🖤 ဘဝအမှောင်🖤
📓📓📓📓📓📝မိုးမိုး(အင်းလျား)📝

အများတကာက ဘဝကို သုညနှင့် စသည်ဟု ဆိုကြပါလျှင် ကျွန်မဘဝကို အနုတ်နှင့် စခဲ့ရသည်ဟု ဆိုရပေဦးမည်။ ကျွန်မ၏အမေသည် ကျွန်မကို မွေးဖွားပြီးချိန်တွင် သေဆုံးခဲ့ရပြီး ကျွန်မ တစ်နှစ်သမီး မပြည့်မီပင် အဖေ ဆုံးပါးခဲ့သည်။ ထို့ကြောင့်လည်း ကျွန်မကို 'ခိုက်တတ်သည်'ဟု ဆိုကာ မည်သည့်အဒေါ်၊ ဦးလေး၊ ဆွေမျိုးကမှ မကျွေးချင်၊ မမွေးချင်ကြ၊ လက်မခံချင်ကြတော့။ ကျွန်မ၏ဝဋ်ကြွေးပဲလား၊ သူတို့၏အယူသီးမှုပင်လား မပြောတတ်ပေ။

ကျွန်မသည် အိုမင်းလှပြီဖြစ်သော အဘိုးနှင့်အတူ နေခဲ့ရသည်။ အိမ်တွင် စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးသည်။ လိမ္မာရေးခြားရှိအောင် ဆုံးမသည်။ သို့သော် အဘိုးမှာ ဇရာဖိစီးခဲ့လေပြီ။ အဘိုးဆုံးပါးချိန်ဝယ် ကျွန်မ ၁၆ နှစ်သမီး အရွယ်သာ ရှိသေးသည်။ ကျွန်မ၏ဘဝနှင့်အလှသည် လူ့လောကကို စူးစမ်းဆဲပင် ရှိပါသေးသည်။ သို့သော် ကျွန်မသည် ဆေးလိပ်ကိုလည်း ကောင်းကောင်း လိပ်တတ်ခဲ့ပြီ။ ကောက်စိုက်ရမည်ဆိုလည်း စိုက်တတ်ပြီ။ စပါးသယ်ရမလား၊ စျေးရောင်းရမလား၊ ကျွန်မ တစ်ဝမ်းတစ်ခါးကို ကျွန်မ ရှာစားနိုင်ပါပြီ။ ထိုအချိန်တွင်ပင် ကျွန်မကံကောင်းသည်ဟု ဆိုရမလား၊ ကံဆိုးချင်လို့ဟု ဆိုရမလားမသိ။ ကျွန်မအမေ၏ အစ်မဝမ်းကွဲဖြစ်သူ ကြီးကြီးမေက ကျွန်မကို လာခေါ်ပါတော့သည်။

မိရင်မြိုင်၊ ညည်းလဲ အပျိုအရွယ်လေး၊ တစ်ယောက်တည်းနေလို့ မသင့်တော်ဘူး၊ ငါ့အိမ် လာနေ၊ မိလှကြင်နဲ့လဲ အဖော်ရအောင်

ထိုနေ့မှစ၍ ကျွန်မ ကြီးကြီးမေအိမ်ပေါ်သို့ ရောက်ခဲ့ပါသည်။ လှကြင်သည်လည်း ကျွန်မကဲ့သို့ပင် ကြီးကြီးမေ၏တူမတစ်ယောက်ပင်ဖြစ်သည်။ သူ့တွင် မိဘများရှိသော်လည်း ကြီးကြီးမေက ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားထားခဲ့၏။ လှကြင်သည် တစ်အိမ်လုံး၏တာဝန်ကို ယူရသော ကြီးကြီးမေ၏ လက်ကတုံးတောင်ဝှေးကြီး ဖြစ်ပါသည်။

ကျွန်မရောက်လာသည့်အတွက် လှကြင် အလွန်ပျော်နေ၏။ ကျွန်မအတွက်လည်း လှကြင်နှင့်အတူနေခဲ့ရသော နေ့ရက်များသည် ကျွန်မဘဝအတွက် အပျော်ဆုံးနေ့ရက်များ ဖြစ်ခဲ့ရပါသည်။ ကျွန်မ ဆေးလိပ်လည်း မလိပ်ရတော့၊ ကောက်လည်း မစိုက်ရတော့။ ကြီးကြီးမေက ကျွန်မကို ဘာမျှ အလုပ်မခိုင်းပေ။ လှကြင်နှင့်အတူ အိမ်မှုကိစ္စများကိုသာ ဝိုင်းကူလုပ်ရသည်။ တစ်ခါတရံ ကြီးကြီးမေက ကျွန်မကို ပို၍ အရေးပေးတတ်သည်ဟုပင် ထင်မိပါသည်။

