ရှင်ရောက်လာရင် မိတ်ဆက်ပေးဖို့ ကျွန်မ သနားစရာ ကျောက်တုံးလေးတွေ စုထားပေးတယ်။ ကျွန်မ ညောင်ရေအိုးလဲတဲ့ ရေတိုင်ကီနားမှာပေါ့။ သူတို့ကို ရေနဲ့ နီးနီး ထားပေးရတယ်။ သူတို့ ဘယ်ကလာတာလဲ ရှင်မသိပါဘူး။
ရေအားလျှပ်စစ် စီမံကိန်း အခုထိ မရပ်သေးဘူးလို့ သတင်းထွက်နေတဲ့ ဧရာဝတီမြစ်ဆုံက ကျောက်တုံးလေးတစ်ခု။
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းဖို့အတွက် ဆောက်လုပ်ရေးတွေ အကြီးအကျယ်လုပ်နေတဲ့ ကျောက်ဖြူ မဒေးကျွန်းက ကျောက်တုံးလေးတစ်ခု။
ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်ရဲ့ သောင်တင်နေတဲ့ ကမ်းခြေက ကျောက်တုံးလေးတစ်ခု။
နမ့်တောရွာဘေးက ရွှေတူးလို့ ပျက်စီးသွားပြီဖြစ်တဲ့၊ မည်ကာမတ္တပဲ ကျန်တော့တဲ့ ဥရုမြစ်ဆီက ကျောက်တုံးလေးတစ်ခု။
အဲဒီကျောက်တုံးလေးတွေကို ကျွန်မကတော့ အိပ်မက်ကျောက်တုံးလေးတွေလို့ ခေါ်တယ်။
ညကျရင် မအိပ်ခင် ကျောက်တုံးလေးတွေကို ရေလောင်းပေးပြီး စကားပြောခဲ့ရင် အိပ်ပျော်တဲ့အခါ အိပ်မက်ထဲမှာ သူတို့က ရှင့်ကို စကားလာပြောလိမ့်မယ်။ ရေစီးသံကို ရှင်ကြားလိမ့်မယ်။ အဲဒါက တစ်ချိန်တုန်းက သူတို့ကိုယ်ပေါ်မှာ ဖြတ်သန်းစီးဆင်းခဲ့ဖူးတဲ့ ရေကြည်ကြည်တွေရဲ့ အသံပေါ့။
သူတို့စကားသံတိုးတိုးကို ရှင်ကြားလိမ့်မယ်။
အဲဒါဟာ သီချင်းတစ်ပိုင်းတစ်စလည်းဖြစ်နိုင်တယ်။
#ဂျူး

