လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုမှာ သူ့နိုင်ငံရဲ့ အခြေအနေကလည်း အချိုးကျ ပါဝင်ပတ်သက်နေရတာပဲ။ ကျွန်မတို့ဟာ ဇာတိကို ခြေဖျက်လို့မရဘူးလေ။ အရှေ့ကိုပဲကြည့်ကြည့်၊ အနောက်ကိုပဲကြည့်ကြည့်၊ ဘယ်ထောင့်ကိုပဲ ကြည့်ကြည့် ကျွန်မရဲ့ နိုင်ငံလေးဟာ သိပ်ကို သေးငယ် နိမ့်ပါးလွန်းနေတာ။ မကောင်းဆိုးဝါးကလည်း ပေါများသေးတာ။
ဦးနှောက်ရဲ့ ခံစားသိမြင်မှုတက်လာလေ ဒဏ်ရာတွေ တိုးလာလေပဲ။ အဲဒီလိုနဲ့ ရယ်မောခြင်း အတတ်ပညာလည်း တိုးလာတာပဲ။ ကျွန်မရဲ့ နိုင်ငံလေးမှာ ငိုသံဟာ လေထဲက အောက်ဆီဂျင်ကို ရှူရသလိုပဲ။ သမားရိုးကျပဲ။ ပုံမှန် လက်ဖက်ရည်တစ်ခွက်လိုပဲ။ ဒါကြောင့် ကျွန်မတို့ဟာ ဘဝပေး အသိအရ ဟာသဉာဏ် ရွှင်ကြရတယ်။ ဒဏ်ရာအနာကို အောင့်ထားပြီး ရယ်စရာလုပ်ပြောရတာကို ကျွန်မတို့ ကျွမ်းကျင်ကြတယ်။
ကျွန်မလည်း ထိုနည်းလည်းကောင်း ရှင်သန်လည်ပတ်နေရတာပဲ။ ရယ်ပစ်လိုက်ရင် ဒဏ်ရာတွေ ပျောက်သွားတာတော့ ဘယ်ဟုတ်မလဲ။ ဝမ်းနည်းစရာတွေဟာ ဝမ်းနည်းဖွယ်ရာအတိုင်း ရှိနေကြတာပါပဲ။ တောင်ပုံယာပုံပါပဲ။ ဒီလိုပဲ ကျော်ခွသွားလို့ ရရင်လည်း သွား၊ ရှောင်သွားလို့ မရရင်လည်း တည့်တည့်တိုးကြပေါ့လေ။
မအောင်မြင်တဲ့ နိုင်ငံလေးကနေ ဘယ်မှထွက်သွားဖို့လည်း စိတ်ကူးမရှိပါဘူး။ အသံတိတ်တိတ်နေ။ ပန်းတွေ ကြည့်။ ကဗျာတွေ ဖတ်ပြီး နွေ၊ မိုး၊ ဆောင်း ပြောင်းတာကို ထိုင်ကြည့်နေလိုက်တာပဲ။ ကျွန်မ သေသွားရင်လည်း ဒီ မအောင်မြင်တဲ့ နိုင်ငံလေးရဲ့ မြေထုချပ်တွေအောက်မှာပဲ ခန္ဓာကိုယ်ကို စွန့်လိုက်မယ်။ ဒါမှမဟုတ် ကျွန်မ အရိုးပြာတွေကို မအောင်မြင်တဲ့ နိုင်ငံလေးရဲ့ လေထုထဲ ပစ်သွင်းလိုက်မယ်။
ကျွန်မ အဆင်ပြေမှာပါ။ ဘာမှ ဖြစ်မလာတာကိုပဲ ချစ်တတ်ခဲ့တာဖြင့် ကြာခဲ့ပြီလေ.....။
မြကျေး
အလွမ်းစာ