ရော့ မိရင်မြိုင်၊ အဲဒီပိတ်စလေး ချုပ်ဝတ်၊ ဖြီးဖြီးလိမ်းလိမ်း နေစမ်းပါအေ၊ ညည်းမလဲ

ထိုအခါမျိုးတွင် ကျွန်မသည် လှကြင်ကို များစွာ အားနာလှပါသည်။ လှကြင်ခမျာ မီးဖိုချောင်ကိစ္စ၊ အိမ်ကိစ္စတွေကိုသာ ဖိလုပ်နေရသည်။ ကြီးကြီးမေက ဆယ်ခါတစ်ခါ မျက်နှာသာ မပေးတတ်ချေ။ လှကြင်သည် ကျွန်မနှင့်စာလျှင် ကြီးကြီးမေနှင့် ဆွေမျိုးပိုရင်း၏။ သို့ကြောင့်ပင် ဆန်ရင်း နာနာဖွပ်လေသလား မပြောတတ်ပါပေ။ လှကြင်ကာ ရုပ်ဆိုးသလောက် သဘောအလွန်ကောင်း၏။

'မမမြိုင်နဲ့ အဲဒီအစလေးနဲ့ သိပ်လိုက်တာပဲ၊ မမက ဖြူလဲဖြူ၊ ဝလဲဝတော့ သိပ်ခန့်တာ၊ သူဌေးကတော်ရုပ်၊ သူဌေးကတော်ဖြစ်ရင် လှကြင်ကို မမေ့နဲ့နော်'

'မြှောက်မနေစမ်းပါနဲ့ လှကြင်ရယ်၊ လှကြင်ကလဲ ဘာမှ မပြုမပြင်ဘဲ နေတာကိုး၊ တကယ်တော့ အသားညိုချောပါ'

ကျွန်မကလည်း ပြန်၍ နှစ်သိမ့်လိုက်ရပါသည်။

ကျွန်မတို့နှစ်ယောက်မှာ ညီအစ်မအရင်းသဖွယ် ချစ်ချစ်ခင်ခင် ရှိခဲ့ကြပေသည်။ လှကြင်သည် အစစအရာရာ ကျွန်မကို ညှာပေသည်။ ကျွန်မသည် ကြီးကြီးမေ၊ လှကြင်တို့နှင့်အတူ တစ်သက်လုံး မခွဲမခွာနေသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့သော် အချိန်ကာလကလေးသည် ကျွန်မဘဝအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်စေရန် အားယူနေသောနေ့များ ဖြစ်ခဲ့သည်ကို ကျွန်မ သတိမထားမိခဲ့ပါပေ။

ကြီးကြီးမေသည် သနပ္ပင်စျေးထဲတွင် ကုန်စုံဆိုင်ဖွင့်ထားသည်။ အနီးအနားကျေးရွာများမှ လူများသည်လည်းကောင်း၊ သနပ္ပပင်မြို့ပေါ်မှ လူများသည်လည်းကောင်း၊ ကြီးကြီးမေ၏ကြွေးမြီ၊ ကြီးကြီးမေ၏ကျေးဇူးနှင့် ကင်းသူ နည်းလေသည်။ ကြီးကြီးမေ၏ တင်းမာသောမျက်နှာထား၊ ကြမ်းတမ်းသော အပြောအဆိုတို့ကြောင့်လည်း ကြီးကြီးမေ၏အကြွေးကို မဆပ်ဘဲ နေဝံ့သူမရှိပါပေ။ ကြီးကြီးမေကား သနပ္ပင်မြို့တွင်သာမက ပဲခူးမြို့ပေါ်မှ အရာရှိငယ်၊ ကုန်သည်သူကြွယ် စသည်တို့နှင့်လည်း ဝင်ဆံ့သူဖြစ်၏။ ကြီးကြီးမေ၏အိမ်သို့လည်း နေ့စဉ် အဝင်အထွက် အပေးအယူပြုမှုများသည် များလှချေသည်။ လာသမျှဧည့်သည်များကို လက်ဖက်၊ ကွမ်း၊ ဆေး စသည် ထွက်၍ဧည့်ခံရသည်မှာ ကျွန်မပင်ဖြစ်၏။ ကျွန်မတို့ကို ကြီးကြီးမေက စျေးဆိုင်တွင် မခိုင်းပေ။ ဆွေမျိုးထဲမှ လူငယ်နှစ်ယောက်နှင့် လွှဲထားသည်။ ကြာသော် ကျွန်မသည် နေ့စဉ်လာသမျှ ဧည့်သည်များကို မျက်မှန်းတန်းမိလာ၏။ သူတို့၏မျက်လုံးများသည် ကျွန်မချပေးသော စားစရာများထက်၊ ကျွန်မ၏မျက်နှာလှလှလေးထက် ကျွန်မ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့သာ ရောက်သွားတတ်ပေသည်။ သည်အဖြစ်ကို ကျွန်မ အရွံမုန်းဆုံးဖြစ်၏။

