နှလုံးသားနှင့် ပျော်ကြည့်ပါ
-------------------------
ညနေစောင်း ထမင်းစားနေစဉ် မောင်ကျော်စွာရောက်လာသည်။

“မောင်ကျော်စွာရေ ... လာကွ ... ထမင်းစားဦး”

“စားပါဆရာ ... ဒီမှာ မီတာဆောင်ပြီးပြီ ... ပြေစာလာပေးတာ”

“ကျေးဇူးပဲကွာ ... မင်းက အကျိုးဆောင်ပေးတော့လည်း ငါသက်သာတာပေါ့”

“ဆရာ ပိုက်ဆံလေးများဆောင်ထားဦးနော်”

“ဘာဖြစ်လို့လဲကွ”

“သင်္ကြန်အတွက် ငွေလိုက်ခွဲမလိုလို သတင်းတွေကြားနေရပြန်ပြီ”

“တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင်ပါပဲလားဟေ့”

“နှစ်သစ်ကူးညတုန်းကလည်း ဘုန်းကြီးကျောင်းဝင်းထဲ ဇာတ်စင်ကြီးဆောက်၊ မိုးလင်းအထိကပြ၊ လာသမျှ လူတွေကို အအေးဘူးတွေဝေ၊ မုန့်တွေဝေတာလေဆရာ။ ခုလည်း သင်္ကြန်မှာ စည်ကားအောင် လုပ်ဦးမယ်တဲ့”

“ဘာပဲဖြစ်ဖြစ်ပါကွာ ... ပျော်ချင်တဲ့လူမှ ပျော်ကြတာပါ။ ပျော်ချင်မှလည်း ပျော်ကြတာပါ။ အပျော်ဆိုတာကို အဓမ္မပျော်ကြပါလို့ လုပ်ခိုင်းလို့ရတာမှ မဟုတ်တာ။ စားစရာမရှိတဲ့သူတွေကို ထမင်းကျွေးမယ် စတုဒိသာလို့ ပြောရင် ဗိုက်ဆာတော့ လာစားကြမှာပေါ့။ ပျော်လို့ရယ်တော့ ဘယ်ဟုတ်မလဲ။ အပျော်ကို ငွေတွေအကုန်ခံပြီး ဘယ်လိုပဲလုပ်လုပ် ... အပျော်ဆိုတာ နှလုံးသားထဲမှာ ရှိတာပဲကွာ"

“ဘာကို ဆိုလိုတာလဲဆရာ ... ကျွန်တော်နားမလည်လို့ပါ”

“မင်းကိုငါ မဇ္ဈိမတိုင်းက ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် နားထောင်”

ဤလောကကြီးကို ဖန်ဆင်းသော နတ်မင်းကြီးသည် တစ်နေ့တွင် နတ်သဘင် အစည်းအဝေးခေါ်သည်။ ထိုအစည်းအဝေးသို့ နတ်ဗြဟ္မာအပေါင်း တက်ရောက်ကြသည်။ နတ်မင်းကြီးသည် အားလုံးစုံညီသောအခါတွင်

“နတ်မင်းအပေါင်းတို့ဗျား ... ယနေ့ နတ်သဘင်အစည်းအဝေး ခေါ်ရသည့် အကြောင်းကတော့ လူသားတွေဟာ အပျော်ဆိုတာကို ထင်သလို အလွဲသုံးနေကြခြင်း ကိစ္စပါပဲ။ အပျော်ဆိုတာ ဘာလဲလို့ ရေရေရာရာ နားမလည်တော့ မကောင်းမှု ဒုစရိုက်တွေကို အပျော်လို့ထင်ပြီးတော့ လွန်ကျူးနေတဲ့ သူတွေလည်း များလာတယ်။ အရက် သောက်ရတာ ပျော်စရာလို့ထင်လာသူတွေ၊ လောင်းကစားလုပ်ရတာ ပျော်စရာလို့ ထင်လာသူတွေ၊ သူတစ်ပါး သားပျို သမီးပျိုတို့ကို ကာမနဲ့ ဖျက်ဆီးရတာကိုလည်း ပျော်စရာလို့ မှတ်လာ ကြတယ်။ ပိုဆိုးလာတာက တိုင်းပြည် အုပ်ချုပ်တဲ့ မင်းတွေကိုယ်တိုင်က လူသတ်နေတဲ့ ကိစ္စကိုပျော်စရာလို့ သတ်မှတ်ပြီး စစ်ပွဲကြီးတွေကို ဆင်နွှဲနေတာပဲ။ ဒါကြောင့် ငါသည် လူသားတို့ထံက အပျော်ကို ပြန်ပြီး ရုပ်သိမ်းရန်အတွက် သင်တို့ကို နတ်သဘင်သို့ ခေါ်ယူ ဆွေးနွေးရခြင်း ဖြစ်ပေတယ်”

နတ်မင်းကြီး၏ ပြောကြားချက်ကို အားလုံးက လက်ခံကြသည်။ လူတွေ အပျော်ဆိုတာကို လွယ်လွယ်ရ လွယ်လွယ်သုံး၊ အလွဲသုံးလာမှုအပေါ် နတ်တစ်ပါးချင်းက ထောက်ပြဝေဖန်ကြသည်။

