ခေါင်းချင်းချိတ်အမွှာ Locked Head Twins

ဗဟုသုတ အနေဖြင့် ထပ်ဆင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ် ။ ပုံများကို ဆေးပညာဗဟုသုတ အလို့ငှါ အင်တာနက်မှ ရယူထားပါတယ် ။ ဒီလိုအဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့လို့ ဆုတောင်းပာတယ် ။😞 🙏🙏🙏

ကျန်းမာရေးပညာပေးအနေနဲ့များများရှယ်ပေးစေချင်ပါတယ်

ဆေးပညာရဲ့ standard procedure အရ အမေနဲ့ ဒုတိယကလေး အသက်ရှင်ကယ်တင်နိုင်ဖို့ ပထမ မွေးကင်းစ ကလေးကို ခေါင်းဖြတ်လိုက်ရမယ်ဆိုရင်............
ဆန္ဒပြခံရဦးမလား၊ ဒါမှမဟုတ် ဆေးရုံမီးရှို့ခံရဦးမလား တွေးမိတယ်။

မနေ့က ကိုစိုင်းဆိုသူတစ်ယောက် တင်ထားတဲ့ Post တစ်ခု ဖတ်ရပါတယ်..........

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရွာတစ်ရွာမှ အသက် ၄၅ နှစ်အရွယ် မိခင်တစ်ယောက် အမွှာကလေး မွေးရာမှာ ပထမကလေး ဆုံပိုင်း (ခြေထောက်က စမွေး) နဲ့ မွေးပါတယ်။ ခြေထောက်နဲ့ ကိုယ်ထည်မွေးဖွားနိုင်ပြီး ခေါင်းမထွက်နိုင်တဲ့အတွက် ဆိုင်ရာ ဆေးရုံကို လွဲပြောင်းကုသဖို့ စီစဉ်နေစဉ် အချိန်လွန်ပြီး ပထမကလေး၊ မမွေးသေးတဲ့ ဒုတိယကလေးနဲ့ မိခင်ပါ အသက်ဆုံးရှုံးသွားတဲ့ အကြောင်းအရာပါ။

ဖြစ်စဉ်ကို ဆေးပညာအရ အရင်ရှင်းပြပါမယ်။

အမွှာကလေး သားအိမ်မှာရှိစဉ် ရှိနေတဲ့ ကလေး ၂ယောက်ရဲ့ အနေအထားပါ။ တစ်ယောက်က ခေါင်းပိုင်းအောက်စိုက် တစ်ယောက်က ခြေပိုင်းအောက်စိုက် အင်္ဂလိပ် အက္ခရာ 69 အနေအထားပါပဲ။ (ခေါင်းခေါင်6း6 ဒါမှမဟုတ် ခြေခြေ99 ဖြစ်နေရင် ဒီလို အဖြစ်မျိုး မဖြစ်နိုင်ပါ)

ခေါင်းပိုင်း 6 အနေအထားရှိနေတဲ့ ကလေးက အရင်မွေးမယ်၊ ဆုံပိုင်း ခြေထောက်အောက်စိုက်နေတဲ့ 9 ကလေးက နောက်မှ မွေးမယ်ဆိုရင် သိပ်ပြဿနာ မရှိပါဘူး။

အကယ်၍များ ခြေထောက် အောက်စိုက်နေတဲ့ 9 ကလေးက အရင်မွေးပြီဆိုရင် အလွန်အန္တရာယ် ကြီးသွားပါပြီ။