ကျွန်မ အိမ်ရှေ့ထွက်ရန် ငြင်းဆန်တိုင်း ...
ငါက လူတောတိုးအောင် ထုတ်ပေးတာ လူကြီးလူကောင်းတွေနဲ့ ဝင်ဆံ့အောင်လို့ဟဲ့၊ မိဘကလဲ မရှိလို့ ညည်းကို ငါ စိတ်မချဆုံး၊ ပြီး တော်ရုံလူတွေနဲ့ ဆက်ဆံတာလဲ ငါ မကြိုက်ဘူး'

သည်သို့လျှင် ကြီးကြီးမေက ကျွန်မကို ဆုံးမသလိုလိုနှင့် ကျွန်မ၏ဆုံးဖြတ်မှုနယ်ပယ်ကိုပါ ကန့်သတ်ပေးခဲ့လေသည်။ အောက်တန်းစာရေးကလေး ကိုမြင့်လှိုင်နှင့် ကျွန်မ ရင်းရင်းနှီးနှီး ဆက်ဆံနေသည်ကိုလည်း ကြိုက်ဟန်မတူပေ။ ကြီးကြီးမေ အရေးပေးဆုံး လူတစ်ယောက်သည်ကား ပဲခူးမြို့ပေါ်မှ အရေးပါအရာရောက်သူတစ်ဦးဖြစ်သည့် ဦးလှမောင်ပင်တည်း။

မောင်လှမောင်ဟာ သိပ်သဘောကောင်းတာပဲ

ဟဲ မိရင်မြိုင်၊ ညနေ မောင်လှမောင်လာလို့ ငါမရှိရင် သူကြိုက်တတ်တဲ့ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလေး ချပေးလိုက်နော် စသည်ဖြင့် ဦးလှမောင်အကြောင်းကို ပါးစပ်မှ မချတတ်ပေ။ ဦးလှမောင်သည် အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနှင့် ကြည့်ကောင်းသူသာ ဖြစ်၏။ အထူးသဖြင့် ဦးလှမောင်သည် အပြောကောင်းသည်။ တစ်ဖက်သားကို နားဝင်ချိုအောင် ပြောတတ်သည်။ စိတ်ရင်းလည်း ကောင်းပုံရပါ၏။ သို့သော် ဘာကြောင့်မှန်းမသိ။ ကျွန်မ သူ့ကို ကြောက်သည်။ သူ့အကြည့်သည် စူးစူးရဲရဲနိုင်လှသည်။ သူ့အတွက် အစားအသောက်တစ်ခုခုကို သွားချပေးတိုင်း သူသည် ကျွန်မကို တစ်ကြောင်းမဟုတ်တစ်ကြောင်း စကားစရှာ၍ ပြောတတ်ပေသည်။

မြိုင် မနေ့ကဖျော်ပေးတဲ့ လက်ဖက်ရည်လေးက သိပ်ကောင်းတာကွယ်၊ အဲဒီလို ခပ်ကျကျလေးမှ ကိုကြီးက ကြိုက်တာ၊ မြိုင့်ကြီးကြီးမေကော ဘယ်သွားလဲ

- ဆက်ရန်