#ခရစ်ယာန် ၁၀၀ ရာခိုင်နှုန်းနီးပါးနေထိုင်တဲ့ ကယန်းဒေသမှာ
ဗုဒ္ဓဘာသာဝင်ဆိုလို့ ဒေသကိုတာဝန်ကျတဲ့ ကျောင်းဆရာ ၊ ဆရာမ ၊ ရဲ ၊ ဆရာဝန် စတဲ့
ဝန်ထမ်းတွေသာ ရှိပါတယ် ။

ဝန်ထမ်းအနည်းငယ် ကိုးကွယ်ဖို့ ဘုန်းကြီးကျောင်းလေး
တစ်ကျောင်းတစ်လေ ရှိတယ်..။
ဒီဘုန်းကြီးကျောင်းတွေကို ဆွမ်းကပ်ရတာ ၊လှူရ တန်းရတာ နယ်ခံ ခရစ်ယာန်တွေက အများဆုံးလုပ်ပေးကြရှာပါတယ် ။
ရယ်ရတယ်သိလား ခရစ်ယာန်တွေဖြစ်ပေမယ့် အိမ်တက်ပရိတ်တရားနာတာတွေ ၊ စက်ပစ္စည်းတွေဝယ်တာတွေ ၊ခြံမြေဝယ်တဲ့အခါ မေတ္တာသုတ် ရွတ်ဖတ်ရတာတွေကိုဗုဒ္ဓဘာသာ ဘုန်းကြီးကိုပင့်ကြတယ်။ခရစ်ယာန်ဘုန်းကြီးကိုလည်း ပင့်ကြတယ်။

ကျွန်တော်မေးကြည့်တယ် ။
ခင်ဗျားတို့က ခရစ်ယာန်ဖြစ်တာကို ဘာလို့ဗုဒ္ဓဘာသာ ဘုန်းကြီးကို ပင့်ကြတာလဲဆိုတော့
'သူတို့ကိုလည်း အလှူငွေ ပေးချင်လို့ပါ..'တဲ့..။

တစ်ခါက ကယန်းတောင်တန်း ကသာသနာပြုဆရာတော်တစ်ပါး စေတီတည်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကယန်းခေါင်းဆောင်တစ်ဦးနဲ့ဆရာတော်
စကားများကြတယ် ၊ဘယ်လိုများကြတာလဲဆိုတော့
ဆရာတော် တည်မယ့် စေတီကို ကယန်းခေါင်းဆောင်က
သူ့စိတ်ကြိုက် တည်ချင်တာ..။
သူက ခရစ်ယာန်ပေမယ့် ဘုရား ဒကာ လုပ်ချင်တာ..။
'ဆရာတော်က စေတီ ဘယ်နှစ်ဆူတည်ဖူးလို့လဲ..တပည့်တော်က ကယန်းဒေသမှာ စေတီအများကြီး တည်ဖူးတယ်..'ဆိုပြီး စကားများကြသတဲ့..။
အံ့ရော..
ကယန်းဒေသမှာ ကျောင်းထိုင်ကြတဲ့ ဆရာတော်တွေဆီကို ဒေသခံ ခရစ်ယာန်မိသားစုတွေကသူတို့ကလေးတွေကို ပို့ပြီး
ဘုန်းကြီးကျောင်းသားလုပ်ခိုင်းကြပါတယ်။ ဆရာတော်ကလည်း ဒီကလေးတွေကို စောင့်ရှောက်ပြီးကျောင်းထားပေးတယ် တစ်ချို့ ဘွဲ့ရကုန်ကြပြီ။
အဲဒီလို ဘုန်းကြီးကျောင်းမှာသွားထားလို့ ခရစ်ယာန်ကလေးတွေ ဗုဒ္ဓဘာသာဝင် ဖြစ်မသွားကြပါဘူး၊ဘုန်းကြီးတွေကလည်း မင်းတို့ငါ့ဘာသာထဲဝင်ရမယ်လို့ အတင်းမဆွယ်ကြပါဘူး

ကျွန်တော်က ဆရာတော်နားကပ်ပြီး မေးကြည့်ဘူးတယ်..'အရှင်ဘုရားက တောင်တန်းသာသနာပြုတယ်ဆိုပြီး သူတို့ ခရစ်ယာန်ကလေးတွေကလည်း ဗုဒ္ဓဘာသာထဲမဝင်ကြပါလား..'ဆိုတော့
ဆရာတော်က ရှင်းပြတယ်..

'သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမကိုစောင့်ရှောက်ထိန်းသိမ်းတာကွ..
ဘုရားက ငါ့ဘာသာထဲအတင်းဝင်ရမယ် မဟောခဲ့ဘူး..
ဒီကလေးတွေ ကုသိုလ်ကိုချစ်ပြီး အကုသိုလ်ကိုမုန်းရင်ငါကျေနပ်ပြီ.. ဒီကလေးတွေအကောင်း အဆိုး အကြောင်း အကျိုး ခွဲခြားနိုင်ဖို့ဗုဒ္ဓဘာသာထဲဝင်မှရယ် မဟုတ်ဘူး..ပညာတတ်ဖို့ကအဓိကကွ.သူတို့ကို ပညာတတ်တွေဖြစ်အောင် ပညာသင်ပေးတာကသာသနာပြုတာပဲဟေ့..
သူ့ဟာသူ ဘယ်ဘာသာကိုးကွယ် ကိုးကွယ်ပေါ့ကွာ..' တဲ့ ။
ကျေနပ်စွာ သာဓုခေါ်ခဲ့ပါတယ်..

'သာဓု သာဓု သာဓု..'

အသက်ငယ်ငယ်နဲ့ ထူးချွန်ထက်မြက်တဲ့
ကယန်းစစ်ဦးစီးချုပ်နဲ့ ကျွန်တော် စကားပြောဖြစ်တယ်..
'ဆရာ့ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ
သာသနာလာပြုတာ ဆရာကြည်ဖြူရဲ့လားဗျ ' ဆိုတော့

ကျွန်တော့် အမေးကို ကယန်းစစ်ဦးစီးချုပ်ကပြန်ဖြေတယ်..။

'ကျေနပ်ပါတယ် ညီလေး..
သူတို့ လိုသမျှတောင် ငါအကုန်ထောက်ပံ့ပေးတယ် ...
သူတို့ကို ငါ့ဒေသမှာ ပျော်အောင်ထားတယ်..
သူတို့မရှိရင် ငါ့ဒေသကိုတာဝန်ကျတဲ့အစိုးရဝန်ထမ်းတွေ ဥပုသ်စောင့်တာမလုပ်နိုင်ဘူး..
လပြည့် လကွယ် ကုသိုလ် မလုပ်နိုင်ဘူးလေ..ငါတို့တောင် တစ်ပတ်တစ်ခါ ဘုရားကျောင်း တက်သေးတာသူတို့လည်း ဘုန်းကြီးကျောင်းသွားချင်မှာပေါ့ ' တဲ့ဗျာ ...

ကျေနပ်စွာ သာဓု ခေါ်ခဲ့ပါတယ်..

သာဓု သာဓု သာဓု..။

ဘာသာတိုင်းမှာ အစွန်းရောက်တွေရှိတာပေါ့..။
မွတ်စလင် အစွန်းရောက်
ခရစ်ယာန် အစွန်းရောက်
ဗုဒ္ဓဘာသာ အစွန်းရောက်
ဟိန္ဒူ အစွန်းရောက်...

ဘာသာ တစ်ခုနဲ့ တစ်ခု မတူကြပေမယ့်ဘာသာရေးအစွန်းရောက်တွေအကုန် မှာတူကြတဲ့အချက်ကတော့
ကိုယ့်ဘာသာကို ချစ်တာဗန်းပြပီး သူတစ်ပါးဘာသာကို နှိမ့်ချစော်ကား ဖျက်ဆီးဖို့ကြိုးစားနေကြတာဘဲ ။

ဘာသာအားလုံးရဲ့ ယေဘူယျတူညီကြတဲ့ လားရာကငြိမ်းချမ်းရေးပါ ။

### ဗုဒ္ဓဘာသာရဲ့ ဖြူစင်တဲ့ ပုံ ရိပ်ကို ညစ်နွမ်းစေသူအယောက်တိုင်းအား ( မည်သို့သောပုဂ္ဂိုလ်ကြီးဖြစ်နေပါစေ )ပြင်းပြင်းထန်ထန် ( ပြင်းပြင်းထန်ထန် ) ရှုံ့ချလိုက်ပါတယ် ###

#crd ကိုစိုးထိုက် ( ဖဒို )

image