(အမွှာမဟုတ်တဲ့ တစ်ယောက်တည်း သန္ဖေသား (single foetus) ဆိုရင်တောင် ခြေထောက်က စမွေးတဲ့ (ဆုံပိုင်းမွေး) ကလေးဟာ ကိုယ်ထည်ထွက်လာပြီး မကြာခင် ပြင်ပလေ အပူချိန် စတာတွေကြောင့် အသက်စရှုပါပြီ၊ ဒါကြောင့် ကိုယ်ထည် ထွက်လာရင် ရေနွေး အဝတ်လေးများ ပတ်ထားပေးရပါတယ်၊ ခေါင်းမထွက်လာမချင်း အသက်စမရှုစေချင်လို့ပါ။ မွေးလမ်းကြောင်း အရည်များ ရှုမိပြီး အဆုတ်ထဲ ဝင်သွားမှာ စိုးရိမ်ရတဲ့အတွက်ပါ။ တချိန်တည်းမှာပဲ ဦး ခေါင်းကို အမြန်ဆုံးမွေးအောင် လုပ်ဆောင်ရပါတယ်။)

အခု ဖြစ်စဉ်မှာ ပထမကလေးကဆုံပိုင်း (9) အနေနဲ့ မွေးလာတယ်၊ ဒုတိယကလေးက ခေါင်းပိုင်း (6) အနေလည်း ရှိနေ ဖြစ်နေတဲ့အခါ မွေးလမ်းကြောင်းမှာ ကလေးခေါင်းနှစ်လုံး မေးစိချင်းချိတ်ပြီး ဘယ်လိုမှ မွေးမရတော့ပါဘူး။

ဒါကို ဆေးပညာမှာ Locked twins လို့ခေါ်ပါတယ်။

မေးချင်းချိတ်နေလို့ ပထမကလေး မထွက်နိုင် အချိန်ကြာတာနဲ့အမျှ ပထမကလေး အသက်မရှင်နိုင်၊ တဆက်တည်း ဒုတိယကလေးနဲ့ မိခင်ပါ အသက်ဆုံးရှုံးသွားနိုင်ပါတော့တယ်။

အခုဖြစ်စဉ်ဟာ ဒီအတိုင်း ဖြစ်ခဲ့တာပါပဲ။

ဆေးရုံ ဆေးခန်းမှာ ကိုယ်ဝန်ဆောင်စဉ် ပြထားတဲ့အတွက့်  မမွေးခင် အစကတည်းကသိရင် ဓမ္မတာအတိုင်း Normal Labour မမွေးရပါဘူး၊ အချိန်မှီ ခွဲစိတ် မွေးရပါတယ်။

မသိလို့ လက်လှမ်းမမီလို့ အိမ်မှာမွေးမိရင် တစ်လစ်တန်းလန်း အနေအထားနဲ့ ပြဿနာ ကြီးမှ ဆေးရုံပို့ရတဲ့ အဖြစ်ဖြစ်ရတော့တာပါပဲ။

ကောင်းပါပြီ၊ ဆေးရုံကို ရောက်လာရင် ဘာတွေ လုပ်ကြမှာလဲ၊

Locked မေးချင်းချိတ်နေတဲ့အတွက် ပထမကလေးဟာ ဘယ်လိုမှ ဆက်မမွေးနိုင်တော့ပါဘူး။ သေချာပေါက် ဆုံးရှုံးရပါတော့မယ်။
အိမ်မှာမွေးပြီး တစ်လစ်တန်းလန်း ဖြစ်နေမှ ရောက်လာတာမို့ အချိန်လွန်ပြီး ကလေးသေဆုံးပြီးသား ဖြစ်နေတတ်ပါတယ်။

ဒုတိယကလေးနဲ့ မိခင် အခြေအနေကိုကြည့်ပြီး အမြန်လှုပ်ရှားရပါတယ်။

၁.မိန်းမကိုယ်က ဓမ္မတာအတိုင်း Normal Labour နဲ့ မွေးမယ်ဆိုရင်..