“မှန်လှပါ နတ်မင်းကြီး ....လူတွေအပျော်ကျူးနေကြသည်မှာ အလွန်အကျွံဖြစ်နေပါပြီ ထို့ကြောင့် လူသားတို့ထံမှ အပျော်တွေကို ပြန်ရုပ်သိမ်းသင့်ပါသည်” ဟုထောက်ခံသည်။

“ကောင်းလှပြီ ... လူသားတို့ထံက အပျော်ဆိုသည်ကို ငါပြန်ရုပ်သိမ်းမည်”

နတ်တစ်ပါးက ဆွေးနွေးပြန်သည်

“လူသားတွေထံက အပျော်ကို ရုပ်သိမ်းတာတော့ မှန်ပါသည်။ သို့သော် ထိုအပျော်ကို ကျွန်ုပ်တို့သည် မည်သည့် နေရာတွင် ထားကြအံ့နည်း”

နတ်မင်းကြီးပင် မစဉ်းစားမိသော အကြောင်းအရာကို နတ်တစ်ပါးကဆွေးနွေးလိုက်ခြင်းဖြစ်သည်။

“လူတွေထံကအပျော်ကို တောင်ပေါ်တွင် ဝှက်ထားမည်”

နတ်တစ်ပါးက အကြံပြုသည်။ နတ်မင်းကြီးက

“လူသားတွေသည် တောင်မည်မျှ မြင့်သည်ဖြစ်စေ ရောက်အောင်တက်နေကြသဖြင့် တောင်ပေါ်တွင် ဝှက်ထား၍ ဖြစ်နိုင်မည်မထင်”

“ဤသို့ဆိုလျှင် အပျော်ကို အလွန်နက်ရှိုင်းသော သမုဒ္ဒရာအောက်တွင် ဝှက်ကြမည်”

“သမုဒ္ဒရာ မည်မျှ နက်သည်ဆိုစေ လူတွေ ရောက်အောင်ဆင်းကြသည်။ ရှာတွေ့ကြမည်ပင်”

နတ်မင်းကြီးရော နတ်အပေါင်းပါ လူတွေထံမှ အပျော်သိမ်းပြီးလျှင် မည်သည့်နေရာတွင် ထားရမည်ကို ဆွေးနွေးပြီး အဖြေရှာမရသောကြောင့် စိတ်ပျက်နေကြသည်။

ထိုစဉ် နတ်သူငယ်လေးတစ်ဦးက အကြံပြုသည်

“မှန်လှပါ နတ်မင်းကြီး ... လူသားတွေထံက သိမ်းလိုက်သော အပျော်တွေကို သူတို့ နှလုံးသားထားတွင်သာ ဝှက်ပေးထားသင့်ပါသည်”

နတ်မင်းကြီးက

“အို ကောင်းလိုက်တဲ့ အကြံပါလား ... ဟုတ်တာပေါ့ လူတွေရဲ့ အပျော်ကို နှလုံးသားထဲမှာပဲ ဝှက်ထားလိုက် ကြရအောင်။ အပျော်ဆိုတာ နှလုံးသားကပဲ ဖြစ်လာပါစေ။ နှလုံးသားနဲ့ပဲ ခံစားပျော်ပါစေ။ နှလုံးသားရှိသူတိုင်း ပျော်ပါစေ” ဟု နတ်မင်းကြီးက မိန့်တော်မူပြီးနောက် လူသားတို့၏ အပျော်ကို သူတို့နှလုံးသားအတွင်း ထည့်ပေးစေဟု ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့်

နှလုံးသားဖြင့် လူသားတို့သည် ပျော်ကြသည်

ပျော်သင့် မပျော်သင့် နှလုံးသားဖြင့်သာ ဆုံးဖြတ်ကြသည်

နှလုံးသားရှိမှ ပျော်၍ရသည်

နှလုံးသားမရှိ အပျော်မရှိ။

မောင်ကျော်စွာက ကျွန်တော့်ပုံပြင် ဆုံးသည့် အခါတွင်

“ဟုတ်တာပေါ့ ... အပျော်ဆိုတာ နှလုံးသားနဲ့ ဆုံးဖြတ်ရမှာပေါ့။ ဒုက္ခရောက်နေချိန်မှာ ပျော်သင့်လား မပျော်သင့်ဘူးလားဆိုတာ နှလုံးသားကပဲ ဆုံးဖြတ်ရမှာပေါ့နော်”

“အေးပေါ့ကွယ် ...လူတိုင်း မပျော်နိုင်ကြပါဘူး။ ပျော်တယ်လို့ထင်လည်း အပြင်ပဲ။ အတွင်းနှလုံးသားက ပျော်၊ မပျော် ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ အပျော်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ထဲမှာ အရင်ရှာကြည့်ရတယ်။ ငါပျော်နိုင်သလား၊ ပျော်သင့်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ။ လူတစ်ယောက်မှာ ဘယ်တော့မှ ညာလို့ မရတာ ကိုယ့်ကိုယ့်ကိုယ်ပဲကွ”

တင်ညွန့်

၂၃.၂.၂၀၂၃