ငယ်ငယ်တုန်းက သင်္ချာဖြေရင်လေ...
ကျမ တီချယ်ကမှာတယ်။ Multiple choice မေးခွန်းတွေကို နောက်ဆုံးမှ ဖြေ၊ အပုဒ်ကြီးတွေမှာလည်း ရတဲ့အပုဒ် အရင်ဖြေ တဲ့။
တီချယ့်စကားကို ကျမ အပြည့်အဝနားထောင်တယ်။ ၅ မှတ်တန်လောက်နီးနီး ချတွက်ရပြီး ၂ မှတ်ပဲရမယ့် multiple choice မေးခွန်းတိုတွေ နောက်ဆုံးမှ ကျမ ဖြေတယ်။ အမှတ်များတဲ့ အပုဒ်ကြီးတွေမှာလည်း ပိုင်တဲ့အပုဒ် အရင်ဖြေတာပဲ။ မရလောက်ဘူးထင်ရင် ခေါင်းထဲကပါ ခဏထုတ်ထားတယ်။ ပိုင်တာတွေ ဖြေပြီးလို့ အချိန်ပိုရင် ကြိုးစားကြည့်တယ်။ မပိုရင် လာဒီဂိုး (let it go) ပဲ။
သိပ်မရတဲ့အပုဒ်ကို ထိုင်စဉ်းစားရင်း အချိန်ကုန်တာမျိုး၊ ခေါင်းရှုပ် ပြာယာခတ်သွားတာမျိုး ကျမဘဝမှာ မဖြစ်ဖူးသလောက်ပဲ။ မရတဲ့အပုဒ်ဆီ စိတ်ရောက်နေလို့ ပိုင်တဲ့ဟာမှာပါ ထစ်သွားတာမျိုးလည်း ဖြစ်ခဲတယ်။ အမှတ်ပြည့်မရလို့ လောင်ရတဲ့အဖြစ်မျိုးဆို လုံးဝမဖြစ်ဖူးဘူး။ သည်လိုပြောလို့ အမြဲ အမှတ်ပြည့်တယ်မထင်ကြနဲ့ဦး။ အမှတ်ပြည့်ရဖူးတဲ့စာမေးပွဲ မရှိသလောက်ကိုနည်းခဲ့တာ (မရဖူးတော့ လောင်ရကောင်းမှန်း မသိတာမျိုးထင်ပါရဲ့ 😁 )
သူများတွေ စာမေးပွဲခန်းအပြင်ရောက်လို့ အဖြေတိုက် ငြင်းခုန်နေချိန် မိုင်ခိတို့က လက်ထဲကလွတ် ဗြွတ်။ ကိုကိုဆို တွက်လာသမျှအဖြေ မှတ်ခဲ့ပြီး သူ့ဂိုက်ဆီမှာ ထပ်အစစ်ခံရတာ။ မေမေ့ပုံသွင်းမှုတွေလေ။ ကျမကိုလည်း အဲ့ပုံစံလုပ်ခဲ့တာပဲ။ လေးတန်းလောက်အထိတော့ စိတ်ညစ်ညစ်နဲ့ လုပ်မိသေးတယ်။ နောက်တော့ ဒါကြီးက လိုမှမလိုဘဲလို့ တွေးမိလာရော။ မှန် မမှန် စစ်ပေးဖို့က ကိုယ့်အလုပ်မှမဟုတ်တာ နော့။
သည်လိုနဲ့ ငါးတန်းနှစ်ရဲ့ ပထမဆုံးစာမေးပွဲမှာ အဖြေမှတ်မလာဘဲနေကြည့်လိုက်တယ်။ မေမေ မရိုက်ဘူး (ရိုက်လည်း ခံဖို့ ဆုံးဖြတ်ထားပြီးသား)။ အဲ့နောက်ပိုင်းကတည်းက မေမေ့ခမျာ မိုင်ခိရဲ့မေးခွန်းလွှာတွေမှာ ခဲတံခြစ်ရာကလေးတို့လာတာတောင် မမြင်ရတော့တာပဲ။
အဲ့အကျင့်ကလေးက ငယ်စဉ်ဘဝရဲ့ သင်္ချာစာမေးပွဲအတွက်သာမဟုတ်ဘူး၊ ဘဝခရီးတလျှောက်လုံးအတွက်ပါ အသုံးတည့်ခဲ့တာ။
လူ့ဘဝကို စာမေးပွဲလိုပဲ ကျမတွေးတယ်လေ။ မေးခွန်းလွှာ လက်ထဲရောက်ချိန် (လူ ဆိုတဲ့ဖြစ်တည်မှုနဲ့ အသိတရား စချိန်) ကနေ အဖြေလွှာ သိမ်းမသွားခင် (ဦးနှောက်နဲ့ နှလုံး အလုပ်ရပ်မသွားခင်) အချိန်အထိက ကိုယ့်အပိုင်၊ ကိုယ့်ဂွင်ပဲ။
လုပ်ရမှာတွေထဲကနေ လုပ်နိုင်တာကို ဦးစားပေးတယ်။ တတ်နိုင်သေးရင် လုပ်နိုင်မယ်ထင်တဲ့အရာတွေ ကြိုးစားလုပ်တယ်။ ဘယ်လိုမှ မဖြစ်နိုင်တာတွေအတွက်ကတော့ လာဒီဂိုးပါ။
(လာဒီဂိုး ဆိုတာလေးက ဆရာမစပယ်ဖြူနုရဲ့ စကားလုံးပါ၊ #အယ်နီ ဖတ်ဖူးသူတွေ သိလိမ့်မယ်)
#khaing 🌻
5th, January 2024.

