လားရှိုးမြို့ကို ဝန်းရံခြင်း

ရှမ်းမြောက်ဒေသရဲ့ အဓိကမြို့ကြီးလဲဖြစ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ မြို့လဲ ဖြစ်တဲ့ လားရှိုးမြို့ကို ညီနောင်မဟာမိတ်တွေ နဲ့ တော်လှန်ရေး အင်အားစုတွေက တဖြည်းဖြည်း ဝန်းရံ ပိတ်ဆို့လျက်ရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစမှာ မူဆယ် နဲ့ လားရှိုး ပြည်ထောင်စု လမ်းမကြီးကို ညီနောင် မဟာမိတ်တွေက ပိတ်ဆို့လိုက်သလို နောင်ချို၊ ပြင်ဦးလွင် စတဲ့ ဒေသတွေကလဲ အဆင့်ဆင့် ပိတ်ဆို့လိုက်ပါတယ်။ စစ်ဆင်ရေး စတင်ပြီးလို့ နှစ်လကျော်ကြာလာတဲ့အခါ လားရှိုးမြို့ ကို ဝန်းရံထားမှုဟာ ပိုမို ပုံပေါ်လာပါတယ်။ လားရှိုးအနီးက မြို့တွေ၊ ဒေသတွေ ကို ညီနောင် မဟာမိတ်တွေ သိမ်းပိုက်မှု ပိုမိုများပြားလာပါတယ်။

နှစ်သစ်ကူးည ဖြစ်တဲ့ ၂၀၂၃ ခုနစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ လားရှိုးမြို့နဲ့ (၇) မိုင်သာ ကွာတဲ့ လားရှိုး-နမ္မတူ လမ်းပေါ်က အီနိုင်းတံတား ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ လားရှိုး နဲ့ စကခ(၁) ရှိရာ ကျောက်မဲ မြို့ကြား မှာ ရှိတဲ့ သီပေါမြို့နယ် မိုးတေတံတား ကိုလဲ ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဖျက်ဆီးလိုက်ပါတယ်။

လားရှိုး မြို့ အနီး အနောက်မှာ ရှိတဲ့ နမ္မတူ နဲ့ နမ့်ဆန် မြို့ကို တအာင်း TNLA က သိမ်းပိုက်ထားပြီးဖြစ်သလို အရှေ့ဘက်မှာရှိတဲ့ အရေးပါတဲ့ မိုင်းကျက်ဗျူဟာ စခန်းကိုလဲ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ မြောက်ဘက်မှာရှိတဲ့ သိန္နီ နဲ့ ကွတ်ခိုင်၊ မူဆယ်ဒေသကိုလဲ ညီနောင် မဟာမိတ်တွေက စိုးမိုးထိန်းချုပ်ထားပါတယ်။ ဒါကြောင့်မို့လို့ လားရှိုးမြို့တောင်ဘက် မိုင်းရယ်၊ တန့်ယန်းဒေသဘက်ပဲ ဆက်သွယ်ရေး လမ်းကြောင်းပွင့်နေပါ‌တော့တယ်။

အဲဒီလိုကာလ ရှည်ကြာ ပိတ်ဆို့ခံနေရပေမယ့် လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ မြေပြင်လမ်းကြောင်းတွေကို အကြမ်းဖက်စစ်တပ် အနေနဲ့ ပြန်လည် ဖွင့်လှစ်နိုင်မယ့် ပုံမပေါ်ပါဘူး။ ဒီအတွက်ကြောင့် လားရှိုး မြို့ကို တော်လှန်‌ရေး အင်အားစုတွေ ပိတ်ဆို့မှု အချိန်ကြာလာတာနဲ့အမျှ တိုးပွားလာမှာဖြစ်ပြီး လားရှိုးမြို့နယ် အခြေစိုက် စစ်တပ်တွေ အနေနဲ့ လက်နက်ချ မလား၊ ရိက္ခာ၊ စစ်ကူ ဖြတ်တောက်ခံရပြီး ချေမှုန်းခံမလား ဆိုတဲ့ လမ်း (၂) လမ်းထဲက (၁)လမ်းကို မကြာခင် ရွေးခြယ်ရတော့မှာ ဖြစ်ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့လားရှိုး မြို့သာ မကဘဲ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မုံရွာမြို့ဟာလဲ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ တဖြည်းဖြည်းခြင်း ဝန်းရံ ပိတ်ဆို့မှု ခံနေရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ တောင်ငူ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မော်လမြိုင်တို့ဟာလဲ ခုခံတော်လှန်စစ် အရှိန်မြှင့်လာလေ ပိုမို ပိတ်ဆို့ခံရနိုင်ခြေ ရှိနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။

#pdfinsight

image