ရာဇဝင်ထဲက ဆင်ဖြူများ
-------------------------
မြန်မာမင်းတွေ ဆင်ဖြူရူးကြသည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ ဆင်ဖြူနောက်တွင် “တော်” ထည့်ပြီး ဆင်ဖြူတော်ဟူ၍ပင် ချီးမြှောက်လိုက်ကြသေးသည်။

လက်ရှိ နိုင်ငံသုံး ၅၀၀၀ ကျပ်တန် ငွေစက္ကူတွင်လည်း ဆင်ဖြူတော်ကို မြင်နေကြရသည်။

ဆင်ဖြူကို ရာဇဝင်နှင့်ချီပြီး ရူးသွပ်ကြသည်။ အဘယ်ကြောင့်နည်း

ဆင်ဖြူရှိသောမင်းသည် ကျက်သရေမင်္ဂလာပြုရေးတွင်လည်းကောင်း၊ စစ်မက်ရေးအတွက်လည်းကောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက်လည်းကောင်း အလွန်အရေးပါသည်ဆိုသော မဇ္ဈိမဒေသယဉ်ကျေးမှုကို လက်ခံခဲ့ကြသောကြောင့်ဖြစ်သည်။

ထို့ကြောင့်လည်း ဆင်ဖြူမရှိသူတွေက ဆင်ဖြူရုပ်ကို ကန်တော့ပြီးဆုတောင်းကြသည်။ ဆင်ဖြူကြောင့် မဟာမိတ်ဖြစ်ခဲ့ခြင်း၊ ဆင်ဖြူကြောင့် စစ်ပွဲကြီးများဆင်နွှဲခဲ့ရခြင်းတို့သည် သီဟိုဠ်၊ မြန်မာ၊ မွန်၊ ယိုးဒယား ရာဇဝင်တလျှောက် ရှိခဲ့ကြသည်။

သီဟသူမင်းလက်ထက်က ယတြာအရ ပန်းရ/ ပန်းယ (ပင်းယ) မြို့သစ်တည်ပြီး ၂ နှစ်အကြာတွင် စမုန်မြစ် အတွင်း ဆင်ဖြူမတစ်ကောင် မျောလာသည်။ အရှင်မဟုတ် အသေဖြစ်သည်။ မင်းချင်းတစ်ယောက် ဆင်သေ အကြောင်း လာလျှောက်သည်။ သီဟသူက မျောလာသည့် ဆင်ဖြူသေကို ငမွဲဥယျာဉ်တွင် ဆယ်ထားပြီးနောက် ပညာရှိတို့နှင့် တိုင်ပင်တော်မူလေသည်။

ပညာရှိဆိုသူတွေကလည်း

“ဆင်ဖြူမကို ညှပ်လုပ်၍ စက်ဖြင့် ထူပြီးသော် ရတနာက,တင်၍ စီးတော်မူပါဘုရား” ဟု လျှောက်ထားကြလေသည်။

ဆင်သေကို တိုင်ထောင်၊ ကြိုးဖြင့်မထူကာ ရတနာက,တင်ပြီး စီးခိုင်းခြင်းဖြစ်သည်။ ဆင်သေကို မရမကထူပြီး ရတနာက,တင်ကာ စီးသည့် သီဟသူသည် သူ့ကိုယ်သူ “တစ်စီးရှင်” ဟု ကြံဖန်ပြီး ဘွဲ့ထူးဂုဏ်ထူး တပ်လေသည်။ အရှင်မရနိုင်သဖြင့် ဆင်သေကိုစီးလည်း တစ်စီးရှင်ဖြစ်ရသည်မှာ ရာဇဝင်တွင် စာတင်ခဲ့သူ တို့ကြောင့် သိရပေတော့သည်။

တစ်စီးရှင်ဘွဲ့ခံ သီဟသူ၏ ရာထူးကို ဆက်ခံသူမှာ သားတော်ကြီး အိမ်ရှေ့စံ ဥဇနာဖြစ်သည်။

သူ့လက်ထက်တွင် ညီဖြစ်သူကျော်စွာသည် အိပ်မက်အရဆိုကာ ဆင်ဖြူတော်ကို ကျွန်တို့အား ရှာခိုင်းရာ လှိုင်းတက်အရပ်၌ တစ်ကောင်ရသည်။ ပုလဲတမူးဟု ဘွဲ့ပေးသည်။ မုံတောမြောင်ကျပ်၌ နောက်ထပ်တစ်စီး ရသည်။ မဟာကေသရ ဘွဲ့ပေးသည်။ ပြက်တောင်ခြေရင်း၌ တစ်ကောင်ရသည်။ သန်မြန်စွာ ဘွဲ့ပေးသည်။ စမုန်ဖျားတွင်တစ်ကောင်ရပြန်သည်။ ဥပေါသထဘွဲ့ပေးသည်။ ကိုင်းရွာမြောက်လွန် တဲညွန်ကျုံးတွင် တစ်ကောင်ရသည်။ ချစ်စွမရဲဟု ဘွဲ့အမည်ပေးသည်။

