အအေးမိ နှာစေးနေပြီဆိုရင် . . .
..............................................

ရာသီအကူးအပြောင်းကို ကိုယ်မေ့နေရင်တောင် ကိုယ့်ခန္ဓာကိုယ်က မမေ့တာ ပုံမှန်ပါ။ ခုလို အပူရှိန် ပြင်းပြင်းနွေရာသီအဆုံးနဲ့ စိုစွတ်အေးမြမယ့် မိုးရာသီ အစမှာ သင်တို့ခန္ဓာကိုယ်တွေကို ကျန်းမာရေးသုခနဲ့ လိုက်ဖက်ညီအောင် နေတတ်ဖို့ အရေးကြီးပါလိမ့်မယ်။ နွေရာသီတစ်ခုလုံး ချွေးတလုံးလုံးနဲ့ နေလာခဲ့ရာကနေ မိုးရေစက်တွေနဲ့အတူ မိုးငွေ့မကင်းတဲ့လေအေးတွေက သင်တို့ ခံနိုင်ရည်စနစ်ကို တံခါးခေါက်လာပါလိမ့်မယ်။
ဒီအချိန်မှာ သင်ဟာ နှာရည်ကျတယ်၊ ချောင်းဆိုးတယ်၊ နှာမွှန်ပြီး အသက်ရှူရခက်တယ် စတာတွေ ခံစားနေရပြီဆိုပါစို့။ သင်ကိုယ်တိုင် အအေးမိတာလား၊ ဓာတ်မတည့်တာတစ်ခုခုများ ရှူမိ၊ စားမိ၊ ထိတွေ့မိလို့လားဆိုတာ ဆန်းစစ်ရပါတော့မယ်။ တစ်ခါတလေ တော့လည်း ဆရာဝန်ကိုယ်တိုင်တောင်မှ ပြောရခက်တဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် ဗဟုသုတတွေကို ဝေမျှပေးပါမယ်။
အအေးမိခြင်းဆိုတာဟာ အမျိုးအစားများစွာသော ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီဗိုင်းရပ်စ်တွေထဲက တစ်မျိုးဟာ သင့်ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး သင့်ရဲ့ခုခံအားစနစ်ကို အနှောင့်အယှက်ပေး တိုက်ခိုက်ပါတယ်။ အဲဒီအခါ ဗိုင်းရပ်စ်ပိုးနဲ့ ခုခံအားစနစ်တို့ရဲ့တိုက်ပွဲကြောင့် အအေးမိခြင်းရဲ့ လက္ခ ဏာတွေဖြစ်ပေါ်ခံစားရခြင်း ဖြစ်ပါတယ်။ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းတွေဟာ အအေးမိခြင်း ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အအေးမိစေတဲ့ပိုးမွှား တွေဟာ ကူးစက်လွယ်ပါတယ်။ အအေးမိ ဗိုင်းရပ်စ် ပိုးဝင်နေသူ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်းကနေ အခြားသူများဆီကို ကူးစက်နိုင် ပါတယ်။ ရက်သတ္တ နှစ်ပတ်လောက်အကြာမှာတော့ သင့်ရဲ့ခုခံအားစနစ်က အအေးမိစေတဲ့ဗိုင်းရပ်စ်တွေကို ရှင်းထုတ်ပစ်နိုင်ပြီး ခံစားနေရတဲ့လက္ခဏာတွေကို ရပ်တန့်စေပါတယ်။ အအေးမိခြင်းကို ကာကွယ်ဖို့
အအေးမိခြင်းမှ ကာကွယ်ရန်ကတော့ အအေးမိ ဖျားနာနေတဲ့ သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။ လက် မကြာခဏ ဆေးပါ။ မိမိမှာ အအေးမိခြင်းဖြစ် နေရင် တခြားသူတွေ မကူးစက်အောင် ချောင်းဆိုး၊ နှာချေရင် လက်ကိုင်ပဝါ (သို့) တစ်သျှူး (သို့) လက်ဖမိုး (သို့) လက်ဖျံဖြင့် ကာ၍ ဆိုးပါ၊ ချေပါ၊ ပြီးရင် လက်ဆေးပါ။ အအေးမိခြင်းရော၊ ဓာတ်မတည့် ခြင်းအတွက် ချက်ချင်း လုံးဝပျောက်ကင်းစေတဲ့ဆေး မရှိပါဘူး။ ခံစားနေရတဲ့လက္ခဏာတွေ သက်သာစေ တဲ့ နည်းလမ်းတွေ၊ ဆေးတွေပဲ ရှိပါတယ်။ အရှင်း ပျောက်ဖို့ကတော့ အချိန်တစ်ခုလိုပါတယ်။

#vitadhaadult
#cold