" Stop Complaining, Start Doing ''

ဒီလူ ဘာဖြစ်လို့ လမ်းဘေး အမှိုက်ပုံမှာ အလုပ်လုပ်နေတဲ့ လူတွေကို ညဘက်ကြီး ထမင်းထုပ် လိုက်ဝေပေးနေတာလဲ ?

သူကိုယ်တိုင် အခု လက်ရှိ Australia က လွှတ်တော် အမတ်
တစ်ယောက် ။ Sydney မှာ နှစ်ကြိမ်တိတိ မြို့တော်ဝန်ရာထူး
တာဝန်ယူခဲ့ဖူးသူ။ ငွေရေးကြေးရေး အားဖြင့်လည်း ပြည့်စုံ
ကြွယ်ဝတဲ့သူ တစ်ယောက်။

ဒီလောက် ညစ်ပတ် နံစော်နေတဲ့ အမှိုက်ပုံ မှာ ဘာလုပ်နေတာလဲ?

သူ့နာမည်က ဂျေမီ ပါကာ ။ မိတ်ဆွေ တစ်ယောက်ရဲ့ မင်ဂလာ ဆောင် မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော် တို့ စပြီး ခင်မင်ရင်းနှီးခဲ့ ကြပါတယ်။ သူနဲ့ စပြီးစကားပြောကြည့်တာနဲ့ ဒီလူ မြန်မာပြည်က လူတွေကို အရမ်းချစ်တာ စပြီးသတိပြုမိတယ်။

နေပြည်တော် မှာ လယ်အသိမ်းခံရပြီး ထောင်ကျသွားတဲ့ ရွာသားတွေကို ကို့စားရိတ်ကိုစိုက် ပြီး လိုက်တွေ့တယ်၊
သူတို့အကြောင်းကို documentry flim ရိုက်ပြီး Australia မှာ
ပြန်ပြ ပြီး အကူညီယူပြီး ကျန်ခဲ့တဲ့မိသားစုတွေကို ထောက်ပံ့တယ်။
အပစ်မဲ့ အောက်ခြေဆင်းရဲသား ရွာသားတွေ ထောင်က လွတ်တဲ့
အထိ သူ ကြိုးစားခဲ့ပေးတယ်။

ပညာရေးစနစ် ကောင်းမှ ဒီနိုင်ငံက ဆင်းရဲတွင်းက လွတ်မယ်ဆိုတာတဖွဖွပြောနေသလို ၊ အပြောဘဲမဟုတ်ဘဲ ကိုယ်တိုင် လက်တွေ့ သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ထိုင်းမြန်မာ နယ်စပ်မှာ စာသင်ကျောင်းတွေဆောက်ပေးခဲ့တဲ့ သူတယောက်။

သူက နှစ်တိုင်း December ဆိုရင် သူ့ဘအဖေ နဲ့ အမေကို ခေါ်ပြီးမြန်မာပြည်ကို လာပါတယ်။ ၁၉၉၀ လောက်ကတည်းက ဆိုတော့အခု သူ ရန်ကုန်က်ိုရောက်တာ ဆယ်ကြိမ်ကျော်နေပါပြီ။

ဒီတစ်ခါတော့ သူ့အဖေနဲ့ သူ နှစ်ယောက်တည်းလာတော့ ကျွန်တော်လည်း သွားကြို ဖြစ်တယ်။ စကားစမြည် ပြောရင်းနဲ့ ကျွန်တော်လည်း အခုတစ်လော အားတဲ့အချိန် ညဘက်တွေမှာ စည်ပင်က အောက်ခြေဝန်ထမ်းတွေကို ထမင်းထုပ်ဝေ ဖြစ်တဲ့ ကိစ္စလေး.ပြောပြ ဖြစ်တယ်။

သူလည်း ဒီအစီအစဉ်လေးကို ချက်ချင်းစိတ်ဝင်စားပြီး ဘယ်အဖွဲ့အစည်းနဲ့ လူပ်တာလဲမေးပါတယ်။ ကျွန်တော် လည်း ဘယ်အဖွဲ့အစည်း၊ ဘယ်အထောက် အပံ့မှ မပါဘဲ ကို့ပိုက်ဆံနဲ့ကိုစိုက်ပြီးလုပ်ကြောင်း ၊ ညဘက် ကျွန်တော်တို့ အိမ်မှာ အေးဆေး နားနေတဲ့အချိန် ၊ အိပ်နေတဲ့ အချိန် တွေမှာ ယင်ကောင်တွေ ၊ ကြွက်တွေ၊အပုတ်အသိုးတွေ ကြားထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတဲ့သူတို့ကို ကျေးဇူးတင်တဲ့ အနေ နဲ့ ပေးကြောင်း ပြောပြ ဖြစ်ပါတယ်။

