တန်ရာ တန်ရာ
-----------------
ကျွန်တော် မြို့ကို သွားစရာကိစ္စတစ်ခုပေါ်လာသည်။
ရွာလမ်းထိပ်ကိုထွက်လိုက်ပြီး ဆိုင်ကယ် ကယ်ရီကိုစောင့်ရသည်။ ဆိုင်ကယ်တစ်စီး ရောက်လာသည်။
“မောင်ထူးရေ ငါ့ကို ကားဂိတ်လိုက်ပို့ပေးစမ်းကွယ်”
“ဟုတ်ကဲ့ဆရာ”
ဆိုင်ကယ်မောင်းလာသည့် မောင်ထူးက သူ့ဆိုင်ကယ်ကို ပြန်ကွေ့လိုက်သည်။
“တက်ဆရာ”
ကျွန်တော်က သူ့နောက်တွင်ထိုင်လိုက်သည်။ ဆိုင်ကယ်ထွက်သည်။
“မောင်ထူး ... မင်းဆိုင်ကယ် ဘယ်လိုဖြစ်တာလဲ ... အရင်ဆိုင်ကယ် မဟုတ်တော့ဘူး။ စုတ်ပြတ်နေတာပဲ”
“အရင်ဆိုင်ကယ်က ရောင်းလိုက်ပြီဆရာ”
“ဘာဖြစ်လို့လဲကွာ”
“ဆိုင်ကယ်သစ်ရင် ဖမ်းတဲ့သူက မျက်စိကျတယ်ဆရာ။ ဆိုင်ကယ် အသစ်ကိုပဲ စောင့်ဖမ်းနေတဲ့သူတွေက တစ်ဖွဲ့ ရှိနေတာ။ ဆိုင်ကယ်အသစ်ဆိုတော့ သူတို့ ပါးစပ်ထဲက တောင်းသလောက်ဈေးပဲ။ လာထား ငါးသောင်း ... တစ်သိန်း ထဲက။ ဒီလို အစုတ်ဆိုရင် လှည့်တောင်မကြည့်ဘူး။ ဖမ်းလည်း တစ်သောင်း၊ နှစ်သောင်း လောက်နဲ့ပြီးတယ်”
“ဆိုင်ကယ်တွေကို ဘေးတွဲတွေတပ်ရင် မဖမ်းဘူးဆိုကွ”
“ဆရာ ... ဘေးတွဲတစ်ခုတပ်ဖို့ဆိုတာ သုံးလေးသိန်း ရင်းရမှာဆရာ ... ဘယ်တတ်နိုင်ပါ့မလဲ။ နောက်ပြီးတော့ အဲဒီအမိန့်ကလည်း ဘယ်လောက်ခံမှာလဲ။ ဆိုင်ကယ်တွေ လမ်းပေါ် မတွေ့ချင်ဘူးဆိုရင် အဲဒီနေ့ ဒုက္ခတွေ့ရပြန်ပြီ။ ဟေ့ ဘေးတွဲတွေဖြုတ်ဆိုရင် လုပ်ထားပြီးတဲ့ ဘေးတွဲတွေက သံရည်ကျိုကို ပို့ဖို့ပဲ ရှိတယ်ဆရာ။ ဒါကြောင့် မျက်စိ လျှင်လျှင် နားရှင်ရှင်ထားပြီး ဒီဆိုင်ကယ်စုတ်လေးနဲ့ပဲ အိမ်စရိတ်ရှာနေရတာ။ ဖမ်းချင်ဖမ်း သိမ်းချင်သိမ်း”
“အေးကွာ ... ကြုံဖူးပေါင်”
“ဆရာ ... ဒီခေတ်မှာ မကြုံဖူးတာတွေ အများကြီး ကြုံရဦးမှာ”
“အေးပါကွာ”
ကျွန်တော် ဘတ်စ်ကားဖြင့် မြို့ကိုလာခဲ့သည်။ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် ကားတွေချောင်သည်။ နေရာလည်းရသည်။
မြို့ထဲရောက်သည့်အခါ ဖုန်းဆိုင်တစ်ဆိုင်ကို ကျွန်တော်သွားသည်။ ထိုဆိုင်နှင့် မျက်နှာချင်း ရင်းနှီးနေပြီ
“ဟာ ဆရာကြီး မလာတာ အတော်ကြာပြီ”
“ငါ့ကို ဖုန်းတစ်လုံးလောက် ပြစမ်းပါကွာ”
ကောင်လေးက ဆိုင်မှန်ဗီရိုထဲက ဖုန်းနှစ်လုံးထုတ်ကာ ကောင်တာပေါ် တင်လိုက်သည်။
