ဘဝင်မြင့်နေတဲ့မိန်းမ

=×=×=

ဖိနပ်တရံ ၃၀၀၀၀ အောက်ဆို မခိုင်လောက်ဘူးထင်တဲ့မိန်းမက ၃၅၀၀ တန်ဖိနပ်ကလေး နှစ်မိုးစီးပြီးလို့ ပြတ်တာကို နှမြောတတ်လာပြီ။ ပိုက်ဆံအိတ်ထဲ တထောင်တန်တအုပ်လောက်မှမပါရင် canteen မထိုင်တတ်တဲ့မိန်းမက မုန့်ဟင်းခါးတပွဲ ၉၀၀ ကို မစားဖြစ်တာကြာပြီ။ KFC ကြက်ကြော်ကို ထမင်းနဲ့စားခိုင်းရင် မုန့်ကိုထမင်းနဲ့စားစရာလားလို့ ပြန်ပြောတတ်တဲ့မိန်းမက သူများပေးလာတဲ့ကြက်ကြော် ၂ တုံးကို ကြက်သွန်နီဆီသတ်ပြီး ဘာလချောင်လုပ်စားတတ်နေပြီ။ အလုပ်ပင်ပန်းရင် ရေကူးကန်သွား ဇိမ်ခံတတ်တဲ့မိန်းမက ပင်ပန်းသမျှကို အိမ်ရေချိုးခန်း ရေပန်းကလေးအောက်မှာ အပန်းပြေတတ်လာပြီ။ ဈေးဆိုင်တွေ အကြွေပြန်မအမ်းရင် ယူထားလိုက်လို့ ပြောခဲ့တဲ့မိန်းမက သကြားလုံးရရ ဆပ်ပြာထုပ်ရရ ယူတတ်လာပြီ။ သူဌေးဆိုတာ ကားကို နောက်ခန်းကပဲစီးတယ်လို့ နောက်ပြောင်လေ့ရှိတဲ့မိန်းမက ဆွေမျိုးတကာ သွားရာနောက် လိုက်မောင်းပို့ရပြီ။

တော်သင့်ပြီထင်လို့ သည်လောက်နဲ့ရပ်တာ၊ တကယ်က ဆက်ရေးမယ်ဆို အများကြီးကျန်သေးတယ်။

ဒါတွေကို ဘဝပျက်တယ်လို့ခေါ်လား။ ခံနိုင်ရည်ရှိတယ်လို့ ပြောမလား။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဒါတွေအားလုံးဟာ အခိုက်အတန့်ပဲလို့ယူဆတယ်။ ဆိုးလိုက်လေချင်းလို့လည်း မတွေးဘူး။ အဆိုးထဲက အကောင်းလို့လည်းမတွေးဘူး။ ကိုယ့်ကိုယ်ကိုယ် တော်လိုက်တာလို့လည်း မမြင်ဘူး။ ခံနိုင်ရည်ရှိတာလို့လည်းမထင်ဘူး။ ဘာလို့ဆို သည်အနေထားတွေကို ရင်ဆိုင်နိုင်တဲ့ငါ၊ ခံနိုင်ရည်ရှိလိုက်တဲ့ငါ လို့ တွေးပြီး နေတတ်လာရင်းကနေ ဟိုမအေL အပေါ်ထားတဲ့ ဒေါသတွေ အငြိုးတွေ လျော့သွားမှာစိုးလို့ပဲ။ မတရားမှုအောက်မှာ ကျွန်မ တရားမရချင်ဘူး။

ဒါတွေဟာခဏပဲ။ တနေ့ကျရင် ကျွန်မနဲ့ထိုက်တန်တဲ့အရာအားလုံး ကျွန်မလက်ထဲ ပြန်ရောက်ကိုရောက်မှာ။ သည်လိုပဲကျွန်မတွေးတယ်။

ပြောမနာဆိုမနာသူငယ်ချင်းအချို့ကတော့ ကျွန်မကို ရယ်ရင်းမောရင်း မှတ်ချက်ပေးတယ်။ နင်က ဘဝင်မြင့်နေတဲ့မိန်းမ တဲ့။

မှန်လိုက်တာလေ။ ကျွန်မ ဘဝင်ဟာ ဘယ်တုန်းကမှ မနိမ့်ခဲ့ဖူးဘူး။ ဘယ်တော့မှလည်း နိမ့်သွားမှာမဟုတ်ဘူးရယ်။

#khaing 🌻

image