ပထမကလေးရဲ့ခေါင်းကို ကြိုးလွှ.နဲ့ ခေါင်းကို ဖြတ်ရပါတယ်။ ကြိုးလွှမရှိရင် ရှိတဲ့ပစ္စည်းတစ်ခုကို ဂစ်တာ ကြိုး no 1 စတာတွေ သုံးရပါတယ်။

ပထမကလေးခေါင်းကို မွေးလမ်းကြောင်းထဲ ပြန်ထိုးထည့်လိုက်ပြီး ဒုတိယကလေးကို ခေါင်းပိုင်းက မွေးယူရပါမယ်။

ဒုတိယကလေးကို မွေးပြီးတဲ့အခါ မွေးလမ်းကြောင်းထဲ ကျန်နေတဲ့ ပထမကလေးရဲ့ ခေါင်းပိုင်းကို စမ်း. ပါးစပ်ပေါက်ထဲ လက်၂ချောင်းထည့်ပြီး ဆွဲထုတ်ရပါမယ်။

ဒါမှမဟုတ်

၂။ တစ်လစ်တန်းလန်းအနေအထားမှာ အရေးပေါ် ခွဲစိတ်မွေးမယ်ဆိုရင် သားအိမ်ထဲက ဒုတိယ ကလေးကို ခွဲစိတ် မွေးရမှာ ဖြစ်ပါတယ်။ သားအိမ်အထိ ခွဲစိတ်ပြီးတာတောင် ကလေးကို ဆွဲထုတ်ရာမှာ မွေးလမ်းကြောင်းထဲမှာ ပထမကလေးရဲ့ ခေါင်းနဲ့ မေးချင်းချိတ်နေတဲ့အတွက် ဆွဲထုတ်မရပါ.။

ဒိအတွက် ပထမကလေးခေါင်းကို ဖြတ်တောက်ရပါတယ်။
ဒုတိယကလေးဆွဲထုတ်၊ ပထမကလေး ခေါင်းကိုထုတ်၊ အောက်မှာတပိုင်းတစ်စ ထွက်နေတဲ့ဒုတိယကလေးရဲ့ကိုယ်ထည်ကတော့ အပြင်မှာ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားပါပြီ။

ဆိုလိုချင်တာက ဒီလို Locked Twin ဖြစ်ပြီဆိုရင် အသက်ရှင်နိုင်မယ့် ဒုတိယကလေးကို အောက်ကပဲမွေးမွေး ခွဲထုတ်မွေးမွေး တစ်လစ် တန်းလန်း ဖြစ်နေတဲ့ ပထမကလေးကိုတော့ ခေါင်းဖြတ်ပစ်ရတယ်ဆိုတာပါပဲ။

မမွေးနိုင်လို့ ဆေးရုံရောက်လာတဲ့အခါ အခြေအနေအရ ဒုတိယကလေးနဲ့ မိခင်အသက်လုဖို့အတွက် standard procedure အတိုင်း ပထမကလေးခေါင်းကို ဖြတ်ရမယ်ဆိုရင်

"ပညာမျက်စိ မြင်မရှိ၍ မသိတရား အယူမှားလျှက် စီးပွားမမြော် ကျိုးမပေါ်သား သူတော်မဟုတ် ယုတ်သည့်စရိုက် လူသူမိုက်" တွေက ရေးကြ ပြောကြ ဆန္ဒပြကြဦးမယ်ထင်ပါတယ်။

မိတ်ဆွေများ ဗဟုသုတအနေနဲ့ သိထားစေချင်တာရယ်။ အမွှာကိုယ်ဝန်ဟာ အလွန်အန္တရာယ်ရှိတာမို့ ဆေးရုံဆေးခန်းမှာ မွေးစေချင်တာရယ်..

နောင်မှာ ဒီလိုအဖြစ်မျိုးကြောင့် မွေးကင်းစကလေး ခေါင်းဖြတ်ရတယ်ဆိုရင် သေသေချာချာ မသိတဲ့ ယုတ်သည့်စရိုက် လူသူမိုက်တွေ ဆဲကြဆိုကြတာတွေ မကြားလိုတဲ့အတွက် ရေးသားပါတယ်။

မူရင်းတင်သူမှာ ဓါတ်ပုံတွေ တင်ထားတဲ့အတွက် မဖော်ပြတော့ပါ။
Crd Maung Maung Myint
Via: Dr Kyaw Thet Soe Page

#DrLoikaw
#KnowYourBodyEasily

image
image
image