္တန် တရားများကိုလည်း ထည့်သွင်းဟောကြားတယ်လို့ ဒီလိုမှတ်သားသင့်တယ်။
အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထ
တရားလေးပါးကို အခြေပြုတယ်။
သို့သော် အခြေပြုတဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်းမြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။
အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇)ကျမ်းမှာ
အကျယ်ဆုံးကျမ်းဟာ “အနန္တနယသမန္တ ပဌာန
”လို့ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။
မြန်မာပြည်မှာ ပဋ္ဌာန်းစာအုပ်ကို ပေယျာလ
မြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့(၅)အုပ်ပဲရှိတာ။
တကယ်ကတော့ ပေယျာလမမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုတ်ဖော်ပြီးစာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။
အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သားကြရတယ်။
လောကမှာ ရှိသမျှအကြောင်းတရားတွေကို
ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။
အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ်။
တနည်းအားဖြင့် ပြောရမယ်ဆိုရင် “အဘိ
” ဆိုတာအလွန်လေးနက်တဲ့။ဓမ္မဆိုတာ သဘာဝတရားဓမ္မများလို့ ဆိုလိုတယ်။
သာမန်ပုဂ္ဂိုလ်တွေက“ငါ၊သူတစ်ပါး၊ ယောက်ျား
၊ မိန်းမ”ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ်။
အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ်၊ပိုပြီးပြည့်စုံတယ်။
သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ်။
အဘိဓမ္မာကတော့စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲ“ဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ”ဆိုတာကို ရှင်းပြတယ်။
သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ်။
အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီကနည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ်။
ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။
“အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တထရေပ်ပဘ
ဝေါ” အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
“ဝါစနာမဂ္ဂ” ပို့ချတဲ့အစဉ်(သို့မဟုတ်) အဘိဓမ္မာ
လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်။
လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ်။
နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။
အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်
စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု #khinsandarsoehtut