ဒါနဲ့ သူလဲ သနားကြင်နာတတ်တဲ့ သူပီပီ၊ သူလဲ အဲဒီလူတွေနဲ့
တွေ့ချင်တယ်ပြောပါတယ်။ သူ့အတွက် ဒါဟာ အရမ်း ထူးဆန်းနေတယ်။ ဒီအမှိုက်ပုံမှာနေတဲ့ ဝန်ထမ်းတွေက အစိုးရဝန်ထမ်းလဲမဟုတ်တော့ လစာလဲမရကြပါဘူး။
ဒါဆို ဘယ်လို ဝမ်းရေးဖြေရှင်းလဲ ဆ်ုတော့ ၊ လူတွေအမှိုက်လာပစ်ရင် သူတို့က အမှိုက်တွေထဲကနေမှ ပလတ်စတစ်တို့ ဘာတို့ကိုယူခွင့်လေးရပါတယ်။

ပုလင်းကွဲတွေ ၊ အပုတ်အသိုးတွေကြားထဲမှာညဥ့်နက် သန်းခေါင်အလုပ်လုပ် လို့ သူတို့ ပြန်ရတာက အမှိုက်တွေပါဘဲ ။

ဒါနဲ့ ကျွန်တော်တို့ Sunday ညဘက် ဆယ်နာရီသွားဖို့ စီစဉ်ခဲ့ကြ
ပြီး သွားခဲ့ကြ ပါတယ်။ မြန်မာပြည် ဆယ်နာရီက သူတို့ Sydney အချိန် ဆိုရင် သန်းခေါင်ယံ ၂ နာရီ ဆိုတော့ အရမ်းအိပ်ချင်နေကြပေမယ့် လိုက်လာခဲ့ကြပါတယ်။

တကယ့် အမှိုက်ပုံတွေ ကိုရောက်ပြီး လူတွေအလုပ်လုပ် နေကြတာ၊အမှိုက်ပုံဘေးမှာ မိသားစုတွေ ကလေးတွေနဲ့ အိပ်နေကြတာ မြင်ပြီးသူတို့ မျက်လုံးကျယ်ရုံတင်မကဘူး ၊ မျက်ရည်ပါဝဲ သွားကြပါတယ်

လှည်းတန်း နားက အမှိုက်သိမ်းနေတဲ့ ကောင်မလေး ဆိုရင် ဆယ်တန်းတက်နေတာ။ မနက်ကျောင်းတက်တယ် ၊ ညဘက်
မိသားစုကို ကူညီတယ်။ ကျွန်တော်တို့ ထမင်းဗူးလေးပေးလိုက်
တော့ အကုိတို့ မွေးနေ့လားတဲ့။ ကျွန်တော် တို့ လည်း စိတ်မကောင်းဖြစ်ရပါတယ်။ လူအများစုက မွေးနေ့ကျမှ ဆင်းရဲတဲ့ သူတွေကိုကူညီဖို့ သတိရကြတာများကြတယ်လေ။ ကျွန်တော် ကိုယ်တိုင်လဲမွေးနေ့မှာ လိုက်ဝေရင်းနဲ့ ဒီလူတွေကို သတိထားမိခဲ့တာပါ။

သူ့ကို ပြုံးပြရင်းနဲ့ မွေးနေ့မဟုတ်ကြောင်း၊ ဒီလို အေးနေတဲ့ အချိန်
မြို့တော်သာယာလှပဖို့ တစ်ထောင့် တစ်နေရာကနေ အလုပ်လုပ်ပေးနေလို့ ကျေးဇူးတင်လို့ တတ်နိုင်တာလေး လာလုပ်ပေးတါပြော ပြီး၊ စာကြိုးစားဖို့ မှာခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ဒီလို ကလေးမျိုးတွေကို ပညာရေးနဲ့ ပက်သက်ပြီး ကျွန်တော်တို့ တတ်နိုင်တာ ကူညိ်ီပေးဖို့လည်း ဆုံးဖြတ်ထားပါတယ်။

အင်းစိန်ဘက် ဆက်မောင်းရင်းနဲ့ အမှိုက်သိမ်းနေတဲ့ ကိုယ်ဝန်သည်တွေ ၊ ကလေးတွေ ၊ အဖိုးကြီးတွေ အများကြီးတွေ့ခဲ့ရပါတယ်။တစ်ယောက်ဆို ရင် အမှိုက်ပုံဘေးမှာ စောင်ခြုံရင်း တုန်နေတာတွေ့
လို့ ထမင်းဗူးပေးတာကို သူအရမ်းဖျားနေလို့ ထမင်းစားလို့မရလို့ပါ၊တခြားလူကို ပေးလိုက်ပါတဲ့ ။ ဆေးသောက်လားဆိုတော့ ဆေးမရှိဘူး။ ပိုက်ံဆံလဲမရှိဘူးတဲ့ ။ အတော် ဝမ်းနည်းစရာကောင်းပါတယ်။

