မုန်တိုင်းပဲဖြစ်ဖြစ်၊ ငလျင်ပဲဖြစ်ဖြစ် ဘယ်လိုသဘာဝဘေးမဆို နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆင်းရဲချမ်းသာနဲ့ မဆိုင်ပါဘူး။ ဖွံ့ဖြိုးမှုနိမ့်ကျတာ များတာနဲ့လည်း မသက်ဆိုင်ဘူး။ ဥပမာအနေနဲ့ ဂျပန်ကိုပဲကြည့်။ နိုင်ငံချမ်းသာပေမယ့်၊ အုပ်ချုပ်ရေးစနစ်ကောင်းပေမယ့် သဘာဝဘေး(ငလျင်ဘေး)ကို ကြုံနေရတာပါပဲ။

အဓိက ဘာကွာသွားသလဲဆိုတော့ အုပ်ချုပ်သူအစိုးရရဲ့ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေပဲ ကွာခြားသွားတာ။ သဘာဝဘေးဖြစ်တော့မယ်ဆိုရင် ပြည်သူလုထုကို သေသေချာချာသိအောင် အသိပညာပေးတာ၊ ဘေးကင်းမယ့်နေရာတွေကို ကြိုတင်ပြီး စနစ်တကျရွှေ့ပြောင်းပေးတာ၊ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် စီမံတာ၊ သဘာဝဘေးဖြစ်ပြီးသွားတဲ့အခါမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်တာမျိုးတွေ ကွာခြားကြပါတယ်။

တချို့သူတွေပြောနေကျတာရှိတယ်။ " ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ၊ ဘယ်သူကမှ ထမင်းလာကျွေးတာမဟုတ်ဘူး၊ ကိုယ့်အလုပ်ပဲကိုယ်လုပ်၊ နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူး" ဆိုတဲ့ စကားပါ။ တကယ်မသိလို့ပြောတာလည်း ဖြစ်နိုင်တယ်။ သိရက်နဲ့ တခြားသူတွေ နိုင်ငံရေးကို စိတ်မဝင်စားအောင်ပြောတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့လေ " နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။ နိုင်ငံရေးနဲ့ကင်းလွတ်တဲ့ကိစ္စဆိုတာ ဘာမှမရှိပါဘူး။" ကျွန်တော်တို့ ရှူသွင်း၊ ရှူထုတ်နေတဲ့ လေတောင် နိုင်ငံရေးနဲ့ သက်ဆိုင်တယ်။ မျက်စိနှစ်လုံးပွင့်လာလို့ မီးလာလား/မလာဘူးလားဆိုတာ နိုင်ငံရေးပဲ။ ကြက်ဥ ၃ လုံး ၁ ထောင် ဖြစ်သွားတာလည်း နိုင်ငံရေးပဲ။ ဘတ်စ်ကားတွေ ကြပ်/မကြပ်၊ လူတွေ စည်းကမ်းရှိ/မရှိ ဆိုတာလည်း နိုင်ငံရေးပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သူခိုးရန်၊ ဓားပြရန် ကြောက်ရ/မကြောက်ရ ဆိုတာလည်း နိုင်ငံရေးပဲ။ ရောဂါတစ်ခုခုဖြစ်လို့ ဆေးရုံသွားရမှာ ကြောက်နေတာ၊ ကိစ္စတစ်ခုခုရှိလို့ ရုံးပြင်ကနားသွားရမှာ ကြောက်နေရတာလည်း နိုင်ငံရေးပါပဲ။

ကိုယ်လုပ်မှကိုယ်စားရတာမှန်ပေမယ့် လုပ်အားနဲ့ထိုက်တန်တဲ့ လစာငွေ ရ/မရ ကွာခြားပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်နေရတာနဲ့ စိတ်ချမ်းချမ်းသာသာ နေထိုင်ရတာ ကွာခြားပါတယ်။ ကိုယ်အမှားမလုပ်ထားပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ကြောက်နေရတာနဲ့ ကိုယ်မှန်နေရင် သမ္မတကိုတောင် ကြောက်စရာမလိုတာ ကွာခြားပါတယ်။ အတိုချုပ်ပြောရရင် လူဖြစ်ရှုံးရတဲ့ဘဝနဲ့ လူဖြစ်ရကျိုးနပ်တဲ့ဘဝ ကွာခြားတယ် ဆိုတာပါပဲ။

အဲဒီ့လိုကွာခြားတယ်ဆိုတာ ဝဋ်ကြွေးတွေ၊ ကံတရားတွေနဲ့ မသက်ဆိုင်ပါဘူး။ အုပ်ချုပ်သူအစိုးရနဲ့သာ သက်ဆိုင်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်မှု(Good Governance) အပေါ်သာ မူတည်ပါတယ်။ အစိုးရကောင်းတစ်ရပ်၊ စနစ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဆုတောင်းနေရုံနဲ့တော့ မရနိုင်ပါဘူး။ "ဝဋ်ကြွေးပါလာလို့ ခံကြရုံပေါ့" ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။

ချစ်ခင်ရတဲ့ မိတ်ဆွေတို့အနေနဲ့ သဘာဝဘေး၊ မုန်တိုင်းဘေးကိုလည်း ဂရုစိုက်ကြပါ။ မျက်စိဖွင့်နားစွင့်ပြီး လုပ်စရာရှိတာတွေလုပ်ကြပါ။ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ကိစ္စကိုလည်း မမေ့ကြပါနဲ့။ မြန်မာပြည်ကို ဒုက္ခဆင်းရဲတွင်းထဲ အကြိမ်ကြိမ်တွန်းပို့နေတဲ့၊ မြန်မာပြည်သူပြည်သားတွေအပေါ် ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့ မိစ္ဆာတွေကို ဖယ်ရှားရှင်းလင်းပစ်ဖို့ကိုလည်း မမေ့ကြပါနဲ့။ ပြဿနာအားလုံးရဲ့ အဓိကဇစ်မြစ်(root cause) ကို သိဖို့လိုသလို၊ မေ့မသွားကြဖို့ အရေးကြီးပါတယ်။

တစ်ခါလာလည်း ဒီကိစ္စပဲလို့ မထင်လိုက်ကြပါနဲ့။ ဒီကိစ္စထက်အရေးကြီးတာ ဘာမှမရှိလို့ ဖြစ်ပါတယ်။ တိုင်းပြည်မှာ လူမှန်နေရာမှန်ဖြစ်သွားရင် ကျန်တဲ့ကိစ္စတွေ ဘာမှမလိုတော့ပါဘူး။ ဆရာဝန်က ဆေးကု၊ ကျောင်းဆရာက စာသင်၊ ဘုန်းကြီးက တရားဟော၊ အဆိုတော်က သီချင်းဆို။ အားလုံးဟာ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ကျေကြရင် နိုင်ငံဟာ မတိုးတက်စရာ ဘာအကြောင်းမှမရှိတော့ပါဘူး။

အခုလိုမျိုး ငှက်ပျောပင်စိုက်၊ ကြက်ဆူပင်စိုက်၊ဝက်မွေး၊ ကြက်မွေး၊ အမိန့်ပေးတတ်ရုံနဲ့ နိုင်ငံအုပ်ချုပ်လို့ရပြီထင်‌နေတဲ့ အာဏာရူးတွေ မရှိဖို့တော့ လိုတာပေါ့‌လေ။

အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေဗျာ။

(စာကြွင်း - တကယ်လို့ အဆင်ပြေရင် " အားလုံးပဲ ဘေးကင်းကြပါစေ" ဆိုတာလေး မန့်ပေးခဲ့ကြပါ)

မိုးခ
(14.5.2023)
50 PM