နိစ္စဓူဝ မြင်တွေ့နေရတဲ့ သတင်းတွေကြောင့်သာ တော်လှန်ရေးအခြေအနေက သိပ်မသိသာဘူး ထင်ရတာပါ။ အမှန်တော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေက အများကြီးပါပဲ။

စစ်တပ်လော်ဘီတွေဘက်က စစ်ကောင်စီအသာရနေပြီ၊ အုပ်ချုပ်နိုင်နေပြီဆိုပြီး ဝါဒဖြန့်နေကြသလို၊ ပြည်သူ့ဘက်တော်သားတွေကလည်း ပြည်သူတွေနိုင်နေပြီဆိုပြီး ဝါဒဖြန့်နေကြပါတယ်။ ဒါကတော့ ထုံးစံပေါ့လေ။

စစ်ရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် ဝါဒဖြန့်မှု(propaganda) က မဖြစ်မနေလုပ်ကြရပါတယ်။ ကိုယ့်ကိုထောက်ခံတဲ့သူတွေ အားတက်အောင်၊ ကိုယ့်ရန်သူတွေ စိတ်ဓာတ်ကျအောင် propaganda လုပ်ရတဲ့သဘောပါပဲ။

တကယ့်မြေပြင်အခြေအနေအမှန်ကို သုံးသပ်ရရင် တော်လှန်တဲ့နေရာတွေက လွတ်မြောက်လာပြီး၊ ငြိမ်ခံနေတဲ့နေရာတွေက စစ်ကျွန်ဘဝနဲ့ ကျန်နေခဲ့ပြီဆိုတာပါပဲ။ စစ်ကိုင်း နဲ့ ချင်းကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ ငြိမ်မခံဘဲ တော်လှန်တဲ့အတွက် အထိအခိုက်အကျအဆုံးများသလို တဖြည်းဖြည်းနဲ့ လွတ်မြောက်နယ်မြေတွေ ပိုများလာပါတယ်။

ပုန်ကန်ထကြွတဲ့အတွက် ရက်ရက်စက်စက်ဖိနှိပ်ခံရတယ်၊ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ များပါတယ်။ တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေပိုများလာပြီး အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားနိုင်ပါပြီ။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့တွေဟာ တစ်နည်းအားဖြင့် PDF စိုးမိုးတဲ့မြို့တွေလို့ သတ်မှတ်နိုင်ပါတယ်။

ကိုယ်နဲ့ကိုယ့်မိသားစု ထိခိုက်မှာစိုးလို့၊ ကိုယ်ကျိုးစီးပွားပျက်စီးမှာစိုးလို့ ဆိုပြီး ငြိမ်ခံနေသမျှတော့ စစ်ကျွန်ဘဝမှာ ကျန်နေခဲ့မှာပါပဲ။ ရေသာခိုတဲ့သူတွေများနေသရွေ့ တော်လှန်ရေးက ကြာနေပါလိမ့်မယ်။

ကိုယ်ကျိုးစီးပွားထိခိုက်မှာကို မကြောက်ဘဲ တော်လှန်မှ၊ အကြောက်တရားကင်းလွတ်မှ စစ်ဖိနပ်အောက်က လွတ်မြောက်ပါမယ်။ ကိုယ်စီနိုင်ရာတာဝန်တွေကို ပုံမှန်လုပ်ဆောင်နေမှ တော်လှန်ရေးက မြန်မြန်အောင်မှာ ဖြစ်ပါတယ်။

(စာကြွင်း - ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ပုံမှန်ကြိုးစားနေတဲ့သူတွေ စိတ်ဓာတ်မကျစေဖို့၊ စစ်ဖိနပ်အောက်ရောက်နေတာတောင် အသိတရားမရဘဲ အပျော်အပါးမပျက်တဲ့သူတွေ သိစေဖို့ ရေးတဲ့စာဖြစ်ပါတယ်။)

အရေးတော်ပုံမုချအောင်ရမည်။

မိုးခ
(23.2.2023)
7:45 PM

ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။