မင်းဖြစ်သူဘုန်းကံနည်းသဖြင့် ဆင်ဖြူတစ်ကောင်မျှမရချိန်၌ ညီတော်ကျော်စွာသည် ဆင်ဖြူငါးစီး ရထားကြောင်း ကြားလိုက်သဖြင့် ဥဇနာမင်းကြီးသည်ကြောက်ရွံ့သွားသည်။ ဘုန်းကံက သူ့ထက်သာသည်ဟု ထင်ပုံရသည်။

“ငါ့ညီ ငါ့စည်းစိမ်ကို ယူပါတော့ ... ငါမူကား ငါ့ကောင်းမှု စကားခုနစ်ကျောင်းတို့ကို လှူလိုသမျှ လှူ၍နေတော့ မည်” မိန့်တော်မူပြီး ဥဇနာသည် အနောက်တံခါးမှထွက်ပေးသည်။ ညီဖြစ်သူ ကျော်စွာမင်းက အရှေ့တံခါးမှ ဝင်ကာ မင်းပြုသည်။

အသာတကြည် နန်းမအပ်လည်း အသက်အန္တရာယ် စိုးရိမ်ရပုံပေါ်သည်။ ဥဇနာသည် အိမ်နိမ့်စံဘဝနှင့် ၂၄ နှစ်နေထိုင်သွားခဲ့ရသည်။

ကျော်စွာမင်းလည်း “ငါးစီးရှင်ကျော်စွာ” ဟု ဆင်ဖြူပိုင်ဆိုင်မှုအပေါ် မူတည်ကာ ဘွဲ့ခံသည်။

ကုန်းဘောင်မင်းဆက်တွင် ဆင်ဖြူရှင်မင်းဟူ၍ ပေါ်ထွန်းခဲ့သေးသည်။ ကုန်းဘောင်မင်းဆက် တတိယမြောက် မင်းဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်သည်။ မြေဒူးမင်းသား ဟုလည်း လူသိများသည်။ သူထီးနန်းစိုးစံစဉ် မကွေးမြို့၌ ဆင်ဖြူတော်ရသဖြင့် ဆင်ဖြူရှင် ဆိုသော ဘွဲ့ကို ခံယူသည်။

ဆင်ဖြူပိုင်လိုက်လျှင် ဆင်ဖြူရှင်ဖြစ်သည်ဆိုသော အယူတွေကလည်း ရှေးကတည်းကရှိခဲ့သည်။

ကုန်းဘောင်ခေတ်တွင် ဘိုးတော်ဘုရားသည် ဆင်ဖြူတော် ၉ စီးရှိသောကြောင့် ကုန်းဘောင်မင်းဆက်၌ ဆင်ဖြူ အများဆုံး ပိုင်ဆိုင်သောမင်းဖြစ်သည်။ ဘိုးတော်ဘုရားကား ပထမဆုံး ဆင်ဖြူကို ရကတည်းကပင် ဆင်ဖြူရှင်ဘွဲ့ကို ခံတော်မူသည်။ နောက်တစ်စီး ထပ်ရသော် “ဆင်ဖြူများရှင်ဘွဲ့” ကို ကိုယ့်ကိုယ့်ကိုယ် အပ်နှင်းသည်။ ဘိုးတော်ဘုရား ပိုင်ဆိုင်သော ဆင်ဖြူ ၉ ကောင်တွင် နိဗ္ဗာန်ရွာမှရသော ဆင်တစ်ကောင်သာ တစ်ကိုယ်လုံးဖြူပြီး ဆဒ္ဒန်ဆင်မျိုး အရည်အချင်းရှိသည်ဟု ဆိုသည်။ ကျန်ဆင်တွေကား ဖြူယောင်ယောင်တွေ၊ အမည်းကို ဇွတ်ဖြူတွေ ဖြစ်မည်ထင်သည်။

