🖍#တရားကျင့်တယ်ဆိုတာ?
★ တရားဆိုတာ တရားကျင့်တယ်ဆိုတာ ဒီလိုငုတ်တုတ်ထိုင်နေမှ တရားကျင့်တာ မဟုတ်ဘူး။ ကိုယ်ထိုင်ချင်သလိုထိုင် နေချင်သလိုနေ တွေးကြည့်၊ တွေးပြီးဆင်ခြင်သုံးသပ်တာ တရား။ တရားဆိုတာ မနောကံ။ မနောကံ လုပ်တာကိုပဲ လူတွေက အမျိုးမျိုးထိုင်နေကြတယ်။ ထိုင်တာ အဓိကမဟုတ်ဘူးဆိုတာ သတိထားဖို့ လိုအပ်တယ်။
★ မထိုင်နိုင်ဘဲနဲ့ ပေထိုင်နေ ဒေါသတွေဖြစ်နေ အဲဒါ ငရဲကြီးနေမှာပဲ အကုသိုလ်ဖြစ်နေတာပဲ အဲဒါ။ ဒေါသဖြစ်နေရင် ငရဲပဲလေ။ အဲဒါ အကုသိုလ်ပဲလေ ကုသိုလ်မှ မဟုတ်တာ တရားထိုင်ရင်း အချိန်မစေ့သေးဘူးလားဆိုပြီး မျက်စိခဏခဏ ဖွင့်ကြည့်နေ ဘယ်လိုလုပ် ကုသိုလ်ရမလဲ မရဘူး။ တရားထိုင်ရင်း အိပ်ပျော်သွားလည်း ကုသိုလ် မရဘူး။
★ အဲတော့ တရားဆိုတာကို မှတ်ထားဖို့ရာ တရားဆိုတာ စိတ်အလုပ်။ စိတ်ဆိုတာ စိတ်ထဲက ပါနေမှာဖြစ်တာ၊ စိတ်ကပါနေမှ ဖြစ်တာ။ အဲတော့ စိတ်နဲ့ လုပ်ရသည့်အလုပ်ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကာယအနေနဲ့ ဘယ်လိုပဲနေနေ ကိုယ်ချမ်းသာသလို နေပြီးတဲ့အခါကြတော့ အမှန်အကန်တွေးတော ဆင်ခြင်တတ်ဖို့လိုတယ်။
★ အေး ငါတို့ဘ၀မှာ ငါ ကုသိုလ်ဘယ်ခါလုပ်ရလဲ အလှူဒါန ဘယ်နှစ်ခါလှူဘူးပြီလဲ တွေးမယ်။ ကိုယ့်ပစ္စည်း သူများပေးတာ မှန်သမျှ အလှူပဲ၊ လာဘ်ထိုးလို့ ပေးတာမျိုးကလွှဲရင်ပေါ့။ ကျန်တာက အလှူတွေကြည့်ပဲ။ တိရစ္ဆာန်ကျွေးတာကစပြီး အလှူပဲ။ အဲဒါ ဘယ်နှစ်ခါ လှူဘူးလဲ?
★ လှူပြီးခဲ့အခါမှာ ငါးပါးသီလရော ငါ ဆောက်တည်လာခဲ့တယ် အသက်ဘယ်လောက်ရှိပြီ ငါးပါးသီလရော ငါ့မှာ နေ့စဉ်လုံခြုံရဲ့လား ဆိုတာ တွေး။ အဲလို တွေးလိုက်လို့ တကယ်လုံခြုံပြီဆိုလို့ရှိရင် ၀မ်းသာအားရဖြစ်ရမယ်။ အဲဒါမှ အားကိုစရာဖြစ်တယ်။
★ လူတွေကတော့ အားကိုးစရာဆိုလို့ရှိရင် ပိုက်ဆံထုပ်ကြီးကြည့်ပြီးတော့ ရေပြီး ငါ့ ဘယ်လောက်ရှိပြီဆိုပြီး ဒါပဲအားကိုးတာ။ ငါးပါးသီလ ငါဘယ်နှစ်နှစ်လုံပြီဆိုပြီး အားကိုးတာမှ မဟုတ်တာ။ အဲဒါကြောင့်မို့ သံသရာထဲမှာ ကြာတာလေ၊ အားကိုးတာလွဲနေတာ။
★ အဲ့ပိုက်ဆံတွေ ရွှေတွေငွေတွေ သွားအားကိုးတာ ကိုယ်ဘယ်လောက်ပဲ ရှာထားထား ဘယ်လောက်ပဲ စုထားထား ကိုယ်မျက်စိလေးနှစ်လုံး ပိတ်ထားတာနဲ့ ကိုယ်မပိုင်တော့ဘူး။ ပိုက်ဆံအသာထား ကိုယ်ဝတ်ဆင်ထားတဲ့ နားကတ်လို့ လက်စွပ်တို့တောင် ဖြုတ်ယူမှာလေ။ ဘယ်သူကမှ မပေးလိုက်ဘူး။ အကုန်ဖြုတ်ယူကြမှာ အဲတော့ ကိုယ်မပိုင်ဘူးဆိုတာ သိပ်ထင်ရှားတာနော်။
★ ဘာပဲဖြစ်ဖြစ် အကုန်လုံးဒါပဲ ဘုရားကလဲ ဒီအတိုင်းပဲဟောတာ အဲဒါ နားမပေါက်လို့သာ နေကြမှာ မြတ်စွာဘုရားက "ပဟာရ ဂမနီယ" တဲ့ အားလုံးထားသွားရမှာတဲ့ သတိထားဖို့ ထာသွားရမှာ။ ထားသွားရမယ့်အထဲက ယူသွားလို့ရတာ အခု ဒါနကောင်းမှု၊ သီလကောင်းမှု ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေဟာ ကိုယ်နဲ့အတူပါမှာ ကျန်တာတွေက အကုန်ထားခဲ့ရမှာ။
