“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
🌝🌷🌝🌷🌝🌷🌝🌷🌝🌷🌝🌷🌝🌷🌝

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။

မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကသေကမ်ဗလဆရာကွီးက နတ်ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ်ဌနာဋပုတ်တဆရာကွီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။

ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။

အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။


-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】

image