ဆင်ဖြူ ကြန်အင်တွင် မျက်လုံးသည် ပုလဲအရောင်ရှိရမည်။ ခွာသည် အဖြူရောင်ရှိရမည်၊ အမွေးသည် ကျွဲလိုဖြူရမည်၊ အစွယ်စုံရှိရမည်ဆိုသည့် သတ်မှတ်ချက်များ ရှိပါသည်။ သို့သော် ဇွတ်ဖြူတွေနှင့် ဆင်ဖြူရှင် ဖြစ်ချင်သူတွေကလည်း ရာဇဝင်တွင် ရှိခဲ့သည်မှာ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်သူတွေကြောင့် ဖြစ်နိုင်သည်။

ဆရာကြီး ဒေါက်တာသန်းထွန်းက

“ဆင်ဖြူတော်တွေ့ပြီဆိုရင် သိပ်ပြီး ဝမ်းသာအားရ မြူးထူးပျော်ရွှင်ကြတယ်။ ဆင်ဖြူတော်အတွက် အလုပ် အကျွေး လူအများအပြား အိမ်ထောင်စုအလိုက် ပေးထားတယ်။ ဘွဲ့ထူး ဂုဏ်ထူးတွေလည်း ပေးထားတယ်” ဟု ဆိုခဲ့ပါသည်။

ရာဇဝင်တွင် မယားချော့ကာ ဆင်ဖြူအပ်ခဲ့သော ဘုရင်လည်း ရှိခဲ့သေးသည်။ မင်းတုန်းမင်းဖြစ်သည်။

မယားများသော မင်းတုန်းမင်းသည် မိဖုရားခေါင်ကြီး စကြာဒေဝီကွယ်လွန်သောအခါတွင် မိဖုရားခေါင်ကြီး ရာထူးတိုးပေးရန် အခက်တွေ့နေသည်။ အစဉ်အတိုင်းဆိုလျှင် မြောက်နန်းမိဖုရား သီရိမဟာမင်္ဂလာဒေဝီကို မိဖုရားခေါင်ကြီးရာထူး ပေးရန်ဖြစ်သော်လည်း အဆင့်သုံးနေရာတွင် ရှိသည့် အလယ်နန်းတော်မိဖုရားက သူ့ကို မိဖုရားခေါင် ကြီးရာထူးတိုးပေးရန် တောင်းဆိုလေတော့သည်။

မင်းတုန်းမင်းကြီး၏ မိဖုရား (၅၀) ခန့်က အလယ်နန်းမိဖုရားကိုသာ မိဖုရားခေါင်ကြီးရာထူးပေးလိုက်လျှင် သူတို့ဘဝရှေ့ရေး ရင်မအေးရသဖြင့် မင်းတုန်းမင်းကြီးကို ငိုယိုကာတောင်းပန်ကြသည်။ မင်းတုန်းမင်းကြီးက လည်း အလယ်နန်းတော်မိဖုရားအကြောင်းကို သိသဖြင့် ဆင်ဖြူတစ်စီးရသောခါတွင် ထိုဆင်ဖြူကိုပေးကာ “ဆင်ဖြူမရှင်ဘွဲ့” အပ်နှင်းပြီး ချွေးသိပ်ခဲ့သည်။

မင်းတုန်းမင်းကြီး၏ ဦးခေါင်းကို မိဖုရားခေါင်ကြီးမှတစ်ပါး မည်သူမျှ ကိုင်ခွင့်မရှိပေ။ မိဖုရားခေါင်ကြီး မရှိသည့် နောက်ပိုင်းတွင် ဆင်ဖြူမရှင်က ခေါင်းဖြီးခွင့်ရရန် ဇွတ်အတင်းကြိုးစားသည်။ မင်းတုန်းကလည်း သူ့ကိုသာ ခေါင်းကိုင်ခွင့် ပေးလိုက်လျှင် မိဖုရားခေါင်ကြီးအရာကို အလိုလိုရောက်သွားမည်စိုးရိမ်သဖြင့် သေသည့်တိုင် မည်သူမျှ သူ့ခေါင်းကို အကိုင်မခံတော့ဘဲ သူကိုယ်တိုင်ခေါင်းဖြီးတော့သည်။

ဒေါက်တာသန်းထွန်း၏ ဆင်ဖြူရူးတွေကို နာလိုခံခ