ကျွန်မ ရေကူးတတ်ခဲ့တာ အသက် ရှစ်နှစ်အရွယ်။ ဘာပြီးရင် ဘာတတ်ရမယ်ဆိုတဲ့ ပုံစံခွက်ထဲမှာ ရှင်သန်ရင်းနဲ့ ဟိုစပ်စပ် ဒီစပ်စပ် တတ်တာလေးတွေထဲကတခုပေါ့။ ရေကူးကတော့ ကျွန်မ တကယ်နှစ်သက်လို့ တတ်အောင်သင်ခဲ့တာပဲ။
သင်ခါစရက်တွေ ဖျားလို့ ဆေးရုံတောင်ရောက်ဖူးတယ်။ ရေကူးကန်က ပိုးသတ်ဆေးကြောင့် အသားတွေလည်းမည်းညစ်ညစ်ဖြစ်သွားသေးတယ်။ နှပ်ချေးကလည်း အမြဲ တရွှဲရွှဲ။ ဒါမဲ့ကျွန်မ တတ်ချင်လွန်းလို့ တတ်အောင်သင်ခဲ့တာပဲ။ ခရီးထွက်ရမယ်ဆိုလည်း ရေကူးလို့ရတဲ့အရပ်ဆို ကျွန်မ ပိုပျော်တယ်။
ပင်လယ်ထဲမှာ လှိုင်းလုံးကို မျက်နှာချင်းဆိုင် ကူးပြီး တလိမ့်ခေါက်ကွေးနဲ့ ရေအောက်ထဲ ကျွမ်းပစ်သွားတာကို ကြောက်ပေမဲ့ ပျော်လို့ အကြိမ်ကြိမ်လုပ်ဖူးတယ်။
စစ်ကိုင်းနယ်ဖက် အလှူတခုကြောင့် ရောက်ဖြစ်တော့ ဧရာဝတီမြစ်ရေ ကူးဖူးတယ်ရှိအောင်ဆိုပြီး လူကြီးတွေ အလုပ်ရှုပ်နေတုန်း ဆင်းကူးဖူးတယ်။ ပင်လယ်နဲ့ မြစ်၊ ကမ်းပါးတည်ဆောက်ပုံ မတူတာ၊ ရေစီးပုံမတူတာကို မသိနားမလည်ပဲ ဆင်းကူးတာ ကံကောင်းလို့ မနစ်တယ်။ မေမေရိုက်တာများဆိုတာ တသက်မှာတခါ အပြင်းထန်ဆုံး။ ဒါပေမဲ့ ကျွန်မကျေနပ်တာ တကယ်ပဲ။ နောက်ထပ်များ အခွင့်ရေးရရင် ထပ်လုပ်ဦးမှာ။ ရေကူးရတာကို အဲ့သလောက်ထိ ကျွန်မ ကြိုက်ပါတယ်။
ဒါပေမဲ့လေ....
ကျွန်မကို ပင်လယ်ထဲက ကျွန်းတခုပေါ် နန်းတော်ကြီးနဲ့ ပေးနေကြည့်။ မြစ်ကမ်းနဘေးမှာ အိမ်ကြီး ထည်ထည်ဝါဝါ ဆောက်ပေးပြီး သည်အိမ်ကနေ ဘယ်မှ မခွာနဲ့လို့ ပြောကြည့်။
ရေပြင်ကိုကျွန်မ ကြောက်လာလိမ့်မယ် သေချာတယ်။
#khaing 🌻


Zoyar
supprimer les commentaires
Etes-vous sûr que vous voulez supprimer ce commentaire ?