ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့သူ
-------
“လောကမှာ ရှိရှိသမျှ ယောက်ျားတွေက လူလိမ်ချည်းပဲ။ မိန်းမတွေကတော့ အလိမ်ခံကြရသူတွေပေါ့။ မတူတာက ပျော်ရွှင်ချမ်းမြေ့ရတဲ့မိန်းမက သူ့ကို တစ်သက်လိမ်တဲ့လူနဲ့ တွေ့ခဲ့ပြီး ကံမကောင်းတဲ့မိန်းမက သူ့ကို တခဏတာလိမ်တဲ့လူနဲ့ တွေ့ခဲ့လို့ပေါ့. တဲ့။ မနေ့က ဒီလိုစာစုတစ်ခုကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရတယ်။ လောကမှာ များများလိမ်တဲ့သူများလား.. နည်းနည်းလိမ်တဲ့သူများလား Amy..”
ပထမဆုံးပြောချင်တာက ဒီလိုအပြောက ယောက်ျားတွေအပေါ် မတရားဘူးဆိုတာပဲ။ လောကမှာ ယောက်ျားချည်းပဲ လိမ်တတ်တာ မဟုတ်ဘူး။ မိန်းမတော်တော်များများလည်း လိမ်တတ်တာပဲ။ ဥစ္စာဓနအလိမ်ခံရတဲ့ယောက်ျားတွေ ဒုနဲ့ဒေး၊ ကာမအလိမ်ခံရတဲ့ ယောက်ျားတွေလည်း မနည်းဘူး။ ကာမအလိမ်ခံရတဲ့ယောက်ျားကတော့ သူအလိမ်ခံလိုက်ရပါတယ်လို့ ပြောထွက်ကြမှာ မဟုတ်ဘူး။ ဥစ္စာဓနရော၊ ကာမရော အလိမ်ခံရတဲ့ယောက်ျားရှိမရှိတော့ ကျွန်မ မပြောတတ်ဘူး။ တကယ်လို့ ယောက်ျားတစ်ယောက်ဟာ ဥစ္စာလည်းရှိ၊ တောင့်တောင့်ဖြောင့်ဖြောင့်လည်းဖြစ်တယ်ဆိုရင် ဘယ်မိန်းမက သူ့ကို လိမ်ရက်မလဲ… ချစ်တောင် ချစ်မဝဖြစ်ဦးမယ်။
မိန်းမတွေ အလိမ်ခံကြရတယ် တဲ့။ ယောက်ျားတွေလည်း ထိုနည်းလည်းကောင်းပဲလေ။ အလိမ်ခံရချိန်မှာ အားလုံးက ဒါကို အချစ်လို့ ထင်ခဲ့ကြတာပဲ မဟုတ်လား…
နှစ်ယောက်သား တစ်သက်တာ အတူလက်တွဲရရင် ဒါဟာ ထာဝရပဲလေ။ ထာဝရဆိုတာ ဘာလဲလို့ ထပ်မမေးနဲ့တော့ပေါ့။ အဲဒီလိုပဲ တစ်သက်တာ အလိမ်ခံရရင် ဒါဟာ လိမ်တာမဟုတ်ဘူး။ တချို့အရာတွေကို သင်ဘယ်တော့မှ နားမလည်နိုင်ပါဘူး… ဒါကို လိမ်တယ်လို့ ပြောလို့ရနိုင်ပါ့မလား…
မျက်စိနဲ့မြင်ရတာကိုပဲ ကျွန်မတို့ ယုံကြည်တယ်။
အချိန်ကိုပဲ ကျွန်မတို့ ယုံကြည်တယ်။
လူဆိုတာ ရှုပ်ထွေးတဲ့ရုပ်ဝတ္ထုပါ။
Little Reunions ဆိုတဲ့စာအုပ်ကို ကျွန်မဖတ်နေချိန် ခေါင်းမူးနောက်သွားခဲ့ဖူးတယ်။ အသိဉာဏ်ထက်မြက်တဲ့ စာရေးဆရာမ Eileen Change တောင် လူလိမ်လူညာကို ချစ်ခဲ့ဖူးပါလားလို့ ကျွန်မကြေကွဲခဲ့ရတယ်။
ဒီလောကမှာ လူလိမ်ကြီးတွေများသလား…
လူလိမ်လေးတွေများသလားလို့ သင်မေးတယ်…
ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်လိမ်နေကြသူတွေပေါ့။
ကျွန်မတို့ဟာ ကိုယ်ကိုယ်တိုင်ရဲ့ လူလိမ်လေးတွေဖြစ်သလို
ကိုယ်ကိုယ်တိုင်ရဲ့ လူလိမ်ကြီးတွေလည်းဖြစ်တယ်။
လူက ကိုယ့်ကိုယ်ကိုယ် အလိမ်တတ်ဆုံးပဲလေ မဟုတ်လား..
ကိုယ့်ကိုယ်ကိုယ်လိမ်တာကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါပဲ။
ပျော်ရွှင်တဲ့လူလိမ်က ကိုယ့်ကိုယ်ကိုယ်တစ်သက် လိမ်တယ်။
အဲဒီနောက် ကိုယ့်အလိမ်ကို ကိုယ်ပြန်ယုံသွားကြတယ်။
မပျော်ရွှင်တဲ့လူလိမ်က ကိုယ့်ကိုယ်ကိုယ် ခဏတာလိမ်တယ်။
အတွင်းစိတ်ထဲမှာတော့ နိူးကြားနေတယ်။
ကိုယ့်ကိုယ်ကိုယ်လိမ်လို့ မရမှန်း သူတို့သိတယ်။
အချစ်ကမ္ဘာမှာ လူလိမ်လေးတစ်ယောက်ဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မဟာ အရမ်းကောင်း၊ အရမ်းချစ်တတ်၊ အရမ်းနူးညံ့ပြီး အရမ်းအားပျော့လို့ သူရဲ့ကာကွယ်စောင့်ရှောက်မှုကို လိုအပ်ကြောင်း ကျွန်မကိုချစ်တဲ့လူကို ကျွန်မလိမ်ချင်တယ်။ အဲဒီနောက် ကျွန်မချစ်တဲ့သူနဲ့ ကျွန်မကိုချစ်တဲ့သူတွေဟာ ကျွန်မရဲ့ဒီဘဝမှာ အကောင်းဆုံးလက်ဆောင်တွေပဲဆိုတာ ကျွန်မကိုယ် ကျွန်မလိမ်မယ်။
ဒီလိုဆိုရင် ကျွန်မ ဘာကိုမှ အကြွေးမတင်တော့ဘူးလေ….
.
မူရင်းရေးသားသူ -- Amy Cheung
.
#နိုင်းနိုင်းစနေ #lie