“ဒါလေးက ၉ သိန်းကျော်ကျော် ... ဒါလေးက ၁၃ သိန်းဆရာ”
“မဟုတ်ဘူးကွ ... အဲဒီလောက်တန်ကြီးတွေ မဟုတ်ဘူး ... ဈေးပေါပေါကွယ်။ ဖုန်းဆက်လို့ရရင်တော်ပြီ”
ကောင်လေးက အထဲကို ဝင်သွားသည်။ ပြန်ထွက်လာသည်။
“ဆရာကြီးရာ ... ဆရာကြီးအနေနဲ့ ၉ သိန်း ၁၀ သိန်းတန်လောက်တော့ ကိုင်သင့်တာပေါ့”
“ဈေးအပေါဆုံးနဲ့ ဖုန်းဆက်သွယ်လို့ရရင် တော်ပါပြီကွယ်”
“ဒီ Nokia ဖုန်းလေးပဲရှိတယ်ဆရာကြီး .... ဈေးကတော့ သုံးသောင်းကျော်ကျော်ပဲ”
“ထုတ်ပြပါဦးကွယ်”
သူက ဖုန်းလေးကို ထုတ်ပြသည်။ ခလုတ်ဖုန်း။ သေးသေးလေး အနက်ရောင်။ သဘောကျသည်။ ကိုင်ရတာလည်း ပေါ့ပါးသည်။
“အေး ဒါလေးကြိုက်တယ် ... ဘယ်လောက်လဲ”
“သုံးသောင်း ငါးထောင် ခြောက်ရာ ... သုံးသောင်းခွဲပဲပေး”
“အေး ... ဒါပဲယူမယ် ... ရော့ဒီမှာ ... ဒီဖုန်းထဲမှာ နှစ်ကတ်ရှိတယ်။ အော်ရီဒူးကတ်ကို အဲဒီဖုန်းထဲထည့်ပေး”
ကျွန်တော်က လွယ်အိတ်ထဲမှ Samsung ဖုန်းကို ထုတ်ပြီး ကောင်လေးကို ပေးလိုက်သည်။
“ဟ ... ဒီဖုန်းက အကောင်းကြီး ရှိသေးတာပဲ ... ခုဝယ်တာ ကလေးတွေအတွက်လား”
“မဟုတ်ပါဘူးကွာ ... ငါကိုင်မလို့ပါပဲ”
“ဆရာကြီးကို သုံးသောင်းခွဲဆိုတာ အရင်ဈေးနဲ့ ပေးထားတာပါ”
သူပြောသည့် အရင်ဈေးလည်းမသိ။ နောက်ဈေးလည်းမသိ။ ကိုယ်တတ်နိုင်တာလောက်ပဲ ကိုယ်ဝယ်ကိုင်ရခြင်း ဖြစ်သည်။
ဖုန်းကိုစမ်းပြသည်။ သုံးနည်းကိုလည်း သူကသင်ပေးသည်။ ကျွန်တော်က ငွေရှင်းပြီးဆိုင်ထဲက ထွက်လာကာ ကိုယ်လုပ်စရာရှိသည့် အလုပ်တွေကို ပြီးပြတ်အောင် လိုက်လုပ်သည်။ ထို့နောက် ချက်ချင်းပင် ပြန်ခဲ့သည်။ နေစောင်းလျှင် ကားတွေကကျပ်ပြီ။
ကျွန်တော့်ရွာကို ပူလောင်အိုက်စပ်သည့် ဘတ်စ်ကားထဲတွင် နှစ်နာရီခန့် အချိန်ယူပြီးမှ ပြန်ရောက်သည်။ အပြန်တွင်လည်း ဖိုးထူးကို ကားဂိတ်တွင်တွေ့သည်။
“ဖိုးထူးရေ”
“ဟာ ဆရာ ပြန်လာပြီလား ... စောလိုက်တာ”
“အေးကွ ... စောစောပဲပြန်လာတာ ... ဖုန်းသွားဝယ်တာကွာ”
“ဟာ ဆရာ ဘယ်လောက်တန်ကြီး ဝယ်ခဲ့သလဲ ... ဆရာတို့ဆိုတော့ ဆယ့်လေးငါးသိန်းတန်လောက်တော့ အနည်းဆုံးပဲ”
“သုံးသောင်းခွဲတန်ဖုန်းပါကွာ”
“ဟာ ဆရာကလည်း ဒီဖုန်းလောက်များ ရွာမှာလည်း ဝယ်လို့ရပါတယ် ... ကျွန်တော်ကိုင်တာတောင် ငါးသောင်း ပေးရတယ်”
