ချစ်သူသိလေ - မောင်စိန်ဝင်း(ပုတီးကုန်း)

ပန်းပွင့်ရှိမှ၊ ရနံ့ ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တငုံ
ထုံသည့်တပွင့်၊ နမ်းခွင့်တရှိုက်
ရရှိခိုက်မှ၊ ထာဝရတည်
ကာလရှည်လျား၊ နှလုံးသားမှာ
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ။

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ
အကြည့်မှာမြင်၊ သူပဲထင်တယ်
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ။

အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိ
ငှက်၏တေးမှာ၊ သူ့သံသာတွေ
နှုတ်ချွေစကား၊ နားမှာတီးတိုး
ဟိုး ...အရင်လို၊ ရွှင်ချိ ု ကြည်မြ
ကြားနေရ၏၊ ချစ်သူသိလေ ။

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ ။ ။

#မောင်စိန်ဝင်း(ပုတီးကုန်း)

image