★ ဘယ်လောက်ချမ်းသာတဲ့ လူပဲဖြစ်ဖြစ် သံဝေဂရစရာကောင်းတာ ချမ်းသာတဲ့လူတွေဟာ မျက်စိနှစ်လုံး မှိတ်သွားတာနဲ့ သူရဲ့ပိုင်ဆိုင်မှုတွေအကုန်ရှင်းသွားတယ် မရှိတော့ဘူး။ ရာထူးတွေလည်း အကုန်ပြုတ်သွားတယ် မရှိတော့ဘူး။ ရာထူးလက်စနဲ့ သေတဲ့လူလည်း ရှိတယ်။ အဲတော့ ရာထူးလည်း ပြုတ်သွားပြီ။ ဘာတစ်ခုမှ သြဇာအာဏာ မရှိတော့ဘူး။
★ အားလုံးဟာ နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်ဟာ စွန့်ပစ်လိုက်ရတဲ့ အနေအထားမျိုးထိရောက်သွားတာ။ အဲဒါလည်းပဲ ကမ္မဋ္ဌာန်းပဲ။ အဲဒီလို စဉ်းစားဆင်ခြင်ပြီးတော့ ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးက အနှစ်သာရမဟုတ်ဘူး အနှစ်သာရရှိတာ ဒို့ လုပ်မှပဲလို့။ အနှစ်သာရရှိတာကို လုပ်မိဖို့ အဲဒါ အရေးကြီးတယ်။ လုပ်မိအောင်လုပ်ဖို့။
★ ဆိုလိုတာကတော့ ငွေကြေးကတော့ ရှာရမှာပေါ့။ မရှာလို့မရဘူး။ ငွေကြေးရှာတဲ့အခါ ဘယ်လိုစိတ်ဓာတ်နဲ့ ရှာမလဲ ငါတို့ ချမ်းသာအောင် နေမယ်။ မိဘတွေကို ချမ်းသာအောင် ထားမယ်။ သားသမီးတွေကို ကြီးပွားအောင်ကျွေးမွေးမယ်။ မိတ်ဆွေသင်္ဂဟတွေကို ပေးကမ်းမယ်။ ဒါနကောင်းမှု လုပ်မယ် အဲဒီရည်ရွယ်ချက်နဲ့ရှာတာ မှန်တယ်။ အဲလို မဟုတ်ဘဲ သိမ်းထားမယ် ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ မရှာရဘူး။
★ အသုံးနဲ့ရှာတာ ဟုတ်ပြီ ရှာတဲ့အခါမှာ ကိုယ့်ကိုယ်ကို အာရုံစိုက်ထားရမှာက ငါတို့ရှာသမျှပစ္စည်းသည် ငါတို့မျက်စိမမှိတ်ခင်ဘဲ ငါတို့နဲ့သက်ဆိုင်တယ်။ အဲဒီတော့ ဒီပစ္စည်းတွေက မရှာခင်ပဲ ဒို့ ရှာထားပြီးရင် မသေခင်ပဲ ဒို့ သုံးရမယ့်ပစ္စည်းပဲဖြစ်တယ်။ အဲတော့ ဒီပစ္စည်းတွေထဲက အနှစ်သာရကို ဒို့ရအောင် ကုသိုလ်ဖြစ်တဲ့ အလုပ်ကိုလုပ်မယ်လို့ အတိုင်းအတာတခုနဲ့ ကုသိုလ် လုပ်ဖို့လိုတယ်။
★ လှူရမယ်လို့ ပြောတာမဟုတ်ဘူး ဒီကိစ္စက ကုသိုလ်ဖြစ်အောင်လုပ်လို့ပြောတာ။ ကုသိုလ်ဖြစ်အောင်လုပ်တာ တနေ့တည်းနဲ့ သိန်းရာထောင်ကုန်လှူရမှာ မဟုတ်ဘူး လှူမှ အလှူဖြစ်တာမဟုတ်ဘူး။ ကိုယ့်အတိုင်းအတာနဲ့ကိုပေါ့ လူဆိုတာ အပိုငွေတွေများနေရင်လည်း လှူပေါ့၊ အပိုငွေတွေ ကိုယ့်မှာ မများဘူး၊ ကိုယ့်မှာ ရှာကြံပြီးတော့ နေ့စဉ်စားဝတ်နေရေးအတွက် လုပ်နေရတယ်ဆိုရင် အဲ့စားတဲ့အထဲကပဲ လှူ။
★ ကိုယ်စားတဲ့အထဲက တနေ့တလုတ်လျော့စားသွားရင် ဘာမှမဖြစ်ဘူး။ အဲတလုတ်လျော့စားသွားတဲ့အထဲကလှူရတယ်။ အလှူနဲ့ပတ်သတ်ပြီး လိမ္မာရေးခြားစွာ လုပ်ရမယ်ပေါ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
“အနုမောဒနာ သြ၀ါဒ (၅.ရ.၂၀၁၈ ဓမ္မသဟာယသာသနာစင်တာ)” တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
photo credit Ye Htet Act