ဒိပို့စ်က်ို ကျွန်တော် တင်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော့ မိတ်ဆွေများ မမြင်ရလို့ မသိရတဲ့ အခြေအနေ တွေကို မီးမောင်းထိုးပြချင်တာပါ။ အစိုးရက ဘာမှ မလုပ်ပေးဘူးလား တို့ဘာတို့ ကျွန်တော်Complain မတက်ချင်ပါဘူး။ သူတို့လဲသူတို့ တာဝန်တွေ၊ပြသနာတွေ နဲ့ အရာအားလုံး လိုက်မလုပ်ပေးနိုင်ပါဘူး။

ဘယ်သူလုပ်လုပ် မလုပ်လုပ် အကောင်းဆုံးက ကျွန်တော်တို့
ကိုယ်တိုင် ထလုပ်လိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။

မိတ်ဆွေလည်း အဝေးကြီး သွားစရာ မလိုပါဘူး။ အိမ်တိုင်း အမှိုက်ရှိကြပါတယ်။ အမှိုက်ပစ်တဲ့ အခါမှာ စားစရာလေး ဖြစ်ဖြစ်၊ အိမ်မှာပိုနေတဲ့ အနွေးထည် လေးဖြစ်ဖြစ် ၊ ကလေးလေးတွေကိုမုန့်ဖို့းပေးတာလေးဖြစ်ဖြစ် လုပ်ပေးချင်ရင် လုပ်လို့ရပါတယ်။

ကျွန်တော်တို့ မြန်မာပြည်သားတွေ ပေးကမ်းလှူဒါန်းနဲ့ နေရာမှာပြိုင်စံရှားပါ။ လူမျိုးတွေ ဘာသာတွေ မတူကြပေမယ့် ကျွန်တော်တို့အားလုံးမှာ တူညီတာက '' သနားကြင်နာမှုနဲ့ ၊ ရက်ရောစွာ ပေးကမ်း လှူဒါန်းတတ်တဲ့စိတ်ထားပါ ''။ ဘယ်နိုင်ငံနဲ့ မဆို ယှဉ်လို့ရပါတယ်။

နိုင်ငံခြားသားတစ်ယောက်တောင် ဘာမှပြန်လည် ရယူလိုမှု မရှိဘဲဒီလူတွေကို အချိန်ပေးပြီး မေတ္တာထားပြီး ကျေးဇူးတင်ကြောင်းပြောနေပြီ ဆိုတော့ ကျွန်တော်တို့လည်း ပိုပြီး လုပ်ဆောင်ဖို့အားရှိတာပေါ့။

အရင်က မသိလို့မပေးခဲ့မိတာကို စိတ်မကောင်းဖြစ်မနေဘဲ ၊ ဒီနေ့ကစပြီး ကျွန်တော်တို့ အနီးဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူတွေ ၊ ခက်ခဲနေသူတွေကိုယခင်ထက်ပိုပြီး ဂရုစိုက် မေတ္တာထားကြဖို့နှိုးဆော်ပေးချင်တာပါ။

ကျွန်တော်တို့ အလှူမခံပါဘူး။ ဘာသာရေးလဲ လိုက်ဆွယ်နေတာ မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်တွေ လျောက်
ပြောနေတာလည်းမဟုတ်ပါဘူး။

ရိုးရိုးရှင်းရှင်းနဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်လေး ကူညီနေကြတာပါ။ အပတ်တိုင်း Sunday ညဘက်မှာ သွားဖို့လည်း ကြိုးစားပြီးစီစဉ်နေပါတယ်။

ငွေအင်အားမလိုပါဘူး။ အလှူမခံပါဘူး။ လူအင်အားနဲ့ ကူညီချင်
ရင်တော့ ဆက်သွယ်ပေးပါဗျ။

လှူချင်သူများရှိရင်လည်း ကိုယ်တိုင် လက်တွေ့ကျကျ သွားပြီး
ပေးဖို့တိုက်တွန်းချင်ပါတယ်။ ကျွန်တော် အာမခံနိုင်တာ တစ်ခုကသင်သူတို့ကို ပေးပြီး အိမ်ပြန်တဲ့အချိန်မှာအိမ်ပြန်လမ်း တစ်လျောက် သင်လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲ
တွေ၊ ပြသနာတွေကို ခနတာ မေ့သွားပြီး ရင်ထဲမှာ
ဝမ်းမြောက်ပြီး ပီတိဖြစ်နေပါလိမ့်မယ်။

နောက်ဆုံး ဘာမှမတတ်နိုင်ရင်တောင် ဒီပို့စ်လေးကို ရှဲပေးပါ။
သင့် ရှဲ ကြောင့် တြိခားသူတွေ ဒီပို့စ်ကို မြင်ပြီး
ကိုယ်တိုင်သွားရောက် ကူညီတဲ့အခါမှာ ရတဲ့ ကုသိုလ်က သင်နဲ့
လည်းဆိုင်ပါတယ်။

အချိန်ပေးပြီး ဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။

Credit - SintNyi

image
image
image
image