ကျွန်တော်က သူ့ဆိုင်ကယ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။
“ငါလည်း မင်းလိုပေါ့ကွာ”
“ဘာလဲဆရာ”
“မင်းတောင် ဆိုင်ကယ် အကောင်းကြီးကိုရောင်းပြီး အစုတ်ဝယ်စီးသေးတာ ... ငါလည်း အဲဒီအတိုင်းပေါ့”
“ဘာကိုလဲဆရာ”
“ဖုန်းကောင်းရင် ဟိုစစ် သည်စစ်ကွ ... အရစ်ကရှည်သနဲ့ ... ဒီလိုဖုန်းမျိုးကို ကိုင်တော့ ကြည့်တောင် မကြည့်တော့ဘူး”
“ပေါက်ပြီဆရာ ... ပေါက်ပြီ”
ကျွန်တော် မနက်တိုင်း လမ်းလျှောက်သည့်အခါ ခြေထောက်တွင် ဗွေပါသည့်အတိုင်း ထင်ရာမြင်ရာ၊ မရောက်ဘူးသေးသည့် နေရာတွေကို လျှောက်သွားတတ်သည်။ ထိုသို့ အသွားကောင်းသဖြင့် လမ်းတွင် နှစ်ကြိမ် အစစ်ဆေး ခံရဖူးသည်။ ဖုန်းကိုထုတ်ခိုင်း ဟိုဖွင့် သည်ဖွင့်၊ ဟိုမေး သည်မေး။ အမှန်အတိုင်း ပြောရလျှင် ထိုသို့သော အနေအထားမျိုးက ခံပြင်းစရာ။
ဖုန်းတွေကို စစ်ဆေးသည့်အခါတွင် သာမန်ဖုန်းလေးတွေဆိုလျှင် စစ်ပင်မစစ်။ ဖုန်းကောင်းကောင်း ကိုင်ထားလျှင်တော့ ဟိုဖွင့်သည်ဖွင့် ရစ်တော့သည်။
ကျွန်တော်က ထို့ကြောင့် ဖုန်းကိုမယူဘဲ လမ်းလျှောက်သည့် အခါတွင်လည်း အိမ်က ကလေးတွေက နောက်ကျလျှင် ဖုန်းခေါ်နေပြီ။ ကျွန်တော် ဖုန်းမယူသွားမှန်းသိလျှင် လိုက်ရှာနေကြပြီ။
ကျွန်တော် အသုံးပြုနေသော Samsung ဖုန်းကလည်း များသောအားဖြင့် အင်တာနက်ချိတ်ဆက်သုံးရန် အတွက်သာဖြစ်သည်။ ကျွန်တော်က ဖုန်းအဆက်အသွယ်သိပ်မရှိ။ ယခုဝယ်လာသော ဖုန်းအသစ်လေးထဲတွင် လည်း ကိုယ်အရေးပေါ် ဆက်သွယ်ရမည့် နံပါတ် သုံး လေးခုလောက်သာထည့်ထားသည်။ ကျွန်တော်က ဖုန်းနံပါတ် တွေကို အလွတ်မရ။ ဖုန်းသုံးသည်မှာ အင်တာနက်သုံးရန်အတွက်သာ အဓိကဖြစ်သည်။
ဖုန်းကောင်းကောင်းကြီးကိုင်ပြီး ယခုခေတ်သည် ကြွားဝါဂုဏ်ယူနေရမည့်ခေတ်မဟုတ်။ အခန့်မသင့်လျှင် ရိုက်လုခံရနိုင်သည်။ ဖုန်းကောင်းကောင်းသည် လုချင်သူတွေ ဆွဲပြေးချင်သူတွေအတွက် မျက်စိကျစရာလည်း ဖြစ်သည်။ ကိုယ့်အသက်အန္တရာယ်ကိုပါ အချိန်မရွေး ဒုက္ခပေးနိုင်သည်။ ကြောက်ခေတ်မှသည် ကျောက်ခေတ်ဆီသို့ ပြန်ရောက်တော့မည်။
ကျွန်တော် ဖုန်းတစ်လုံးဝယ်လာသည်
သုံးသောင်းခွဲသာဖြ

