"သူကတော့ ငါ့ကို ညာမယ့်သူမဟုတ်ဘူး လို့ တွေးမိတဲ့နေ့ဟာ အဲ့ဒီလူဆီမှာ အညာခံရခြင်းရဲ့ အစ‌နေ့ပဲ"

သည်စကားကို ပြောခဲ့တာ ကျွန်မရဲ့ လုပ်ငန်းခွင် ဘဝအစ၊ လက်ဦးဆရာ။ အဲ့ဒီတုန်းက ကျွန်မအသက် ဆယ့်ကိုးနှစ်မပြည့်သေးဘူး။ ဆရာက အသက် ၆၀ ကျော်၊ အစိုးရဝန်ကြီးဌာနတခုကနေ ပင်စင်ယူပြီးတာတောင် ပြင်ပကုမ္ပဏီက လစာအမြင့်ကြီးပေးပြီး ခေါ်ထားရတဲ့ Consultant ကြီးတယောက်ပေါ့။

ဆရာက ကျွန်မကို လုပ်ငန်းခွင်ပညာတွေအပြင် ဘဝနေနည်းကိုပါ သင်ပေးတာ။ အင်မတန်ကျေးဇူးကြီးတဲ့ ပုဂ္ဂိုလ်ပါ။ အဲ့ဒီနေ့ကတော့ ဆရာ့စကား ကြားကြားချင်း ကျွန်မ ခေါင်းထဲ ရှုပ်ထွေးထွေးကြီး။ ဒါကို ရိပ်မိတဲ့ဆရာက တခုခု ပြန်ပြောချင်ရင် အားမနာနဲ့ တဲ့။ အားမနာပါဘူး၊ တည့်တည့်ပဲပြန်မေးလိုက်တာ ဆရာ့ကိုရောလားဆိုပြီး။ ဆရာက ရယ်တယ်။ ငါ ဒီစကားကို လူငယ်တော်တော်များဆီ ပြောခဲ့ဖူးတယ်၊ ညည်းလိုတော့ ဘယ်သူမှ ပြန်မမေးဘူးတဲ့။ ပြီးတော့ ဖြေပေးပါတယ်။ ပါတာပေါ့ကွယ်၊ လောကမှာ ညည်းကို မညာမယ့်သူဆိုတာ မရှိဘူးတဲ့။

သည်ဆုံးမစကားရဲ့ ရလဒ်က သေးသေး မဟုတ်ခဲ့ဘူးရယ်။ အစပိုင်းတော့ လူက သံသယများတတ်တဲ့စိတ်အခြေခံမျိုးဖြစ်သွားပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ သတ္တိနည်းသလိုလို၊ ယုံကြည်ချက် နည်းသလိုလို ဖြစ်သွားလိုက်သေးတယ်။ ဒါက ခဏပါပဲ။ ဥပမာပေးရရင် ကာကွယ်ဆေးထိုးခါစ အဖျားဝင်သလိုမျိုးပေါ့။ နောက်တော့ လူတွေကို မယုံတတ်ရာကနေ ကိုယ့်ကိုယ်ကိုယ် ယုံတတ်လာတယ်။ ကိုယ့်ဆုံးဖြတ်အပေါ်မှာ ကိုယ်တိုင်တာဝန်ယူတတ်တဲ့စိတ်မျိုး ဖြစ်လာတယ်။

သည်နေ့ သည်အချိန်ထိ ကျွန်မနောက်ကျောမှာ ဘာဒဏ်ရာမှ မရှိခဲ့ဖူးဘူး။ ဘယ်သူ့နောက်ကျောဘက်မှလည်း ယောင်လို့တောင် မရပ်ခဲ့ဖူးဘူး။ ဘယ်သူနဲ့မဆို မျက်နှာချင်းဆိုင်ဆက်ဆံရေးကိုပဲ ကျွန်မ ကျင့်သုံးတယ်။ ကြုံလာသမျှကိစ္စကြီးငယ်တိုင်း မျက်နှာချင်းဆိုင်ပဲ။

ကျွန်မလျှောက်တဲ့လမ်း၊ ရွေးချယ်တဲ့ အခြေအနေ၊ လက်ခံခြင်း၊ ငြင်းဆန်ခြင်း စသဖြင့် ကျွန်မနဲ့ သက်ဆိုင်သော သက်ရှိ သက်မဲ့ အရာရာဟာ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေချည့်ပဲ။ မှားသွားခဲ့တယ်ဆိုရင်တောင် အဲ့ဒီအမှားက ကျွန်မကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ။

သည်လိုပြောလို့ ကျွန်မက အမြဲမှန်နေတဲ့မိန်းမတယောက်လို့တော့ မသတ်မှတ်ကြစေချင်ဘူး။ ဘာလို့ဆို ကျွန်မ ချခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းက မှန်မယ်ထင်လို့ မဟုတ်ဘူးလေ။ မှားသွားခဲ့ရင်တောင် အဲ့ဒီအမှားရဲ့ဒဏ်ကို ခံနိုင်တာ သေချာလို့ပါ။

ကျွန်မ အမြဲ ပြောပြောနေတဲ့စကား၊ ကျွန်မကိုယ်ကျွန်မ ယုံတယ်ဆိုတာက ငါဘယ်တော့မှ မမှားဘူးလို့ ယုံတာမျိုး မဟုတ်ဘူး။ ငါ့အမှားဒဏ် ငါခံနိုင်တာ သေချာတယ် ဆိုတဲ့ ယုံကြည်မှုမျိုးပါ။

#khaing 🌻