ယုံကြည်ရာ
----------
မှတ်မိသေးတယ် ကျနော်ဆယ်တန်းတုန်းက မိဘကိုဒုက္ခမပေးချင်တာနဲ့ မဖြစ်မနေတက်ရမယ့် ဝိုင်းကျူရှင်တွေကလွဲလို့ တော်တော်များများဘာသာရပ်တွေကို ၁လအခမဲ့ ကြော်ငြာသင်ပေးတဲ့ ဆိပ်ကမ်းသာလမ်းက ဆရာတွေဆီလိုက်တက်တယ်🤗🤗🤗

ပညာဒါနသင်တန်းလို့ခေါ်တယ်... မိဘတွေက ရိုးသားတဲ့ ဝန်ထမ်းတွေ ပိုက်ဆံမရှိဘူး အဖေဆို နယ်မှာအနှစ်သုံးဆယ်တိတိ တာဝန်ထမ်းရတာ ရန်ကုန်ပြောင်းဖို့ အထက်လူကြီးကိုမဖါးချင်လို့ဆိုပြီး ပေကပ်ပြီးကိုနေတာ 😁😁😁

ဓာတုဗေဒကိုတော့ အမေ့ဆီမှာ ညညထမင်းစားပြီးရင် သင်ယူရတယ်... သင်္ချာကအမေ့တပည့်ဆီ သွားသင်ရတယ် ငွေအပိုကုန်မှာစိုးလို့

ဒီလိုနဲ့ စာမေးပွဲကြီး ဖြေပြီးလို့ အမှတ်စစ်ချိန်ရောက်လာပါလေရော... အမေက တက္ကသိုလ်ဆရာမမို့ အသိတွေကတဆင့် ကျနော့်အခြေအနေစုံစမ်းတယ်

တနေ့တက္ကသိုလ်ကအပြန် အမေမျက်နှာမကောင်းဘူး ကျနော့်ကိုအားနာတဲ့အကြည့်တွေနဲ့ "သား ကြည့်ပေးတဲ့လူကပြောတယ် ဓာတုဗေဒကျတယ် အဲ့တာအောင်အောင်လုပ်ပေးရမလားတဲ့ အမေဘာပြန်ပြောလိုက်ရမလဲ"လို့ တိုးတိုးလေးကြိတ်မေးတယ်... သူရှက်မှာပေါ့ သူကိုယ်တိုင်အိမ်မှာသင်ပေးတဲ့ ဘာသာရပ်လေ

ကျနော်ရုတ်တရက်တွေသွားတယ် သေချာပြန်စဉ်းစားကြည့်တယ် ပြီးတော့ ဟားတိုက်ရီပလိုက်တယ် အမေကကြောင်ကြည့်နေတယ် "အမေ သားဖြေခဲ့တာသားသိတယ် ဘာမှမလုပ်နဲ့ ကျဖို့အဝေးကြီး"လို့

တပတ်လောက်ကြာတော့ အမေဝမ်းသာအားရ ပြန်လာပြောတယ် "သားရေ အဲ့လူကပြန်ပြောတယ် ခုံနံပါတ် ဆဗထ-၈၆၉ကို ၆၈၉နဲ့မှားကြည့်လို့ပါတဲ့... သိပ္ပံဘာသာတွဲမှာ အမှတ်ပြည့်ထက် ၄မှတ်ပဲလျော့တယ်တဲ့

အောင်စာရင်းထွက်ခါနီးတော့ အဲ့လူကတစခန်းထ,လာပြန်တယ် "သား ဘာသာစုံဂုဏ်ထူးရဖို့ အင်္ဂလိပ်စာ ၁ဘာသာလိုနေတယ် လုပ်မလား"လို့မေးတယ်တဲ့... ကျနော်ပြုံးပြုံးလေး ပြန်ပြောလိုက်တယ် "အမေ သားအရည်အချင်းနဲ့သားနေပါရစေ တဘဝလုံး ရှက်မနေချင်ဘူး"လို့

အောင်စာရင်းထွက်တော့ ကျနော်ဘာသာစုံဂုဏ်ထူး... အဲ့ခေတ်က ကျနော်သိရသလောက် ဘာသာစုံထွက်တာ ၁၇ယောက်ပဲရှိတယ်... လုပ်ခဲ့တာလားလို့ သံသယရှိရင် ကျနော့်အမှတ်က တနိုင်ငံလုံးအဆင့် ၁-၁၀... ပွဲစားတွေဂျင်းလာထဲ့ကြတာ ပြောပါတယ်😂😂😂

ကျနော်ပြောချင်တာက ယနေ့ တက္ကသိုလ်ဝင်တန်းအောင်တဲ့မောင်မယ်တွေ မိမိတို့ရမှတ် ရလဒ်များ မျှော်မှန်းထားတာထက်နည်းခဲ့ရင် ဝမ်းမနည်းပါနဲ့... ဒါဟာမင်းတို့ အရည်အချင်း စစ်စစ်ပါ

ဘဝမှာ ဆရာဝန် အင်ဂျင်နီယာလုပ်မှ ရှင်သန်နိုင်တာ ဂုဏ်ရှိတာမဟုတ်ပါဘူး ဥပမာ- ကျနော့်ခေတ်က တနိုင်ငံလုံးအဆင့်တစ်က အခုကား Showroom ဖွင့်နေတယ်... ကျနော်ကဆရာဝန်တက်ရင်းက Pilot ပြောင်းသွားတယ်... နံပါတ်-၇က ကနေဒါမှာ ကွန်ပျူတာပညာရှင်

မိဘတွေကလည်း သားသမီးတွေကို ဖိအားမပေးပါနဲ့... "သူတို့အရည်အချင်းစစ်စစ်နဲ့ ယုံကြည်ရာလမ်းကို ဂုဏ်ယူစွာဖြတ်သန်းနိုင်ပါစေ"လို့❤️❤️❤️

Credit to original author 👍
#ချစ်ခြင်းအားဖြင့် https://www.facebook.com/aungpoaviator/
https://m.facebook.com/hansaymanufacturing/
https://www.facebook.com/blueskiesaviationmm/
Aung Po
၁၁-၆-၂၀၁၉

image