အဖမ်းခံရမှာကြောက်လို့ ကြည့်နေကြည့်စားနေရတယ်။ အရင်လောက် အင်တိုက်အားတိုက် မပါဝင်နိုင်တော့ဘူး။မိသားစုစားဝတ်နေရေးကတစ်ဖက် ရှိသေးတယ်။ ရေရှည်ကိုကြည့်ရမှာမို့ အရင်လောက် စိတ်ရှိသလို မလှူနိုင်တော့ဘူး .........
စတဲ့ စတဲ့ အကြောင်းပြချက်တွေ၊ အခြေအနေတွေကို အပြည့်အဝနားလည်ပါတယ်။ လက်ခံပေးပါတယ်။
ကိုယ်က တောထဲလည်း သွားမနေနိုင်၊ နယ်စပ်ကိုလည်း မပြေးနိုင်ဘူးဆိုရင် ပြည်တွင်းမှာနေသူတွေအဖို့ လုံခြုံရေးအန္တရာယ်ကို ဂရုစိုက်ရပါမယ်။ အဲလိုဂရုမစိုက်ရင် အဖမ်းခံရဖို့များတယ်မဟုတ်လား။
မီးတွေပျက်၊ ကုန်ဈေးနှုန်းတွေတက်၊ အလုပ်အကိုင်တွေရှားပါး၊ အရောင်းအဝယ်တွေမကောင်း၊ အစစအရာရာ အဆင်မပြေတဲ့ကာလမှာ အရင်လောက် မလှူဒါန်းနိုင်တော့တာကိုလည်း အပြည့်အဝ နားလည်ပါတယ်။ ကိုယ့်မိသားစုအရေး ကိုယ်ပဲတာဝန်ယူဖြေရှင်းရတာမဟုတ်လား။
လူဆိုတာ ဒုက္ခတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေမှ လောကကြီးထဲမှာ ရှင်သန်ကျန်ရစ်မှာမဟုတ်လား။
ဒါပေမယ့်.....
ဒုက္ခတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရင်း ဒုက္ခတွေနဲ့ အသားမကျသွားဖို့တော့လိုတယ်။ ဒုက္ခဖြစ်စေတဲ့အကြောင်းတရား ဇာစ်မြစ်(root cause) ကို မေ့မသွားဖို့လိုပါတယ်။
" ငါ ဘေးကင်းသွားပြီ/ ငါဘေးကင်းနေတာပဲ။
ငါ ထမင်းစားနေရတာပဲ/ စားဖို့သောက်ဖို့ရှိနေတာပဲ။ ဘာပူစရာရှိလဲ " ဆိုပြီး ဒုက္ခဖြစ်စေတဲ့အကြောင်းတရားကို မေ့သွားခဲ့ရင်၊ အဲဒီလိုလူတွေ များပြားခဲ့ရင် ဒီဒုက္ခသံသရာကြီးက ရှည်ကြာသွားလိမ့်မယ်။
မကြောက်နဲ့လို့ မဆိုလိုဘူး၊ ကြောက်ပါ။ တစ်ကိုယ်စာရှင်သန်ရပ်တည်နိုင်ဖို့ကိုလည်း အားထုတ်ပါ။ သို့သော် အကြောက်မလွန်ဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့တော့ မေတ္တာရပ်ခံချင်တယ်။
တော်လှန်ရေးကို မေ့မသွားကြဖို့၊ နေသာသလို မနေကြဖို့၊ သစ္စာမဖောက်ကြဖို့ သတိပေးချင်ပါတယ်။
နေသာသလိုနေကြတဲ့ အချောင်သမားတွေများပြား၊ ခဏလောက် လက်သီးလက်မောင်းတန်းပြီး ရေရှည် အမှတ်မရှိတဲ့သူတွေများပြားနေရင် အာဏာရှင်တွေ သက်ဆိုးရှည်နေပါလိမ့်မယ်။ အရင်ကလည်း သက်ဆိုးရှည်ခဲ့တာ အခုအချိန်ထိပဲမဟုတ်လား။
အဲဒါကြောင့် အရှက်ရှိကြပါ။ အမှတ်လည်းရှိကြပါ။ နိုင်ရာတာဝန်ကို ထမ်းကြပါလို့ တိုက်တွန်းချင်ပါတယ်။
"ငါတို့လည်း တော်လှန်ရေးအောင်ဖို့ ဘုရားမှာဆုတောင်းနေတာပဲလေ " ဆိုရုံနဲ့ မပြီးပါ။ ဘယ်အရာမဆို လက်တွေ့ကြိုးစားမှရပါမယ်။ လေနဲ့တော့ မရပါ။
လေနဲ့တိုက်ရင် လေထဲမှာပဲ အောင်နေလိမ့်မယ်။
လက်တွေ့ကြိုးစားမှ လက်တွေ့အောင်မြင်မှာ ဖြစ်ပါတယ်။
မိုးခ
(4.7.2023)
8:30 PM

