ပြိုင်ဆိုင်မှုဆိုတာ အတွင်းသိမ်ငယ်ကြောက်စိတ်ကနေ လာပါတယ်။
ပြိုင်ဆိုင်မှုတိုင်းဟာ အတွင်းသိမ်ငယ်စိတ်ရဲ့တုံ့ပြန်မှုပဲ။
ကိုယ့်ကိုယ်ကို အသိရှိနေသူ၊ သတိရှိနေသူ၊ ပြည့်ဝနေသူဟာ ဘာပြိုင်ဆိုင်မှုမှ မလိုအပ်ဘူး။
ပြိုင်ဆိုင်မှုဆိုတာ သတိမဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။
သတိမရှိ၊ အသိမဲ့နေတဲ့အတွက် ကိုယ့်ကိုယ်ကိုက လွဲရင် အခြားအရာအားလုံးကို မြင်နိူင်တယ်။
သတိကင်းလွတ်နေတဲ့အတွက် မိမိအတွင်းက ပြည့်ဝမှုကို မိမိကိုယ်တိုင် မေ့လျော့တယ်။
အဲ့ဒီတော့ အခြားအရာတွေမှာပဲ သူက ဆန္ဒတွယ်ငြိနေတတ်တာဖြစ်ပါတယ်။
တစ်ခုခုကို အောင်မြင်မှုရဖို့၊ သိမ်းပိုက်ဖို့ကိုပဲ အမြဲတမ်း အားထုတ်နေတတ်တာဖြစ်ပါတယ်။
အချိန်ရှိသမျှကို တွန်းထိုးတိုက်ခိုက်နေတတ်တာဖြစ်ပါတယ်။
ဒါပေမယ့် သူ့အတွင်းမှာတော့ ဆင်းရဲမွဲတေနေအုံးမှာပါပဲ။
ဘဝတစ်ခုလုံး ကုန်သွားရင်တောင် သူ့အတွင်းမှာ ကြွယ်ဝမှု ခံစားချက်က ပျောက်ဆုံးနေပါလိမ့်မယ်။
ဘယ်တော့မှပြည့်ဝလာမှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ကိုယ်သူ အသိဖို့ကိစ္စကို သတိကင်းလွတ်နေတာကိုး။
ဒီတော့ သူ့အတွင်းမှာလည်း အဓိပ္ပါယ်မဲ့ပြီး ကျန်နေအုံးမှာပဲ။
ကိုယ့်ကိုယ်ကို အသိရှိပြီး သတိပြည့်ဝနေသူမှာ ဘယ်လိုပြိုင်ဆိုင်မှုမှ မပေါ်ပေါက်နိူင်ပါဘူး။
သူ့မှာ ချစ်ခြင်းမေတ္တာနဲ့ပဲ အေးချမ်းနေပါလိမ့်မယ်။
အတ္တခံစားချက်ဟာ မဖြစ်ပေါ်နိူင်ပါဘူး။
စိတ်ဂနာမငြိမ်မှုအခြေအနေက ကင်းလွတ်နေပါလိမ့်မယ်။
သူ့အတွင်းက ငြိမ်းအေးချမ်းသာမှုက ဘယ်သူ့ဆီကမှ ပြိုင်ဆိုင်ရယူထားတာမဟုတ်တဲ့အတွက် ဘယ်သူ့ဆီကိုမှလည်း ဆုံးရှုံးသွားစရာ မရှိပါဘူး။
အဲ့ဒါကြောင့် သင်က မိမိဘဝကို ပြိုင်ဆိုင်မှုတစ်ခုခုမှာ တည်ဆောက်ထားပြီဆိုရင် သင့်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာစွဲကပ်နေတယ်ဆိုတာ ပြန်သတိရပေးပါ။
#credit - Ban Thue

